ယူကလစ်နှင့် ကျွန်တော်တို့စိုက်ခင်းများ

Khant Zaw Htet     19/01/2018 11:44 AM     Content Provider - Greenway
Photo - ခန့်ဇော်ထက်

ယူကလစ်မှာ သမိုင်းကြီးကြီး မားမားတွေ ရှိသလို ပြသနာကြီးကြီးမားမား ရှိနေပါတယ်။ ကောင်းခြင်း ဆိုးခြင်းကို ယှဉ်တွဲနေတဲ့ အပင်ဆို မှားမယ်မထင်။ သမိုင်းကိုလေ့လာကြည့်ရင် လွန်ခဲ့တဲ့ နှစ် ၆၀ ဝန်းကျင်လောက်က Iseral လိုနိုင်ငံမှာ ဖုန်းဆိုးမြေ ဖြစ်လို့ ရာသီဥတု တည်မြဲမှုမရှိတဲ့ ဒေသ ရေကြမ်းမြေကြမ်းများမှာ ဇီဝမျိုးကွဲ (Biodiversity) ပြောင်းလဲဖို့ လူနဲ့ တိရိစ္ဆာန် အပင်တွေရှင်သန်ဖို့ အတွက် ရေ ရာသီဥတုအတွက် ပထမအဆင့် ကြီးမြန်တဲ့ ယူကလစ်ကို တောတွေ တည်ထောင်ခဲ့ပါတယ်။ ရွှံ့ညွန်တောတွေက ရေတွေခန်းခြောက်ပြီး အရိပ်ရပြီး ရာသီမျှခြေ တခုအတွက် ၁၀နှစ်အတွင်း ပြောင်းလဲနိုင်မယ့် သစ်တော အတုတွေ ပထမ ဖန်တီးပြီး ၂နှစ် အတွင်းမှာ နောက်ထက် သီးနှံသစ်တော ရောနှောစိုက်ခင်း (Agroforestry) တခုဖြစ်အောင် ဖန်တီးကြပါတယ်။ ပြီးတော့မှ ဆက်လက်ပြီး နိုင်ငံ ထူထောင်ရေးလုပ်တဲ့ ရာဇဝင် ရှိခဲ့ဖူးပါတယ်။ အီသီယိုးပီးယားလို ငတ်မွတ်ခေါင်ပါးမှု အများဆုံးဒေသတွေမှာ ယူကလစ်ကနေ ထင်း သစ်သား အိမ်ထောင်ပရိဘောဂ သင်္ဘောဆေး စက္ကူ အထပ်သား လုပ်ဖို့ စက်မှု ကုန်ကြမ်းသီးနှံ အတွက် စားဝတ်နေရေး ဖြေရှင်းဖို့ သစ်တောတွေကို စိုက်ပျိုးလို့ မရတဲ့မြေတွေ တောင်ကတုံးတွေ မှာ တည်ထောင် ခဲ့တာမျိုးလည်း ရှိပါတယ်။

တရုတ်မှာဆိုရင်လည်း ထိုနည်းလည်းကောင်း ထင်း အထပ်သား စတာတွေအတွက် တည်ထောင်ခဲ့တဲ့ သမိုင်းလှလှတွေ ရှိပါတယ်။ ဒါပေမယ့် ဒီသမိုင်းလှလှတွေကို ဖျက်စီးနေတဲ့ ပြသနာတွေကလည်း တထွေးကြီးဖြစ်နေပါတယ်။ ဒီထဲက သမိုင်း မလှမပဖြစ်ခဲ့တဲ့ မြန်မာပြည်က အကြောင်းတရားလည်း ရှိပါသေးတယ်။ ဆိုရှယ်လစ်ခေတ် ဦးနေဝင်းလက်ထက်မှာ တနိုင်ငံလုံး ယူကလစ် စီမံကိန်း လုပ်ခဲ့ဘူးပါတယ်။ ထူးထူးခြားခြားဖြစ်စဉ်က ပြင်ဦးလွင် ဒေသမှာ ရေထွက်အချို့ ရေခန်းတာ ကြောင့် စီမံကိန်း ရပ်တန့်ခဲ့သလို လားရှိုး အထက် တောင်ပေါ် ပတ်ဝန်းကျင်မှာလည်း ရေအိုင်ခန်းလို့ ယူကလစ်တွေ ပြန်ခုတ်တာတွေ သမိုင်း မလှမပ ရှိခဲ့ဖူးပါတယ်။

အဓိက ပြသနာတွေက ရေစုပ်ယူမှုများခြင်း ရေလိုအပ်ချက်များခြင်း မြေဆီလွှာ ဖျက်စီးခြင်း ရေတွင်းများ ရေခန်းခြောက်ခြင်း အနီးရှိ စိုက်ခင်းများတွင် အပင်ပေါက်နှုန်း အထွက်နှုန်း ကြီးထွားမှု အနှောင့် အယှက်များကြောင့် ဖြစ်ပေါ်လာတဲ့ Agroforestry ပြသနာ Aelollopathic ခေါ်တဲ့ ဓာတ်ကြွင်း ပြသနာ တွေကြောင့် ယူကလစ်ကို စိုက်သင့် မသင့် တွေးစရာများလာပါတယ်။

နောက်ပြီး ယူကလစ် ဆိုးကျိုးဘက်ကို သစ်တော ဘက်ကနေ ဆက်လက် ဆန်းစစ်ကြည့်ရအောင်ပါ။ သစ်တောတခုရဲ့ ဂေဟစနစ် စပ်ဆက်မှုကို ဦးစွာကြည့်လျှင် အပင် တီ မှို အဆင့်နိမ့် အကောင်ငယ်များ အသားစား အကောင်များ လူ စသဖြင့် တခုနှင့်တခု ဆက်စပ်လျှက်ရှိနေပြီး အုပ်စုတခု ပျောက်ကွယ်လျှင် ကျန်သော အုပ်စု များ တဖြည်းဖြည်းကွယ်ပျောက်မှာ ဓမ္မတာပင်ဖြစ်သည်။ တောတွေ ခုတ်လို့တောတွေ ပြုန်းစပြုလာပြီ။ သားရဲတိရိစ္ဆာန်တွေ ရှားပါးပြီး မျိုးတုန်း စပြုလာပြီ။ တောတောင် ပြန်လည် ထူထောင်ရေးအတွက် ယူကလစ်ကို ကြီးမြန်စေတဲ့အတွက် စိုက်ပျိုးလာကြတယ်။ ဒါပေမယ့် ယူကလစ်အပင် အမြစ်က ၅ စက္ကန့်အတွင်း မြေပေါ်ကနေ မြေအောက် ဆင်းလာတဲ့ရေကို ကွယ်ပျောက်အောင် စုပ်ပစ်နိုင်တယ်။ ရေရှိတဲ့ရေထွက်တွေ ရေအိုင် ရေတွင်းတွေဆီကို ပေ ၃၀အထိ ယူကလစ် အမြစ်တွေက အရောက်သွားသလို ရေတွင်းထဲကရေကို အားပါးတရ စုပ်ယူနိုင်စွမ်းမြင့် လှပါတယ်။

ဒီတော့ ယူကလစ်စိုက်ရင် ရေခမ်းတယ်။ ရေရှား တယ်ပေါ့။ မြေကြီးထဲက ရေနဲ့အတူ နိုက်ထရိုဂျင် ဖော့စ်ဖိတ် ကယ်လစီယမ် ပိုတက်စီယမ်ပါ အလွန်အမင်း စုပ်ယူစားသောက်တယ်။ ယူကလစ်ဟာ အစား စားနှုန်းမြင့်တဲ့ အပင် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘယ်လောက် စားသလဲဆိုရင် တခြားပင်များ မစားနိုင်လောက်အောင် alellochemical ပြသနာ ဖြစ်တဲ့အထိ အဆိပ် တမျိုးကြွင်ကျန်တဲ့အထိ စားပါတယ်။ နောက်ဆုံး အရွက်က မဆွေး ဆွေးဖို့က ကြာ နေချိန်အတွင်း အပူချိန်ကမြင့် ပြီး တခြား မျိုးစေ့တွေကို ဖျက်စီးစေတော့ အပင်စား အရွက်စားတဲ့ ပိုးမွှား ယုန် ဂျီ သမင် သူတို့ကို စားတဲ့ သားရဲတိရိစ္ဆာန် ကအစ အစာရေရှားလို့ မပျော်မွေ့တော့သလို အစာရေစာရဖို့ နေရာ အသစ်ပြောင်းပြီး တောတွင်း သားရဲတိရိစ္ဆာန် အကုန်ပျောက်ကွယ်စေပါတယ်။

အဆိုးဆုံး နောက်တချက်က တောမီးပြသနာမှာ တခြားတော တောများထက် ပိုမို တောမီးလောင်တတ် တာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အခုလို ကောင်းကျိုးထက် ဆိုးကျိုးရှိနေတဲ့ ယူကလစ်ကို ဘယ်အတွက်များ ခြံမြေတွေမှာ စိုက်သလဲ နောက်ဆုံး စဉ်းစားတော့ ပြင်ဦးလွင် အတိုင်း အတာပေါ်က နေကြည့်လျှင် ခြံတွေကို လှောင်ကုန်တခု အနေနဲ့ဝယ်တယ်။ မြေယာပုံစံ ၇ ရဖို့ မဖြစ်မနေ အပင်စိုက်ဆိုတော့ စားရိတ်နဲနဲနဲ့ အပင်ဖြစ်မြန်တဲ့ ယူကလစ်ကို ဝယ်စိုက်သလို ၇နှစ်နေရင် တစ်တန် ဘယ်လောက်နဲ့ ဝယ်မယ်ဆိုပြီး အချို့သော ကုမ္ပဏီများက လုပ်ထားတော့ ပိုစိုက်ဖြစ် လာကြတယ်။ အောက်ခြေပေါင်းမပေါက် အပင်ခြေရှင်းတယ် ဆိုတော့ လုပ်သားခ သက်သာတာလည်း ပါတယ်ဆိုပြီး စိုက်ကြပါတယ်။

အညာဒေသများတွင် စိုက်တာကတော့ သဘာဝတောတွေ ပြန်ဖန်တီးဖို့ ဆိုပြီး အမျိုးမျိုးသော အဖွဲ့အစည်းတွေက စီမံကိန်း တရပ်အနေနဲ့ လုပ်လာကြလို့ပါ။ဒါပေမယ့် သူတို့မှာ စီမံကိန်းတခု လုပ်ခါနီးတိုင်းမှာ စဉ်းစားရမယ့် ကောင်းကျိုး ဆိုးပြစ် အခြေနေသုံးသပ်မှု ပတ်ဝန်းကျင်ပြသနာ အလုံးစုံကို ဘာမှ ထည့်တွက်ခြင်း မရှိပဲ လုပ်ခဲ့တဲ့အတွက် မစိုက်သင့်တဲ့အပင်ကို တကယ့်အပင်ထင်ပြီး စိုက်နေကြခြင်းဖြစ်ပါတယ်လို့ ယူစပါတယ်။ ယူကလစ်စိုက်ခင်းတွေကို ရပ်တန်းကရပ်ပြီး သူ့နေရာနှင့်သူ စိုက်ရမယ့် အပင်တွေကို နေရာဒေသအလိုက် စိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစေ့ချင်ပါတယ် ခင်ဗျာ။

ခန့်ဇော်ထက် 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဖွဲထောင်းလို့ ဆန်ကောင်းမရ"