ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၁)

20/04/2023 13:00 PM တွင် Aye Aye Aye Aye မှ ရေးသား
  • မြန်မာအမည် -           ပုလဲဓာတ်မြေသြဇာ
  • အင်္ဂလိပ်အမည် -        Urea (ယူရီးယား)
  • ဖော်မြူလာ -              [CO(NH2)2]
  • နိုက်ထရိုဂျင်ပါဝင်မှု -   ၄၆ %
  • စျေးကွက်သုံးယူနစ် -   ကီလိုဂရမ်
  • အသုံးပြုနိုင်သောပုံစံ - အခဲ၊ အရည် နှင့် ရွက်ဖျန်းပုံစံ

ယူရီးယားဆိုတာ...

ယူရီးယား [CO(NH2)2] ဆိုတာ နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်ပြီး အပင်များ ကြီးထွားဖွံ့ဖြိုးရန် မရှိ မဖြစ်အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ Carbamide လို့လည်း သိကြပါတယ်။ အဖြူရောင်ဖြစ်ပြီး ပင်ကိုယ် ကတော့ အနံ့မရှိပါ။

ဓာတ်မြေသြဇာ၊ တိရစ္ဆာန်စာများ၊ ပလတ်စတစ်နဲ့ ဆေးဝါးစတာတို့ ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ အော်ဂဲနစ် ဓာတ်ပေါင်းလည်း ဖြစ်ပါတယ်။ အပူချိန် ၁၃၂.၇ ဆဲလ်စီးယပ်မှာအရည်ပျော်သလို ရေနဲ့အရက်မှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒီလိုမျိုး ပျော်ဝင်လွယ်၊ ဆုံးရှုံးလွယ်တာကြောင့် ယူရီးအကြောင်းကို သေချာသိထားဖို့ လိုအပ် ပါတယ်။

ယူရီးယားဟာ အပင်က ပမာဏများများလိုအပ်သော Macronutrients အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါကို တောင်သူဦးကြီးတိုင်းလိုလိုလည်း သိကြပြီးဖြစ်ပါလိမ့်မယ်။ စိုက်ပျိုးပင်တွေမှာဆိုရင် သူက အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ထောက်ပံ့ပေးပြီး အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။ အပင်တစ်ပင်ဟာ ကောင်းစွာကြီးထွား လာနိုင်မှ ပန်းပွင့်ချိန်မှာ ကောင်းကောင်းအလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ယူရီးယားကို ဘယ်လိုထုတ်လုပ်လဲ...

ယူရီးယားကို သက်ရှိတို့ရဲ့ ဆီးထဲမှာ၊ မှိုအချို့တို့မှာ သဘာဝအတိုင်း တွေ့ရပါတယ်။ နောက် သဘာဝဓာတ်ငွေ့၊ လေထုနိုက်ထရိုဂျင်၊ ရေတို့ကို အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ အတူတကွ ဓာတ်ပြုပြီးလည်း ထုတ်လုပ်နိုင်ပါတယ်။

ဓာတ်ပြုလိုက်တဲ့အခါမှာ အမိုးနီးယားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ထွက်လာပါတယ်။ အဲ့ဒီဓာတ်ငွေ့တွေကို ထပ်ပြီးတော့ အပူချိန်နဲ့ဖိအားမြင့်မြင့်မှာ ဓာတ်ပြုလိုက်ခြင်းဖြင့် အရည်ယူရီးယား ထွက်လာပါတယ်။ ဒါကို တစ်ဖန်ပြန်လည်အအေးခံပြီးရင်တော့ စက်ရုံသုံးအတွက်၊ စိုက်ပျိုး‌ရေးသုံးဓာတ်မြေသြဇာအတွက် အခဲများ ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီအရည်ပူတွေကို ယူရီးယားအရည် ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင် ပါတယ်။

အသုံးပြုပုံ

ယူရီးယားမြေသြဇာဟာ နိုက်ထရိုဂျင်ပမာဏများများပါဝင်ပြီး အသုံးများတဲ့ ဓာတ်မြေသြဇာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ နှစ် ၅၀ ကျော်က စတင်ပြီး စျေးကွက်ထဲ ဖြန့်ခဲ့ပြီးတော့ နာမည်ကြီးလာတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ထုတ် လုပ်ထားတဲ့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုမှုတစ်ဝက်ဝန်းကျင်ကိုတော့ ယူရီးယားအနေနဲ့ အသုံးပြုနေ ကြတာ ဖြစ်ပါတယ်။

ယူရီးယားကို အခဲ၊ အရည်အနေနဲ့ စိုက်ပျိုးမြေမှာ အသုံးပြုနိုင်သလို ရွက်ဖျန်းအနေနဲ့လည်း အပင်မှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အမိုနီယမ်ဖော့စဖိတ်( MAP and DAP) နှင့် ပိုတက်ဆီယမ်ကလိုရိုက် (Muriate of Potash)တို့နဲ့ ရောနှောပြီး ကွန်ပေါင်းဓာတ်မြေဩဇာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ စူပါဖော့စဖိတ် နဲ့တော့ရောပြီး အသုံးမပြုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူရီးယားဟာ စူပါဖော့စဖိတ်နဲ့ ဓာတ်ပြုပြီး အစိုဓာတ်ကို စုပ်ယူတာကြောင့် ဒီအရောဟာ စေးကပ်ကပ်ဖြစ်ပြီး အချိန်တိုအတွင်း သုံးမရဖြစ်လာတတ်လို့ပါ။

နွား၊ ဆိတ်တို့လို စားမြုံ့ပြန်တိရစ္ဆာန်များ ခြောက်သွေ့ရာသီအတွင်း ပရိုတင်းပမာဏနည်းတဲ့ အစာကြမ်းများ ကောင်းကောင်းစားသောက်စေဖို့ဆိုရင်လည်း ပရိုတင်းမဟုတ်သော နိုက်ထရိုဂျင်ဖြည့်စွက်အစာ (NPN) အနေနဲ့ ယူရီးယားကို အသုံးပြုနိုင်ပါတယ်။

စက်မှုလုပ်ငန်းသုံးအဖြစ် ယူရီးယားကို အသုံးချပုံတစ်ခုကတော့ ဆောက်လုပ်ရေးနယ်ပယ်အတွက် ကြိတ်သားတွေ၊ ကျွန်းသစ်ထုတ်ကုန်တွေ လုပ်တဲ့နေရာမှာ သုံးရသောကော်တစ်မျိုးဖြစ်တဲ့ Urea-Formaldehyde ဆိုတဲ့ ကော်ရည်တစ်မျိုးအဖြစ် ပြုလုပ်သုံးစွဲခြင်းပါပဲ။

ဒါ့အပြင် ယူရီးယားအမိုနီယမ် နိုက်ထရိတ် Urea Ammonium Nitrate (UAN) နဲ့ Selective Catalytic Reduction (SCR)   Urea တို့လို ယူရီးယားပျော်ရည်များ ပြုလုပ်ရာမှာလည်း ယူရီးယားကို အသုံးပြုပါတယ်။

ယူရီးယားအမိုနီယမ်နိုက်ထရိတ်ကိုတော့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာအရည်အနေနဲ့ အသုံးပြုကြတာဖြစ် ပါတယ်။ SCR Urea ကိုတော့ အလုပ်လုပ်ဆောင်တာများတဲ့ ဒီဇယ်စက်တွေမှာ အလုပ်လုပ်ဆောင်အား ကောင်း စေဖို့၊ နိုက်ထရက်အောက်ဆိုဒ် (NOx) ထုတ်လွှင့်မှု နည်းစေဖို့ အိတ်ဇောဓာတ်ငွေ့ဆေးကြောရည်အနေနဲ့ အသုံးပြု တာဖြစ်ပါတယ်။ နိုက်ထရတ်အောက်ဆိုဒ်ဟာ မီးခိုးမြူများ ဖြစ်စေနိုင်ပါတယ်။

အပိုင်း(၂) မှာတော့ ယူရီးယားကို အပင်တွေက ဘယ်လိုပုံစံနဲ့စားသုံးကြတယ်၊ ဘယ်လိုပုံစံနဲ့သုံးပေးမယ်ဆိုရင် အကျိုးပိုရှိထိရောက်မလဲဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်