အရေပြားအကျိတ်နာ ကူးစက်ရောဂါကြောင့် အိန္ဒိယမှာ ကျွဲ၊ နွား သိန်းနဲ့ချီ သေဆုံး

07/10/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါတစ်မျိုး ကူးစက်ခံရတာကြောင့် နွားနဲ့ ကျွဲကောင်ရေ တစ်သိန်းနီးပါး သေဆုံး ခဲ့ပြီး နောက်ထပ်ကောင်ရေ နှစ်သန်းကျော်လောက် ဖျားနာခဲ့တယ်လို့ သိရပါတယ်။

ဒီကူးစက်မှုကြောင့် ကျွဲနွားမွေးမြူရေးတောင်သူတွေ ဝင်ငွေနစ်နာဆုံးရှုံးမှု အကြီးအကျယ် ကြုံတွေ့ကြရ ပါတယ်။ ရောဂါဟာ ကျွဲနွားတွေကို အသက်ဆုံးရှုံးစေသလို နို့ထွက်နည်းတာ၊ ပိန်ချုံးချည့်နဲ့တာနဲ့ သားပျက် တာတွေကိုလည်း ဖြစ်စေပါတယ်။

Lumpy skin disease လို့ ခေါ်တဲ့ ဒီအရေပြားအကျိတ်နာရောဂါဟာ သွေးစုပ်တတ်တဲ့ ခြင်၊ မွှားတို့လို အကောင်တွေကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ရောဂါကူးခံရတဲ့ နွားနဲ့ ကျွဲတွေဟာ ဖျားနာလာကြပြီး ခန္ဓာကိုယ် အရေပြားပေါ်မှာ အကျိတ်ဖုတွေ ထွက်ပေါ်လာ‌လေ့ရှိပါတယ်။

တောင်သူတွေဟာ ပြီးခဲ့တဲ့တစ်နှစ်ကာလအတွင်း ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကြောင့် အဆုံးအရှုံးတွေ ကြုံတွေ့ထားရပြီးဖြစ်ပါတယ်။ စံချိန်တင်ပူပြင်းတဲ့ အပူလှိုင်းကြောင့် ဧပြီလအတွင်း ဂျုံအထွက်နှုန်း ထိခိုက်ခဲ့ပြီး ဂျဟာခန် အပါအဝင် အရှေ့ပိုင်းပြည်နယ်တွေမှာ မိုးရေချိန်မလုံလောက်တာကြောင့် ပဲမျိုးစုံလို ဆောင်းသီးနှံတွေ  ညှိုးရော်ခြောက်သွေ့ခဲ့ရပါတယ်။ နိုင်ငံမြောက်ပိုင်းမှာလည်း စက်တင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စပါးသီးနှံတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ယခုအခါ ဒီဗိုင်းရပ်စ်ရောဂါဟာ အနည်းဆုံး ပြည်နယ် ၁၅ ခုအထိ ကူးစက်ပျံ့နှံ့နေပြီး ကျွဲနဲ့ နွားသေဆုံးမှု အရေအတွက်ဟာ သုံးပတ်အတွင်း နှစ်ဆနီးပါး တက်လာတယ်လို့ Press Trust of India သတင်းဌာနက ရေးသားထားပါတယ်။

ကျွဲနွားတွေမှာ ဖြစ်ပွားတဲ့ ဒီကူးစက်ရောဂါက တစ်ပိုင်တစ်နိုင်တောင်သူကို အများဆုံး ထိခိုက်စေလျက်ရှိတာ တွေ့ရပါတယ်။ အဲဒီတောင်သူအများစုဟာ ရာသီဥတုဖောက်ပြန်မှု ကြုံနေရခိုက် နွားနို့လုပ်ငန်းကို အားပြုပြီး ရပ်တည်နေကြရတာလို့ မြောက်ပိုင်း ချန်ဒီဂါမြို့က စိုက်ပျိုးရေးမူဝါဒပညာရှင် Devinder Sharma က ပြောပါတယ်။

"ဒါက တော်တော်လေး အလေးထားရမဲ့ကိစ္စပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဒီရောဂါ ကူးစက်ပြန့်ပွား လာတာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။ အစိုးရထုတ်ပြန်တဲ့ ကျွဲနွားသေစာရင်းတွေဟာ ရောဂါကြောင့် အမှန်တကယ် သေဆုံးမှုအရေအတွက်ထက် လျော့နည်းနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တောင်အာရှ‌ဒေသမှာ ၂၀၁၉ ခုနှစ်က အဆိုပါရောဂါ ပထမဆုံးကူးစက်ခဲ့ပြီး အဲဒီကနေ အိန္ဒိယ၊ တရုတ်နဲ့ နီပေါနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီရောဂါကို ၁၉၂၉ ခုနှစ်က ဇမ်ဘီယာနိုင်ငံမှာ စတွေ့တယ်လို့ မှတ်တမ်းရှိပြီး အဲဒီကနေ အာဖရိကတစ်ဝန်းနဲ့ မကြာသေးခင်က ဥရောပတိုက်ဒေသတွေအထိ ကူးစက်လာပါတယ်။

နွားနို့ဟာ အိန္ဒိယ လယ်ယာထွက်ကုန်တွေအနက် အကြီးမားဆုံး ကုန်စည်တစ်ခု ဖြစ်ပြီး လူဦးရေ သန်း ၈၀ ကို အလုပ်အကိုင် ဖန်တီးပေးထားကာ နိုင်ငံစီးပွားရေး ငါးရာခိုင်နှုန်းကို အထောက်အပံ့ပြုနေတယ်လို့ အစိုးရထုတ်ပြန်စာရင်းတွေအရ သိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ နွားနို့ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ငါးပုံတစ်ပုံအထိ ရှိပါတယ်။ ဒါပေမဲ့ အဲဒီထဲက အနည်းငယ်ကိုပဲ ပြည်ပကို တင်ပို့နိုင်တာ ဖြစ်ပါတယ်။

အစိုးရအာဏာပိုင်တွေဟာ နွားနို့လုပ်ငန်းကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာတဲ့နွားတွေကို အလားတူရောဂါ အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ ပိုပြီး ထိရောက်တဲ့ ကာကွယ် ဆေး ထုတ်လုပ်ဖို့လည်း ကြိုးစားလျက်ရှိပါတယ်။

အိန္ဒိယရဲ့ ကျယ်ပြောလှတဲ့ ကုန်းတွင်းပိုင်းဒေသကြီးမှာ ယခုအခါ ကျွဲနွား အစုလိုက်အပြုံလိုက် မြှုပ်နှံ သင်္ဂြိုလ်တာတွေ နေရာအနှံ့ တွေ့နေရပါတယ်။ တချို့နေရာတွေမှာ ကျွဲနွားအလောင်းတွေ ဟင်းလင်းပြင်မှာ ပုပ်နေကြပြီး ရွာတွေထဲမှာလည်း နာဖျားတိရစ္ဆာန်တွေရဲ့ နာကျင်အော်ဟစ်သံတွေ ပဲ့တင်ထပ်နေပါတယ်။ အနောက် ရာဂျာစသန်ပြည်နယ်မှာ ရောဂါအဆိုးဆုံး ဖြစ်ပွားနေပြီး ကျွဲနွားအကောင်ရေ ၆၀၀၀၀ သေဆုံး ထားကာ ၁ ဒသမ ၄ သန်းနီးပါးဖျားနာနေပါတယ်။

"ဒီရောဂါက ကူးစက်မြန်ပါတယ်။ ယခုအခါ နိုင်ငံအနောက်ပိုင်းကနေ အရှေ့ပိုင်းကို ကူးစက်လာပါပြီ" လို့ ရာဂျာစသန်ပြည်နယ် တိရစ္ဆာန် မွေးမြူရေးဌာန ရဲ့ ဒါရိုက်တာ Narendra Mohan Singh က သတိပေး ပါတယ်။

အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ဥတ္တရဒေသပြည်နယ်ကတော့ အခြားပြည်နယ်တွေနဲ့ ကျွဲနွားအရောင်း အဝယ်လုပ်တာ၊ ပြောင်းရွှေ့သယ်‌ဆောင်တာ‌တွေကို တားမြစ်ထားပါတယ်။ ဒါပေမဲ့ မီလ်ကီပါကျေးရွာက မွေးမြူရေးတောင်သူ Amarnath Sharma ကတော့ သူတို့ လမ်းပျောက်သလို ဖြစ်နေကြောင်း ပြောပါတယ်။ သူမွေးထားတဲ့ နွားမငါးကောင်မှာ သုံးကောင် ဖျားနေကြောင်း၊ ကူးစက်ရောဂါသတင်းကို ကြားပေမဲ့ နွားတွေအတွက် ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေကြောင်း ပြောပါတယ်။

"ဒီအကောင်တွေကို ကုသမှု မပေးနိုင်ရင် သူတို့ သေမှာပါ" လို့ သူက ပြောပါတယ်။

ရောဂါကူးခံရတဲ့ ဟီမာချယ်ပြည်နယ်က တောင်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ကို ငွေကြေး အထောက်အပံ့ ပေးအပ်ဖို့ တိုက်တွန်းထားကြပါတယ်။

Lumpy skin disease ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို လေ့လာကြည့်အခါ ဒါဟာ ယခင်ရောဂါပိုးတွေနဲ့ အလွန်ကွာခြားနေတာ တွေ့ရကြောင်း နယူးဒေလီရှိ Institute of Genomics and Integrative Biology ဌာနရဲ့ သိပ္ပံပညာရှင် Vinod Scaria က ပြောပါတယ်။

ဗိုင်းရပ်စ်တွေဟာ အမြဲတစေ ဆင့်ကဲပြောင်းလဲနေတတ်ပြီး ဒီအပြောင်းအလဲတွေ အားလုံးကတော့ ကျန်းမာရေးကို ဘေးဥပဒ်ဖြစ်စေခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီလို ပြောင်းလဲတတ်မှုကြောင့် ကူးစက်ရောဂါ အ‌ခြေအနေကို အမြဲတစေ ခြေရာခံစောင့်ကြည့်နေဖို့ လိုအပ်ကြောင်း Scaria က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Virus kills 100,000 cattle in India, threatens livelihoods - Associated Press

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်