လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်

22/01/2018 14:29 PM တွင် Myanmar Now Myanmar Now မှ ရေးသား

အသီးအနှံစျေးကွက် ကျယ်ပြန့်လာမှ စိုက်ပျိုးသူတို့ ပိုမိုအဆင်ပြေမည်ဖြစ်သောကြောင့် အစိုးရက ကူညီသင့်သည်ဟု ရှမ်းပြည်နယ်မှ လိမ္မော်စိုက်တောင်သူ တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြစေတီကျေးရွာမှ ၄၃ နှစ်အရွယ် ဦးဇော်လင်းထက်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွေ့ဆုံရာတွင် သူက လိမ္မော်စိုက်ပျိုးရေးလုပ်ငန်း၊ စျေးကွက်၊ တောင်သူတို့ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ အကြောင်းပြောပြခဲ့သည်။

မေး - စိုက်ပျိုးရေး လုပ်ငန်းကို ဘယ်အချိန်ကစပြီး လုပ်ခဲ့တာလဲ။

ဖြေ - ၂ဝ၁၁ ခုနှစ်တည်းကပါ။ ကျွန်တော် ပထမဆုံးစပြီးစိုက်ပျိုးတဲ့ သီးနှံကလိမ္မော်သီးပါ။ စစိုက်တုန်းက တစ်ဧကတောင် မပြည့်ပါဘူး၊ ဒဿမ ၇၅ လောက်ပဲ ရှိပါတယ်။ လိမ္မော်သီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြည့်မယ်ဆိုပြီးတော့ စိုက်ပျိုးဖြစ်တာပါ။ အခုတော့ တစ်ဧကခွဲကျော် စိုက်ပျိုးနိုင်ပါပြီ။ စစိုက်တုန်းကအောက်ခံမြေ ဘယ်လိုထားရမယ်၊ မြေသြဇာဘယ်လိုထည့်ရမလဲ၊ ဆေးကို ဘယ်လို သုံးရမလဲဆိုတာလည်း ကောင်းကောင်းမသိပါဘူး။ သူများက ဒီဆေးကောင်းတယ်ဆို သုံးလိုက်တာပါပဲ။

မေး - အခုရော စိုက်ပျိုးနည်းစနစ် အမှန်ကိုသိပြီလား။

ဖြေ - စိုက်ပျိုးနည်းနဲ့ပတ်သက်ပြီးနည်းနည်းပါးပါးတော့ သိလာပါပြီ။ အရင်နဲ့မတူတော့ဘူး။ အပင်တွေကို ပြုပြင်တယ်။ ကိုင်းတွေကိုရှင်းတယ်။ အမြစ်တွေ ကောင်းမွန်ဖို့အတွက်လည်း နွားချေးတွေ၊ ဝက်ချေးတွေကို သုံးပြီးတော့ ထည့်ပေးပါတယ်။ ဟိုတုန်းကဆိုရင် အပင်ကို မြင့်ချင်သလောက်မြင့်၊ လွှတ်ထားတယ်၊ အသီးခူးတဲ့အခါ ကိုင်းတွေကိုဆွဲပြီးခူးတော့ ကိုင်းတွေလည်းနာတယ်။ အခုနောက်ပိုင်းတော့ အပင်တစ်ပင်ကို ၄ပေ၊ ၅ပေ လောက်ပဲ မြင့်အောင် ထားတော့တယ်၊ အဲ့ဒီအောက်မှာပဲ အသီးသီးစေတယ်၊ အဲ့ဒီတော့ ခူးရတဲ့အခါမှာလည်း လွယ်ကူစေတဲ့အတွက် အပင်လည်းမနာ၊ ကိုင်းလည်းမနာတော့ ကိုင်းလည်း မကျိုးတော့ဘူးပေါ့၊ အပင်က အရမ်းမမြင့်တော့ လုပ်အား၊ ကုန်ကျစရိတ်လည်း အများကြီး သက်သာတယ်။ ဒီနည်းစနစ်တွေကကော်ဖီစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး သင်တန်းတွေ တက်ရင်းနဲ့ ရလာတဲ့ အသိပညာတွေပါ၊ လိမ္မော်ပင် စိုက်ပျိုးတဲ့အခါမှာရောသုံးလို့ရလား ဆိုပြီးတော့ သုံးကြည့်ရင်းနဲ့ အဆင်ပြေသွားတာပါ။

မေး - စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုက ဝိုင်းလုပ်သလား။

ဖြေ - ကျွန်တော်တို့ မိသားစုကစုစုပေါင်း ၄ ယောက်ပါ။ ကျွန်တော်ရယ်၊ အမျိုးသမီးရယ်က စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ပါတယ်။ ကလေးတွေကတော့ ကျောင်းတက်နေပါတယ်။

မေး - ဒီဒေသမှာ ဘယ်လို လိမ္မော်အမျိုးအစားကို စိုက်သလဲ၊ လိမ္မော်ပင်ကို ဘယ်ပိုး၊ ဘယ်ရောဂါတွေက ဒုက္ခပေးတတ်သလဲ။

ဖြေ - ပျားလိမ္မော်ရယ်၊ ရိုးရိုးလိမ္မော် (အခွံပွ၊ အခွံကျစ်) ရယ်။ လိမ္မော်ပင် အများစုမှာ ပင့်ကူနီပိုး၊ ပိုးနံ၊ ဖြုတ်ပိုး၊ နီမတုတ်၊ ပင်စည်ထိုးပိုး၊ အမြစ်ပုတ်ရောဂါ၊ ကိုင်းပုတ်ရောဂါ အဲ့ဒီလိုရောဂါတွေ၊ ပိုးတွေ အဖြစ်များပါတယ်။ ပင်စည်ပုတ်ပိုး၊ အမြစ်ပုတ်တဲ့ရောဂါတို့ကတော့ ကုရခက်ခဲတဲ့ ရောဂါတွေပါ။ ပင်စည်ကိုင်းပိုးဆိုရင် ပိုးထိုးနေတဲ့အောက်ကို လေးလက်မ ခြောက်လက်မလောက် ထားပြီးတော့ ဖြတ်လိုက်ရင် နည်းနည်းအဆင်ပြေသေးတယ်၊ အမြစ်ပုတ်ပိုး ဆိုရင်တော့ အပင်ကို ဖယ်ထုတ်ပြီးတော့ အသစ်ပြန် စိုက်ရပါတယ်။ ကျွန်တော်တို့ ခြံထဲမှာလည်း အသစ်ပြန်ပြုပြင်ရတဲ့ အပင်တွေ အများကြီးရှိပါတယ်။ ပိုးကျတဲ့ အပင်ကို အခြားနေရာမှာ သွားထားရင် ပိုးကူးနိုင်တဲ့ အတွက်ကြောင့် ဒီအပင်ကို မီးရှို့ပစ်ရပါတယ်။

မေး - စိုက်ပျိုးရေး ဦးစီးဌာနက သင်တန်းလာပေးတာ ရှိလား။

ဖြေ - ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတော့ စိုက်ပျိုးရေး ဦးစီးဌာနက လိမ္မော်ပင်အို၊ ပင်ဟောင်း ထိန်းသိမ်းနည်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးတာရှိပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီသင်တန်းကို မတက်လိုက်ရပါဘူး။ ခရီးလွန်နေလို့ပါ။ ဒါပေမဲ့ ရွာထဲမှာ တစ်ခြားတက်ရတဲ့ လူတွေရှိပါတယ်။ လိမ္မော်ပင်က မကောင်းတော့ဘူးဆိုရင် ပင်စည်နံဘေးမှာရှောက်ရိုင်းပင် ၃ ပင် လောက် စိုက်ရပါတယ်၊ အဲ့ဒီရှောက်ပင်က ရှင်သန်မှု ရလာပြီ၊ အမြစ်အားကောင်းလာပြီ၊ လိမ္မော်ပင်အခေါက်ကိုလှီး၊ ရှောက်ပင်အခေါက်ကိုလှီးပြီးတော့ တိပ်နဲ့ပဲဖြစ်ဖြစ် ကြိုးနဲ့ပဲဖြစ်ဖြစ် ပတ်ပြီးတော့ စိုက်ပျိုးတဲ့နည်းကို သင်တန်းပေးပါတယ်။

လိမ္မေ်ာအခေါက်နဲ့ ရှောက်အခေါက်ကို ကပ်ချည်ခြင်းအားဖြင့်ရှောက်ပင် အာဟာရက လိမ္မော်ပင်ထဲကို ရောက်ပါတယ်၊ အရင်လို အသီးကောင်းကောင်း ပြန်သီးနိုင်၊ အပင်လည်းကောင်းကောင်း ပြန်လည်ရှင်သန် နိုင်ပါတယ်။ တောင်သူတွေကို စိုက်ပျိုးနည်းစနစ်တွေ၊ အပင်ဖြစ်ထွန်းလာအောင် သဘာဝမြေသြဇာ ပြုလုပ် နည်းစနစ်တွေ၊ စနစ်တကျ ဘယ်လိုဆေးဖြန်းရမလဲ ဆိုတဲ့ နည်းပညာတွေ ပေးဖို့ လိုပါတယ်။ လက်ရှိ အနေအထားမှာ လိမ္မော်စျေးကွက်က မတည်ငြိမ်ဘူး။ ဒီနေ့တစ်ထောင်ဖြစ်မယ်။ နောက်နေ့ ငါးရာဖြစ်ရင်ဖြစ်မယ်။ စျေးကွက် တည်ငြိမ်အောင် ပြုလုပ်သင့်တယ်။

မေး - ရွာငံက လိမ္မော်တွေကို ဘယ်စျေးကွက်တွေကို အဓိက တင်ပို့ရောင်းချလဲ။

ဖြေ - ပထမတော့ ရွာငံကနေရန်ကုန်ကိုပို့တယ်။ အခုနောက်ပိုင်းတော့ ရန်ကုန်မှာက လိမ္မော်စျေးကွက် နည်းနည်းပျက်လာတော့ အောင်ပန်း (မြို့) ဘက်ကိုပဲ တင်ပို့ရောင်းချတော့တယ်။

မေး - စျေးကွက် မငြိမ်တဲ့ နောက်ဆက်တွဲရလဒ်က ဘာတွေ ဖြစ်မလဲ။

ဖြေ - အဓိက အခက်အခဲကတော့ နည်းပညာပေါ့။ နည်းပညာ မရှိတော့ လိမ္မော်တန်ချိန်က ထွက်သင့်သလောက် မထွက်ဘူးလို့ ထင်ပါတယ်။ လိမ္မော်က ပြည်တွင်းမှာတောင် စျေးကွက်ကမမှန်ဘူး။ တစ်ခါတစ်လေစျေးအရမ်းတက်တယ်၊ တစ်ခါတလေ အရမ်းကျတယ်။ စျေးကွက်မရှိတဲ့ အတွက်ကြောင့် အကုန်အကျကများပြီးတော့ အမြတ်ကနည်းပါတယ်။ လိမ္မော်သီးကိုရွေးတဲ့အခါ တစ်သီး၊ နှစ်သီး၊ သုံးသီး ဆိုပြီးတော့ အမျိုးအစား သုံးမျိုးခွဲပါတယ်။ တစ်သီးဆိုအကြီးဆုံး၊ နှစ်သီးဆိုအလတ်၊ သုံးသီးဆို အသေးဆုံးဆိုပြီး ခွဲပါတယ်။ အမြင့်ဆုံးစျေးက ၁,၂ဝဝ၊ အလတ်စျေးက ၈ဝဝ၊ အသေးအသီးက ၆ဝဝ၊ ၅ဝဝ အထိ ဖြစ်သွားတယ်။ အဲ့ဒါက တစ်ပိသာစျေးပါ။ တန်ချိန် သုံးဆယ်ဆိုရင် ၁၈,ဝဝဝ၊ ၂ဝ,ဝဝဝ လောက်ပဲ ရပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် လိမ္မော်အသီးကိုဖျော်ရည် လုပ်စေချင်တယ်။ အသီးလုံး လိုက်ရောင်းတဲ့စျေးကွက်ရှိသလို၊ ဖျော်ရည်သောက်တဲ့ စျေးကွက်ရှိနေတော့ ကျွန်တော်တို့လိုတောင်သူတွေ အနေနဲ့ ပိုပြီး အဆင်ပြေနိုင်လိမ့်မယ်။ ကုမ္ပဏီ အသင်းအဖွဲ့တွေကပဲ ဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် လိမ္မော်ကိုဖျော်ရည်အနေနဲ့ ဖြန့်သင့်ပါတယ်။ အခုအနေအထား အရတော့ တောင်သူတွေက အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အဆင့်မီအောင် လိုက်လုပ်နိုင်မယ်လို့ မထင်ဘူး။ နည်းပညာပေး လာရင်တော့ တောင်သူက လုပ်နိုင်မယ်။ လိမ္မော်နဲ့ ပတ်သက်ပြီး အပြောင်းအလဲ တစ်ခုခု လုပ်သင့်ပြီလို့ ထင်ပါတယ်။ တောင်သူတွေအနေနဲ့ လိမ္မော်ကို ပိုးသတ်ဆေးတွေ ဘာတွေ မသုံးဘဲ သဘာဝနည်းအတိုင်း စိုက်ပျိုးသင့်တယ်။

အခြားထုတ်ကုန်တွေလိုပဲ သြဂဲနစ်လက်မှတ် ရအောင်လုပ်မယ်ဆိုရင် အဲ့ဒီလက်မှတ်နဲ့ နိုင်ငံတကာစျေးကွက်အထိ တင်ပို့ရောင်းချနိုင်မယ်၊ လိမ္မော်စိုက်တောင်သူတွေလည်း အဆင်ပြေ နိုင်လိမ့်မယ်။

မေး - လိမ္မော်နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့ အဖွဲ့တွေ တွေ့ရလား။

ဖြေ - ပိုးသတ်ဆေး ကုမ္ပဏီတို့ ဘာတို့ကတော့ သူတို့ပစ္စည်းကိုကြော်ငြာရင်းနဲ့တော့ နည်းနည်းပါးပါးပြောပြတာ ရှိပါတယ်။ ပြည်ပ အဖွဲ့အစည်းတွေရော ပြည်တွင်း အဖွဲ့အစည်းတွေကရော ကော်ဖီ၊ လက်ဖက်နဲ့ ပတ်သက်ပြီးတော့သာ စိတ်ဝင်စားတာ။ လိမ္မော်ကလက်ဖက်တို့၊ ကော်ဖီတို့လို ပြည်ပစျေးကွက်ကို မထိုးဖောက်နိုင်သေးဘူး။ ဒါကြောင့် လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်။။

အိချယ်ရီအောင်/Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်