ဓာတုဆေးတွေဖျော်ရင် သတိပြုရမည့် " ရေ” အရည်အသွေး

22/04/2022 15:05 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

စိုက်ပျိုးရေးဆေးများ မဖြစ်မနေ အသုံးပြုနေရတဲ့ တောင်သူမိတ်ဆွေများအတွက် ဆေး ဖျော်စပ်ရာမှာ အသုံးပြုတဲ့ ရေရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဖျန်းလိုက်တဲ့ဆေးရဲ့ အာနိသင်ထိရောက်မှု အနည်းအများ ကွာခြားကြောင်းကို သတိပြုမိစေဖို့ ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။

သင်္ကြန်မတိုင်မီက တောင်သူတယောက် ဖုန်းဆက်လို့ ကွင်းထဲအထိ လိုက်ကြည့်ဖြစ်ပါတယ်။ Fenoxapropအုပ်စု ပေါင်းသတ်ဆေးဖျန်းထားတာ ၇ ရက်ကျော်ပြီ။ ဒေါင်းမြီးပျံနဲ့ မြေစာမြက်မသေလို့ပါတဲ့။

ဖြစ်စဥ်ကို မေးကြည့်တော့ ဆေးနှုန်းထား၊ အစိုဓါတ်၊ ဆေးဖျန်းရမယ့်ရက် စသဖြင့်  အားနည်းချက်မတွေ့ရပါဘူး။ မသေတဲ့ မြက်ပင်ကို နှုတ်ကြည့်တော့ အမြစ်ဇုန်မှာနှစ်ထပ်ဖြစ်နေတယ်။

ပထမတထပ်က အမြစ်သေပေမယ့် ဒုတိယတထပ်က အမြစ်သစ်ပြန်ထွက်လို့မသေတာပါ။

အဲဒီတော့မှ ဆေးဖျော်တဲ့ ရေကို သတိပြုမိသွားတယ်။

( မြောင်းထဲက ရေတွေက နောက်နေပါတယ်)

ရေရဲ့ ပီအိပ်ချ်တိုင်းကြည့်တော့ ၆.၅ ပါ။ ဖျန်းထားတဲ့ ဆေးအုပ်စုက fenoxaprop အုပ်စု။ ဒီအုပ်စု ဆေးက ပီအိပ်ချ် ၄ - ၆အတွင်းမှာ တည်ငြိမ်ပါတယ်။ ethyl ester အက်ဆစ်ပုံစံ ဖြစ်လို့ အချဥ်ကဲတဲ့ အနေအထားမှာ အာနိသင်ပိုရှိပါတယ်။

ဒါတွေကို တောင်သူကိုနားလည်အောင်ရှင်းပြပြီး ကျနော်ကိုယ်တိုင် ဆေးဖျော်ပေးလိုက်ပါတယ်။

ဒီနေရာမှာ ရေရဲ့ ပီအိပ်ချ်ကို ထိန်းညှိခြင်း ဆိုတာလေး ပြောပြဖို့လိုပါမယ်။

ပေါင်းသတ်ဆေး အတော်များများက ပီအိပ် ၅-၆ ကြားမှာ တည်ငြိမ်တာများပါတယ်။ အက်ဆစ်ပုံစံနဲ့ထုတ်လုပ်ကြပါတယ်။

ဒါကြောင့် ပေါင်းသတ်ဆေးဖျန်းရာမှာ ရေကို အချဥ်ဖက်ဦးတည်တဲ့ ထိန်းညှိခြင်းပြုလုပ် ပေးသင့်ပါတယ်။ ဒီအတွက် Buffering agent လို့ ခေါ်တဲ့ ကြားခံပစ္စည်းထည့်ပေးရပါတယ်။

(ဥပမာ  ဂလိုင်ဖိုဆိတ် ဖျန်းရင် ယူရီးယားထည့်ပြီးဖျန်းသလိုမျိုးပေါ့)

ဒါကြောင့် ကျနော်လည်း ရေပုံးထဲကို သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါတယ်။ပီအိပ်ချ် ပြန်တိုင်းကြည့်တယ်။ ၅.၅ အောက်ဖြစ်သွားတယ်။ အိုကေ။ Fenoxaprop ၇၀ စီစီ ထည့်မွှေ ပြီး တခါပြန်တိုင်းကြည့်တယ်။ pH 5 ဖြစ်သွားပြီ။ ဖျန်းလို့ရပြီ။

ဒီနေ့ တော့ ဖုန်းဆက်လာတယ်၊ ခုမှ အိုကေသွားတယ်ဆရာရေ..တဲ့။

ဒေါင်းမြီးပျံသတ် ဆေး(fenoxaprop..)မှာ စပါးပင်မနာအောင် Isoxadifen ဘေးကင်းပစ္စည်းပါရင်.. ဖျန်းရေကို ပိုပြီးဂရုစိုက်ရပါတယ်။ အငွေ့ပျံလွယ်တတ်လို့ ရေကိုပြုပြင်ဖို့ လိုအပ်တာကြောင့်ပါ။ 

(ဒါကြောင့်  ရှာလကာရည်/သံပုရာရည်ထည့်တာပါ။)

အထူးသဖြင့် ပေါင်းသတ်ဆေးထဲမှာ  ဂလိုင်ဖိုဆိတ်( ရွေးချယ်မဲ့) နဲ့ ဖိနောက်ဇာပရော့( ဒေါင်းမြီးပျံဆေး) တွေဟာ ရေသန့်သန့်နဲ့ အက်ဆစ်ပုံစံမှာ အာနိသင်ပိုထက်ပါတယ်။

2-4-d ပေါင်းသတ်ဆေးမှာတောင် ဖော်မြူလာပေါ်မူတည်ပြီး အက်ဆစ်ကြိုက်နဲ့ အယ်လ်ကာလီကြိုက်ခြင်း ကွာခြားပါတယ်။

2-4 d ဆိုပေမယ့် amine လား? esterလား? ကွဲပါတယ်။

Amine ဆိုရင် အယ်ကာလီမှာ တည်ငြိမ်ပေမယ့် ester ဆိုရင် အယ်ကာလီမှာ အငွေ့ပျံလွယ်ပါတယ်။ 

ပိုးသတ်ဆေးအများစုကတော့ pH - 7 မှာ တည်ငြိမ်ပါတယ်။ (profenofos အုပ်စုကလွဲရင် ပေါ့)

 

အဓိက သတိပြုရမယ့်အချက်များကတော့...

၁။ ရေကြည် ဖြစ်ရပါမယ်

ရေနောက်ရင်၊ ပျော်ဝင်နေတဲ့  သတ္တုဓာတ်တွေက ...

ပေါင်းသတ်ဆေးနဲ့ဓာတ်ပြုပြီး အာနိသင် လျော့နိုင်ပါတယ်။

(ရေပုံးထဲ လက်ထောက်ကြည့်လို့ ကိုယ့်လက်ကိုယ် ပြန်မမြင်ရရင် ရေနောက်တယ်လို့ယူဆပါ။)

၂။ အရပ်ခေါ် ရေငန်လို့ယူဆရတဲ့ ရေနဲ့ ပေါင်းသတ်ဆေး မဖျန်းသင့်ပါ။

( ရွေးချယ်စရာမရှိပါက Buffering agentအဖြစ် ရှာလကာရည်၊ သံပုရာရည် တမျိုးမျိုး ထည့်သွင်းအသုံးပြုပါ။)

ဂလိုင်ဖိုဆိတ်ဖျန်းမယ်ဆိုရင် အမိုနီယံဆာလဖိတ်ကို ရေတဂါလံ/၁၀ ဂရမ် နှုန်းနဲ့ ထည့်နိုင်ပါတယ်။

၃။ ၂၅ဒီဂရီဆဲစိယပ်ထက်ပူသောရေဆိုရင် ဆေးဖျော်ဖို့မသင့်ပါ။ အာနိသင် ပြယ်နိုင်ပါတယ်။

၄။ ရေစေး(hard water)မဖြစ်ရပါ။

အကြမ်းဖျဥ်း ပြောရရင် ဆပ်ပြာအမြှုပ်မထွက်တဲ့ ရေပါ။ ကယ်လ်စီယံ/မဂ္ဂနီစီယံဘိုင်ကာဘွန်နိတ်တွေ၊ ဆိုဒီယံနိုက်ထြိတ်တွေကြောင့် ဆေးအာနိသင် လျေ့ာစေပါတယ်(ဗီနီဂါ/ရှာလကာရည်ကို ရေတဂါလံ/5စီစီ နှုန်းနဲ့ ထည့်ပေးရပါတယ်။)

ကဲ...ဒီ လောက်ဆိုရင် ဆေးဖျော်ရာမှာ ရေရဲ့အရည်အသွေး ကောင်းခြင်းက ဆေးအာနိသင်အပေါ် ဘယ်လောက်လွှမ်းမိုးနိုင်သလဲ..ဆိုတာ သိလောက်ပြီထင်ပါတယ်။

ဒါ ကြောင့်. တောင်သူမိတ်ဆွေများအနေနဲ့ လိုချင်တဲ့ဆေးအာနိသင်ရဖို့ ဆေးဖျော်ရာမှာ သတိပြုစရာလေးတွေ လုပ်ဆောင်နိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်...

ပျံလွှား(ပုလဲ)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်