ဟင်းသီးဟင်းရွက်တွေ စိုက်တော့မယ်ဆိုရင် မြေနေရာရွေးရတာပေါ့။ ခုမှ စစိုက်တဲ့သူတွေဆို မြေနေရာ ဘယ်လို ရွေးချယ်သင့်လဲဆိုတာကို မောင်နီက ပြောပြပေးမှာဖြစ်ပါတယ်။
ဆိုတော့ စိုက်ခင်းကိုရွေးချယ်တဲ့အခါမှာ
- ဟင်းသီးဟင်းရွက် သီးနှံတွေဆိုတာက ရေလိုအပ်ပါတယ်။ ဒါကြောင့်မို့ အဓိက အနေနဲ့က ရေရရှိနိုင်ဖို့ လိုအပ်ပါတယ်။
- ပြီးတော့ နေရောင်ကလည်း တစ်ရက်ကို အနည်းဆုံး (၆) နာရီလောက် ရတဲ့ နေရာဆိုရင် အဆင်ပြေပါတယ်။ ဒါကတော့ အိမ်မှာစိုက်ချင်တယ်။ အပင်ကြားတွေ စင်အောက်တွေမှာ စိုက်ချင်တဲ့ သူတွေ စဉ်းစားသင့်တဲ့အချက်ပါ။ တိုက်ရိုက်ရတဲ့ နေရောင်ခြည်က (၆) နာရီလောက်ရှိရပါမယ်။
- စိုက်ကွင်းရဲ့ အခြေအနေ ကိုလည်း သိရမှာပါ။ ရေမြုပ်တတ်တယ်၊ ဘာရောဂါ ကျဖူးသလဲ ဆိုတာတွေ သိရင်တော့ သီးနှံသက်တမ်းတစ်လျှောက်လုံးမှာ စီမံခန့်ခွဲရ လွယ်ကူမှာဖြစ်ပါတယ်။
- မြေမျက်နှာသွင်ပြင် (အနိမ့်အမြင့် နဲ့ ဆင်ခြေလျောလား) ကို သိပြီးတော့ တအား မတ်စောက်နေတယ်ဆိုရင်တော့လည်း ကွန်တိုအတိုင်း လှေကားထစ် စိုက်ဘောင်လေးတွေ ဖော်လို့ရပါတယ်။
စိုက်ခင်းမြေကို သန့်ရှင်းအောင် ဘယ်လိုလုပ်မလဲ?
- ပေါင်းမြက်တွေကိုရှင်းလင်းပါ။
- ပေါင်းမြက်တွေက ကိုယ်စိုက်တဲ့ အပင်တွေနဲ့ အာဟာရတွေ လုပြီး စားနိုင်တာမို့ ပေါင်းမြက်တွေကိုလည်း ကင်းစင်အောင် လုပ်ပေးရပါမယ်။
- သီးနှံအကြွင်းအကျန်များ ဖယ်ရှားခြင်း
- စိုက်ခင်းမှာ ကိုယ်မလိုချင်တဲ့ သီးနှံအကြွင်းအကျန်တွေ၊ ရောဂါဖြစ်နေတဲ့ အစိတ်အပိုင်းတွေ ကျန်ခဲ့တယ်ဆိုရင်တော့လည်း ဖယ်ရှားပေးရပါမယ်။
- ရောဂါရနေတဲ့ အပင်တွေကလွဲရင် ကျန်တဲ့ ပေါင်းမြက်တွေနဲ့ သီးနှံအကျန်တွေကို မြေကျင်း ဒါမှ မဟုတ် ဘောင်ခတ်ပြီးတော့ မြေဆွေးလုပ်ပြီးတော့ ပြန်သုံးလို့ရပါတယ်။
- ကျောက်တုံးကျောက်ခဲတွေကို ဖယ်ရှာပေးပါ။ ဒါကတော့ စိုက်ခင်းလုပ်ပြီးသား မြေတွေက အဆင်ပြေပေမဲ့လို့ တစ်ချို့ အခင်းတွေမှာ ရှိတတ်ပါတယ်။
အကြံပြုချင်တာကတော့ ပေါင်းပင်တွေကို စောင့်ကြည့်ပါ။ သူတို့ ပန်းမပွင့်ခင် ဒါမှမဟုတ် မျိုးစေ့တွေ မထုတ်ခင်မှာ ဖယ်ရှားရှင်းလင်းဖို့ပါ။ မဟုတ်ရင် မြေထဲမှာ သူတို့ မျိုးစေ့တွေ ကျန်ခဲ့ပြီး ပေါင်းရှင်းရပါလိမ့်မယ်။
မြေပြင်ဆင်တာကတော့
- ထယ်ထိုး ထွန်မွှေပေးရပါမယ်။ (၂) ကြိမ်ကနေ (၃) ကြိမ်ပါ။ ထယ်ထိုးလိုက်ခြင်းအားဖြင့် မြေတုံးမြေခဲတွေကျေပျက်သွားသလို ပေါင်းမြက်အမြစ်တွေ၊ အင်းဆက်ပိုးမွှားတွေ ခိုအောင်းနေရာတွေကို ဖျက်ဆီးသလိုဖြစ်ပြီးတော့ ရေထိန်းအားနဲ့ ကိုယ်စိုက်မဲ့ အပင်တွေရဲ့ အမြစ်တွေအတွက် လည်း ရှင်သန်မှု ပိုကောင်းလာစေပါတယ်။
- ဘောင်ဖော်စိုက်တာက အကောင်းဆုံးဖြစ်တာမို့ ဘောင်ဖော်ဖို့အတွက် ကြိုးသုံးပြီးတော့ ဖော်လို့ရပါတယ်။
- ဘောင်အကျယ်က (၃) ပေ ဖြစ်ပြီးတော့ ဘောင်တစ်ခြနဲ့ တစ်ခုကြား
- ရေနုတ်မြောင်းကျန်အောင် အနည်းဆုံး (၆) လက်မတော့ ထားပေးရပါမယ်။
- ဘောင်အမြင့်အတွက် ခြောက်သွေ့တဲ့ ရာသီမှာ (၄) လက်မ ကနေ (၈) လက်မ ထားရမှာဖြစ်ပြီးတော့ မိုးရာသီမှာဆိုရင် (၁) ပေကနေ (၁) ပေခွဲလောက် အမြင့် ထားပေးရပါမယ်။
- အကျယ် (၃) ပေ ရှိတဲ့ မြောင်းအလျား (၆) ပေတိုင်းမှာ ကောင်းကောင်းဆွေးနေတဲ့ မြေဆွေး (ကိုယ်တိုင်လုပ်ထားတာလည်းရပါတယ်) ဒါမှမဟုတ် သဘာဝမြေသြဇာ (၂) ပြည်ကို ထည့်ပေးပြီးမှ ဘောင်သေချာပြင်ထားရပါမယ်။
မစိုက်ခင် (၂) ပတ်လောက်ကတည်းက မြေပြင်တာ ဘောင်ဖော်တာကို အပြီးသတ်ထားရပါမယ်။
မြေကြီးစစ်ချင်တယ်ဆိုရင်တော့ မြေချဉ်ငံကိန်း၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖိတ်ပါဝင်မှုကို စစ်ဆေးပြီးတော့ ပညာရှင်တွေဆီကနေ အကြံယူလို့ရပါတယ်။ မြေချဉ်ငံကိန်းက ၆ နဲ့ ၆.၅ ကြားဆိုရင် တော့ စိုက်ပျိုးဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ရာသီတိုင်းစိုက်မဲ့ မြေကြီးကို ဆုတ်ယုတ်မသွားဘဲနဲ့ ပိုပြီးတော့ တိုးတက်ကောင်းလာဖို့ဆိုရင်တော့
(၁) သစ်စိမ်းမြေသြဇာ ကျွေးပေးလို့ရပါတယ်။ ပဲမျိုးရင်းဝင်အပင်တွေ ကြဲထားပြီးမှ ပန်းပွင့်ခါနီးအချိန်မှာ မြေကြီးထဲ ထယ်ထိုးပြီး မြေမြုပ်လိုက်ရင် သစ်စိမ်းမြေသြဇာ ဖြစ်သွားပါတယ်။
(၂) သီးလှည့်စိုက်ပါ။ သီးနှံတစ်မျိုးနဲ့ တစ်မျိုး က မြေကြီးထဲက အာဟာရကိုစုပ်ယူတာ ကွာပါတယ်။ ဆိုတော့ လှည့်စိုက်ရင် အာဟာရတွေအနေနဲ့ ပြန်လည် ဖြည့်တင်းချိန် ပိုရပါတယ်။
(၃) ဖုံးအုပ်စိုက်ပျိုးတာနဲ့ အစက်ချ ရေသွင်းစိုက်တာက လည်း မြေကြီးထိခိုက်မှုကို တစ်ချို့နေရာတွေမှာ သက်သာစေပါတယ်။
ဖုံးအုပ်စိုက်မယ်ဆိုရင်
- မြေအစိုဓာတ်ကို ထိန်းထားပေးနိုင်တယ်။
- အသီးတွေကိုလည်း မြေကြီးနဲ့တိုက်ရိုက်ထိတာကနေ ကာကွယ်ပေးတယ်။
- မြေသိပ်တာ၊ မြေကျပ်တာ နဲ့ မြေတိုက်စားတာတွေကနေ ကာကွယ်ပေးတယ်။
- ပေါင်းပင်တွေကို လည်း အတိုင်းအတာတစ်ခုအထိ လျော့ကျစေတယ်။
အစက်ချရေပေးမယ်ဆိုရင်
- အချိန်ရော၊ လုပ်အားရောအပြင် ရေကိုလည်း ချွေတာ သုံးစွဲနိုင်တယ်။
- ရောဂါကျရောက်မှုကိုလည်း လျော့ချနိုင်သလို
- ရေကြောင့်ဖြစ်တဲ့ မြေသြဇာလေလွင့်မှုကိုလည်း လျော့ချပေးနိုင်တယ်။
ကဲ အဲ့ဒီတော့ ဘာစိုက်ကြမှာလဲ?
မြေပြင်လို့တော့ ရပြီနော်……
Reference Link - https://growhow.eastwestseed.com/mm/my/technical-guide-template/%E1%80%B1%E1%80%BB%E1%80%99%E1%80%BB%E1%80%95%E1%80%B3%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြားနီနည်းပညာပေးရေးအဖွဲ့