အပင်တွေကို ရေဓာတ်ပေးစွမ်းနိုင်တဲ့ မြေဆီလွှာအတွင်းက ဆံချည်ရေပြွန်

12/06/2025 13:30 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ဆံချည်ရေပြွန်(Capillary  tube )ဆိုတာဘာလဲ?

သီးနှံပင်ရဲ့ အမြစ်လေးတွေ အစိုဓာတ်ရရှိဖို့ မြေကြီးအောက်ရေလွှာကနေ မြေကြီးပေါ်ကို မြေမှုန်( soil particles)တစ်ခုနှင့်တစ်ခုကြား ဆံချည်သဏ္ဌာန် သေးငယ်တဲ့ ဒေါင်လိုက်ပြွန်​လေးတွေကို ဆံချည်ရေပြွန်(water capilary tube)လို့ခေါ်ပါတယ်။

အပင်တွေအတွက် ဘယ်လိုအရေးပါတာလဲ?

ဒီလို ဆံချည်ရေပြွန်လေးတွေ မြေကြီးထဲမှာ သန်းပေါင်းများစွာရှိနေပါတယ်။ မိုးများရွာသွန်းတဲ့ကာလတွေမှာ မိုးရေများဟာ ဆံချည်ရေပြွန်ကနေတဆင့် ကမ္ဘာ့ဆွဲအားအတိုင်း မြေအောက်ကို စီးဆင်းကြရပါတယ်။

 မိုးခေါင်တဲ့ကာလတွေမှာ ဆောင်းရာသီ မိုးပါးတဲ့ကာလတွေမှာတော့ ရာသီဥတုပူပြင်းလာတာနဲ့အမျှ မြေအောက်ရေတွေဟာ ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်ပြီး ဆံချည်ပြွန်လေးတွေကတဆင့် မြေအပေါ်ယံလွှာဆီကို ရေငွေ့အဖြစ်တက်လာစေပါတယ်။ ဒီအနေအထားမှာ အပင်ရဲ့အမြစ်လေးတွေ အစိုဓာတ်ရရှိပြီး ရှင်သန်စေတာပါ။

တစ်ချိန်တည်းမှာပဲ ဆံချည်ပြွန်လေးတွေရဲ့ အရေးပါတဲ့လုပ်ငန်းကတော့ အပင်အတွက် အာဟာရဓာတ်တွေနဲ့ အမြစ်ဇုံမှာ အသက်ရှုဖို့အောက်ဆီဂျင်ရရှိအောင် ပြုလုပ်ပေးပါသေးတယ်။

ဘယ်မြေအမျိုးအစားမဆို ဆံချည်ရေပြွန်လေးတွေက အတူတူပဲလား?

မတူပါဘူး။  မြေအမျိုးအစားကိုလိုက်ပြီး ဆံချည်ရေပြွန် အကြီးအသေး၊ မြေအောက်ရေ မြင့်တင်ပေးနိုင်စွမ်း ကွာခြားကြပါတယ်။

နုန်းမြေနဲ့ မြေစေးမြေတွေမှာ မြေမှုန်(soil particles)သေးလို့  ဆံချည်ပြွန်သေးပါတယ်။ ဆံချည်ပြွန်သေးလေ ရေမြှင့်တင်နိုင်စွမ်း မြင့်မားလေဖြစ်ပါတယ်။ (သို့သော် မြေစိုလွန်းနေချိန်မှာ ထွန်ထယ်ကိရိယာ ဝင်ရောက်ခြင်း၊ မြေစိုလွန်းချိန် စိုက်ပျိုးပါက နှမ်းဖတ်တောင့်သဏ္ဌာန် မြေမာကျောကျစ်လစ်ခြင်း(Soil compacted)ဖြစ်တတ်ပါတယ်။

ယင်း အနေအထားမျိုးဟာဆံချည်ပြွန်ပျက်စီးပြီး အမြစ်ဇုံမှာ ရေငတ်/အောက်ဆီဂျင်ပြတ်ကာ အပင်ကြီးထွားမှုရပ်တန့်စေပါတယ်။

သဲဆန်မြေတွေမှာ မြေမှုန်sizeကြီးတဲ့အတွက် မြေမှုန်တစ်ခုနဲ့တစ်ခုအကြား space ကျယ်လို့ ဆံချည်ပြွန်size ကြီးပါတယ်။

ဆံချည်ရေပြွန်ကြီးလေ ရေမြှင့်တင်နိုင်စွမ်း နိမ့်လေဖြစ်ပါတယ်။

(ဒါ့ကြောင့် သဲမြေတွေမှာ ရေနဲ့အစိုဓာတ်ထိန်းနိုင်စွမ်း နည်းပါတယ်။)

ဆံချည်ရေပြွန်လေးတွေ ရှိပါလျက်နဲ့ ဆောင်းသီးနှံတွေ ဘာကြောင့် အောက်ဓာတ်ပြတ်ရတာလဲ?

အမြစ်ဇုံမှာ အကြောင်းကြောင်းကြောင့် မြေကြပ်/ခါးကြပ်ခြင်း။

ပတ်ကြားကွဲလွယ်တဲ့ မြေ(မြေစေးမြေ)မှာ မြေစိုလွန်ချိန် ထွန်ရေးပြင်ခဲ့ခြင်း စတဲ့ အချက်တွေဟာ ဆံချည်ပြွန်လေးတွေ ပိတ်ပြီးသကာလ ရေဓာတ်ဆုံးရှုံးစေပါတယ်။

ဆံချည်ပြွန်ကနေတဆင့် ရေပို့ပေမဲ့လည်း အပေါ်ယံမြေဟာနေကာ (အဖုံးပစ္စည်းမရှိသဖြင့်)အမြစ်ဇုံမှာ ရေမထိန်းနိုင်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ဒါဆို ရေကိုဘယ်လိုထိန်းရမလဲ?

ပတ်ဝန်းကျင်အပူချိန်မြင့်ရင် မြေအောက်ရေတွေ ဆံချည်ပြွန်ကနေတဆင့် ​မြေပေါ်ကို ရေငွေ့ပျံလေ့ရှိပါတယ်။

(မြေကြီးပေါ်မှာ မိုးကာစကို ခင်းပြီး.တစ်ညထားကြည့်ပါ။ နောက်နေ့မနက်မှာ  မိုးကာစအောက်မှာ စိုနေတာကိုတွေ့ရပါလိမ့်မယ်။)

ဒါကြောင့် အမြစ်ဇုံမှာ အစိုဓာတ် ကြာရှည်ထိန်းနိုင်အောင် ဘောင်ပေါ်ကို ပလတ်စတစ် အုပ်ပြီး စိုက်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း မိုးနည်းဒေသတွေမှာလည်း အစိုဓာတ်ကြာရှည်ထိန်းနိုင်ဖို့ မျိုးစေ့ချပြီးရင် ဒလိမ့်တုံး/ကြမ်းတုံးနဲ့ဖိအုပ်ထားခဲ့ရပါတယ်။ ဒီနည်းသည်ဟာ ဆံချည်ပြွန်ကနေ ရေငွေ့ကို ဖမ်းထိန်းတဲ့ သဘောပဲ ဖြစ်ပါတယ်။

မြန်မာပြည်အောက်ပိုင်း စပါးပြီး ပဲစိုက်တောင်သူများဟာလည်း စပါးသိမ်းပြီး ပဲထွန်ရေးကို စိုက်ချိန်လုရင်း မြေစိုချိန် ပဲကြဲမည့်အစား စပါးရိုးပြတ်ကြား ထယ်/ထွန်မဝင်ပဲ၊ ခုတ်ဖုံးစနစ်(ပဲကြဲပြီးနောက် စပါးရိုးပြတ်များကို မြက်ဖြတ်စက်/ရိုလာဝင်ခြင်း) နည်းနဲ့ စိုက်ပျိုးခြင်းဟာ ဆံချည်ရေပြွန်လေးများကို ထိန်းသိမ်းခြင်းနဲ့ အစိုဓာတ်ကို ရိုးပြတ်ဖုံးပြီး ဖမ်းထိန်းတဲ့ သဘောပဲဖြစ်ပါတယ်။

ပြန်ချုပ်ရမယ်ဆိုရင်

ဆံချည်ရေပြွန်(water capilary tube)တွေဟာ အပင်တွေ ရေဓာတ်ပေးစွမ်းနိုင်တဲ့ သဘာဝရေစုပ်စက်တာမျိုးလို့ ဆိုနိုင်ပါတယ်။

မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်းနည်းနဲ့ ဆံချည်ပြွန်လေးများ မပျက်စီးရအောင် ဂရုစိုက်မယ်ဆို သီးနှံပင်တွေ ရေနဲ့ အာဟာရဓာတ် ကောင်းစွာရရှိစေနိုင်တဲ့အတွက် သီးနှံတွေအထွက်နှုန်းတိုးလာစေနိုင်တာမို့ အစိမ်းရောင်လမ်းတောင်သူများအတွက် စေတနာများစွာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်