မြေဆီလျှော့သုံးပေမဲ့ အထွက်ကောင်းစေတဲ့ နည်းလမ်းကို သိပ္ပံပညာရှင်များ လေ့လာဖော်ထုတ်

10/07/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရာသီဥတုနဲ့ လိုက်လျောညီထွေရှိတဲ့ နည်းလမ်းတွေဟာ သီးနှံအထွက်တိုးစေရုံသာမက စိုက်ခင်းတွေရဲ့ ဂေဟစနစ်ကိုပါ ပိုကောင်းလာစေမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တောင်သူလယ်သမားတွေအနေနဲ့ သဘာဝနဲ့ လိုက်ဖက်ပြီး ရေရှည်တည်တံ့တဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးကြမယ်ဆိုရင် ဓာတ်မြေသြဇာ ပမာဏများစွာ လျှော့ချသုံးစွဲရင်တောင် မြင့်မားတဲ့ သီးနှံအထွက်နှုန်းကို ဆက်လက်ထုတ်လုပ်နိုင်ဦးမှာဖြစ်ကြောင်း ပညာရပ်ဆိုင်ရာ သုတေသနတစ်ခုက ပထမဆုံးအနေနဲ့ လေ့လာဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

မြေကြီးအတွင်း သစ်ဆွေးမြေသြဇာနဲ့ မြေဆွေးတွေ ထည့်သွင်းခြင်း၊ နိုက်ထရိုဂျင်စုပ်ယူတဲ့အပင်တွေ ကြားညှပ်စိုက်ပျိုးခြင်း၊ စိုက်နေကျသီးနှံချည်း မစိုက်ဘဲ အမျိုးမျိုး လှည့်စိုက်ပေးခြင်း စတဲ့ နည်းစနစ်တွေကို ကျင့်သုံးမယ်ဆိုရင် အထွက်နှုန်းကိုလည်း တိုးစေနိုင်၊ စိုက်ပျိုးရေးလယ်ယာမြေတွေရဲ့ သဘာဝဂေဟစနစ်တွေကို ကာကွယ်ပြီးနဲ့ မြှင့်တင်ပြီးလည်း ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။

ဒီအလေ့အထကောင်းတွေကို မွေးမြူကျင့်သုံးရုံနဲ့တင် လောင်စာဆီဈေးနဲ့ ယူကရိန်းစစ်ပွဲဂယက်တို့ကြောင့် ဈေးကြီးမြင့်နေတဲ့ ဓာတ်မြေသြဇာနေရာမှာ အစားထိုးလာနိုင်လိမ့်မယ်လို့ လေ့လာမှုက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

Nature Sustainability ဂျာနယ်မှာ ဖော်ပြခံခဲ့ရတဲ့ ယခုသုတေသနစာတမ်းကို ဦးဆောင်ရေးသားခဲ့သူ ယူကေရှိ Rothamsted Research သုတေသနအဖွဲ့က အပင်ဂေဟဗေဒပညာရှင် Chloe MacLaren က "ဓာတ်မြေသြဇာတွေအပေါ် မှီခိုမှု လျှော့ချနိုင်မယ်ဆိုရင် တောင်သူလယ်သမားနဲ့ စားသုံးသူတွေအနေနဲ့ စီးပွားရေးထိုးနှက်ချက်တွေကနေ သက်သာရာရပါလိမ့်မယ်။ အခုဖြစ်နေတဲ့ ဓာတ်မြေသြဇာဈေး ကြီးမြင့်မှုနဲ့ နောက်ဆက်တွဲအဖြစ် စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု စတဲ့ ထိုးနှက်ချက်တွေကနေပေါ့။ ဒီအလေ့အကျင့်တွေကို ကျယ်ကျယ်ပြန့်ပြန် ကျင့်သုံးလာကြမယ်ဆိုရင် ကမ္ဘာတစ်ဝန်း ဓာတ်မြေသြဇာ ဖြန့်ချိမှု မျှမျှတတ ဖြစ်စေအောင်လည်း အားပေးရာရောက်ပါလိမ့်မယ်" လို့ ပြောပါတယ်။

ဒီလေ့လာမှုအတွင်း သိပ္ပံပညာရှင်တွေဟာ ဥရောပနဲ့ အာဖရိကတိုက်ထဲမှာ ကာလကြာရှည် လေ့လာစမ်းသပ်မှုပေါင်း အခု ၃၀ ပြုလုပ်ကာ သဘာဝ စိုက်ပျိုး‌ရေးနည်းလမ်းတွေကနေ သီးနှံအထွက်ကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်သလဲဆိုတာ အကဲဖြတ်ခဲ့ကြပါတယ်။

ဒီရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေကို ကျင့်သုံးပေမယ့်လည်း ဓာတ်မြေသြဇာကို ပုံမှန်သုံးနေကြတဲ့အတိုင်း ပမာဏအများအပြား သုံးစွဲထားမယ်ဆိုရင် အထွက်ကို ထူးပြီး မတိုးစေနိုင်ကြောင်း၊ ဒီအလေ့အကျင့်တွေကိုလည်း ကျင့်သုံးပြီး မြေထဲမှာ နိုက်ထရိုဂျင်မြေသြဇာ အနည်းငယ် ထည့်ပေးတာကမှသာ အကောင်းဆုံးအထွက်ကို ရရှိစေနိုင်ကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

စမ်းသပ်လေ့လာမှုတစ်ခုချင်းစီကို ကိုးနှစ်ကျော် ပြုလုပ်ခဲ့ပြီး အားလုံးပေါင်းအနေနဲ့ ဂျုံ၊ ပြောင်းဖူး၊ အုတ်ဂျုံ၊ မုယောစပါး၊ သကြားမုန်လာနဲ့ အာလူး သီးနှံခြောက်မျိုးကို အကြိမ်ပေါင်း ၂၅၀၀၀ ကျော် ရိတ်သိမ်းခဲ့ကာ လိုအပ်တဲ့ ဒေတာတွေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အချိန်ပေး စမ်းသပ်လေ့လာဖို့ မဖြစ်မနေ လိုအပ်ကြောင်း သုတေသနပညာရှင်တွေက ပြောဆိုပြီး ကာလတိုလေ့လာမှုတွေကတော့ အခြေအနေပေးတဲ့နှစ်၊ မပေးတဲ့နှစ် စသဖြင့် ကြုံတွေ့နိုင်တာကြောင့် ကမောက်ကမရလဒ်တွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

မြေကြီးမှာ တိရစ္ဆာန်ချေးမြေသြဇာ ထည့်ပေးခြင်းဟာ အပင်ကြွင်းကျန်တွေနဲ့လုပ်တဲ့ မြေဆွေးထက် အထွက်ပိုမြှင့်တင်ပေးတာ တွေ့ခဲ့ရပြီး သီးနှံအမျိုးမျိုး လှည့်စိုက်တာက ပေါင်းမြက်နဲ့ အပင်ရောဂါကို နှိမ်နင်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ပဲပင်နဲ့ clover ပဲရိုင်းပင် တို့လို ပဲမျိုးနွယ်ဝင် အပင်တွေ စိုက်ပျိုးတာက မြေကြီးထဲကို နိုက်ထရိုဂျင် ဖြည့်စွက်ပေးပြီး မြေဆီသြဇာကို မြင့်တက်စေနိုင်ပါတယ်။

ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ လောင်စာဆီဈေး ကြီးမြင့်မှုရဲ့ အကျိုးဆက်အနေနဲ့ ကမ္ဘာ့အချို့နေရာဒေသတွေမှာ သုံးဆကျော်လောက်တောင် မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကနေ စီးပွားရေးအရ နာလံထူနေချိန်ကတည်းက လောင်စာဆီဈေး တက်နေခဲ့တာ ဖြစ်ပြီး ယူကရိန်းမှာ စစ်ဖြစ်တော့ ဈေးတွေ ပိုထိုးတက်သွားခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းဟာ ဓာတ်မြေသြဇာ ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေလည်း ဖြစ်တာကြောင့် စစ်ပွဲဟာ မြေဆီရောင်းအားပြတ်တောက်မှုကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းကို ထပ်မံကြီးမြင့်စေခဲ့ပါတယ်။

ဒီလို ဈေးနှုန်းမြင့်တက်မှုတွေကြောင့် တောင်သူလယ်သမားတွေလည်း အကျပ်ရိုက်ပြီး စားသုံးသူတွေအတွက် စားသောက်ကုန်ဈေး ကြီးမြင့်မှုတွေပါ ဖြစ်ပေါ်စေပါတယ်။ နိုင်ငံများစွာဟာ ကပ်ရောဂါကာလကတည်းက အရန်ရိက္ခာ နည်းပါးပြီး စားနပ်ရိက္ခာဖူလုံမှု ပြဿနာ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ကမ္ဘာတစ်ဝန်းက အဓိကဒေသကြီးတွေမှာ အပူလှိုင်း၊ မိုးခေါင်မှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ကာ သီးနှံအထွက် ထပ်မံထိခိုက်ခဲ့ရပါတယ်။

ဒီလိုသက်ရောက်မှုတွေ ပေါင်းဆုံမိပြီး ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်ပေါ်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လူဦးရေ သန်း ၂၀၀ နီးပါးဟာ အထူးစိုးရိမ်ဖွယ်ရာ ငတ်မွတ်ခေါင်းပါးမှု ကြုံရနိုင်ပြီး နောက်ထပ် လူပေါင်းသန်းရာချီဟာ စားနပ်ရိက္ခာမလောက်ငမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း အကူအညီပေးရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း စားသောက်ကုန်ဈေး ကြီးမြင့်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အိမ်ထောင်စုသုံးစွဲငွေကို ထိခိုက်ပြီး ဆင်းရဲသားပြည်သူတွေဟာ ကျပ်တည်းမှုနဲ့ ရင်ဆိုင်ရနိုင်ခြေ ပိုများလာပါတယ်။

"ဂေဟစနစ်နဲ့ကိုက်ညီတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်စိုက်ပျိုးရေးစနစ်တွေ ဖော်ဆောင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကြောင်း ကျွန်ုပ်တို့ လေ့လာမှုရလဒ်တွေအရ သိရပါတယ်။ ဒီနည်းလမ်းတွေဟာ သီးနှံအထွက် တိုးစေရုံသာမက စရိတ်သက်သာစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပါ ပေါ်ပေါက်စေပါတယ်" လို့ MacLaren က ပြောပါတယ်။

မြေကြီးအတွင်း တိရစ္ဆာန်ချေးတွေကို ထည့်သွင်းခြင်း၊ မြေဆီလွှာထိန်းသိမ်းတဲ့ cover crop သီးနှံတွေ စိုက်ပျိုးခြင်းတို့လို အချို့သော စိုက်ပျိုးရေးနည်းလမ်း အပြောင်းအလဲတွေကို ကျန်တာတွေထက်စာရင် ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လယ်သမားတွေက သီးနှံ ဖြစ်ထွန်းစေဖို့ ဓာတ်မြေသြဇာအပေါ် မှီခိုလွန်းတာကြောင့် အဲဒီဒေသတွေမှာ ဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲမှုဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာတွေကို စနစ်တကျ ထည့်သွင်းအသုံးမပြုတဲ့အခါ မြစ်နဲ့ ရေလမ်းကြောင်းတွေအတွင်း ဓာတ်ကြွင်း စီးဝင်ပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပါတယ်။ အဲဒီကတစ်ဆင့် ရေထဲမှာ ရေညှိပင်တွေ အုံနဲ့ကျင်းနဲ့ ဖြစ်ထွန်းလာစေကာ ငါးနဲ့ အခြားရေနေသတ္တဝါတွေ သေကြေပျက်စီးကြရပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Using far less chemical fertiliser still produces high crop yields, study finds

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်