"စိုက်ပျိုးရေး လုပ်ကိုင်ဖို့ အတွက်တော်တော်လေးအဟန့်အတား ဖြစ်နေတယ်"

22/01/2018 11:37 AM တွင် Myanmar Now Myanmar Now မှ ရေးသား

ချင်းပြည်နယ် မှာတောင်ယာ ခုတ်မှုကြောင့်စမ်းရေ ခမ်းခြောက်လာပြီး စိုက်ပျိုးရေး လုပ်ငန်း ထိခိုက်နေတယ်လို့  ဟားခါးခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဟုန်းကီး ကပြောပါတယ်။

ဦးစီးမှူးက၁၉၉၈ခုနှစ်မှာရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက်ပိုင်း ဇာတိ ချင်းပြည်နယ်မှာပဲ စိုက်ပျိုးရေးဌာန တာဝန်ထမ်းရတဲ့ အတွက်ဂုဏ်ယူနေပါတယ်။

Myanmar Now နဲ့မကြာသေးခင်ကတွေ့ဆုံရာမှာ ဦးစီးမှူးက ဒေသတွင်း စိုက်ပျိုးရေး အခြေအနေ၊ပတ်ဝန်းကျင်ပျက်စီးပြီး ရာသီဥတု ပြောင်းလဲမှု၊အမြဲတမ်းတောင်ယာ စနစ်အကောင်အထည်ဖော်ခြင်းတို့ အကြောင်းပြောပြထားပါတယ်။

မေး။  ချင်းတောင်ပေါ်ဒေသမှာ စိုက်ပျိုးရေး သမားတွေအဓိက ရင်ဆိုင်နေရတဲ့အခက်အခဲကို ပြောပြပေးပါ။

ဖြေ။    ။အဓိကကတော့မျိုးစေ့ ကဏ္ဍ ဖြစ်ပါတယ်။ဒေသရေမြေနဲ့ ကိုက်ညီတဲ့မျိုးစေ့တွေကို လုံလုံလောက်လောက် မပေးနိုင်ပါဘူး။စိုက်ပျိုးရေး ဦးစီးဌာနမှာ လိုအပ်နေတဲ့မျိုးစေ့ခြံတွေအပြည့်အဝ မဖော်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။

မေး။  ချင်းပြည်နယ်က မျိုးစေ့ခြံ အကြောင်း ပြောပြပေးပါ။

ဖြေ။    ။ဟိုးအရင်ခေတ်တုန်းက သုတေသနခြံ အဖြစ် ရပ်တည်ခဲ့တယ်။နောက်ပိုင်းမှာ အခြေအနေ အရပ်ရပ်ကြောင့်ဟင်းသီး၊ဟင်းရွက်မျိုးစေ့သော် လည်းကောင်း၊နှစ်ရှည်မျိုးစေ့သော် လည်းကောင်းဖြန့်ဖြူးနိုင်ဖို့၊ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဒေသမှာဆို ထောပတ်မျိုးတွေကိုဖြန့်ဖြူးနိုင်ဖို့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ကော်ဖီဆိုရင်လည်း ဒေသနဲ့ကိုက်ညီမယ့်ကော်ဖီမျိုးစေ့ကို ထုတ်လုပ် ဖြန့်ဖြူးဖို့စီမံနေပါတယ်။

မေး။  မျိုးခြံတွေကို ဘယ်လို လုပ်ကိုင်နေကြပါသလဲ။

ဖြေ။    ။အရင်တုန်းကတော့ရှိတယ်လို့ပဲ ဆိုရမလား။ လုပ်ဆောင်မှုလေးတွေ နည်းနည်းလေး အားနည်းပါတယ်။ဒေသမှာ ပညာရှင်တွေလည်း အများကြီး လိုအပ်ပါတယ်။မြေပြန့်ဒေသမှာလို မျိုးစေ့ခြံရယ်လို့သီးသန့်ကြီး မရှိပါဘူး။ ထိန်းသိမ်းရေး ခြံအနေနဲ့ပဲ ရှိခဲ့ပါတယ်။ မင်းတပ်(ချင်းပြည်နယ်တောင်ပိုင်းမြို့)မှာဆို ဧကထောင်နဲ့ချီပြီး ရှိပါတယ်။ထောပတ် သီးနှံကို ထိန်းသိမ်းနေတယ်။ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့ ရည်ရွယ်ပြီးတော့အစေ့ ထုတ်ပြောင်းမျိုး ထုတ်လုပ်ခြင်းတို့၊စပါးမျိုး ထုတ်လုပ်ခြင်းတို့ကို မဆောင်ရွက်နိုင်သေးပါဘူး။နှစ်ရှည် ပျိုးပင် ထုတ်လုပ်တဲ့ခြေလှမ်း အဆင့်ကိုပဲဖော်ဆောင်ပေးနိုင်ပါသေးတယ်။

မေး။  စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး ကဏ္ဍတိုးတက်ဖို့ဘယ်လို ကူညီပေးနေပါသလဲ။

ဖြေ။    ။ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာတော့အမြဲတမ်း စိုက်ပျိုးမြေဧက ဖော်ဆောင်ရေးနဲ့ရွှေ့ပြောင်းတောင်ယာစနစ် လျော့ကျရေးအတွက်အဓိက လုပ်နေပါတယ်။ချင်းပြည်မှာ၅၅ ဧကဖော်ဆောင်မယ်ဆိုတဲ့ညွန်ကြားချက်နဲ့ အတူနေရာ သတ်မှတ်ခြင်း၊စီမံချက်ရေးဆွဲခြင်းတွေကို လုပ်ဆောင်နေပါပြီ။ဒီနှစ်မှာ စံပြကွက် အနေနဲ့လွှမ်းခြုံနိုင်မယ့်ဟားခါး ခရိုင်မှာဆို ဧက၃ဝ ရှိပါတယ်။အဲဒီဧက၃ဝကို နေရာတွေရွေးပြီးတာနဲ့ဇုန်တွေသတ်မှတ်ပြီးတော့ဆောင်ရွက်ဖို့ ရှိပါတယ်။

မေး။  ချင်းတောင်းတန်း စိုက်ပျိုးရေးမှာရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်တာက တစ်နှစ်ကို ဘယ်လောက်များရှိလဲ၊ဒါဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြေပြိုမှုတွေ၊ရေကြီးရေလျှံမှုတွေနဲ့ဆက်စပ်နေပါသလား။

ဖြေ။    ။ချင်းတောင်သူတွေရဲ့ရ၅ ရာခိုင်နှုန်းက ရွေ့ပြောင်းတောင်ယာ လုပ်ငန်းကို လုပ်ကိုင်နေကြရတာပါ။  ချင်းပြည်နယ်မှာ၉ မြို့နယ် ရှိပါတယ်။တစ်နှစ်၊တစ်နှစ်ကို ဧကပေါင်းသိန်းနဲ့ ချီပြီးရွှေ့ပြောင်း တောင်ယာခုတ်ပြီးတော့ရွှေ့ပြောင်း တောင်ယာ စနစ်ကို လက်ခံ ကျင့်သုံးနေကြပါတယ်။အခု လတ်တလောဖြစ်နေတဲ့မြေပြိုမှုတွေနဲ့ဆက်စပ်မှုတော့အများကြီး ရှိပါတယ်။ဒါပေမယ့်ရွှေ့ပြောင်းတောင်ယာမှ မလုပ်ရင်တောင်သူတွေဟာ လုပ်ကိုင် စားသောက်ဖို့ မရှိတဲ့အတွက်ဒီဟာတွေကို စဉ်ဆက် မပြတ် လုပ်နေကြပါတယ်။အခုတော့အစိုးရ အဖွဲ့၊NGO အဖွဲ့၊INGOအဖွဲ့တွေနဲ့အမြဲတမ်း စိုက်ကွက်ဖော်ဆောင်နိုင်ဖို့ပူးပေါင်းပြီးတော့ပညာပေးခြင်း လုပ်ငန်း၊စံပြကွက် လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

မေး။  အမြဲတမ်း စိုက်ပျိုးမြေ ဖော်ဆောင်ဖို့ဘယ်လောက် လျာထားပါသလဲ။ မဖော်ဆောင်နိုင်ရင်ချင်းတောင်တန်း အတွက်ဘယ်လောက်တောင်အန္တရာယ်ရှိနေပါသလဲ။

ဖြေ။    ။အဓိကကတော့ လူပါပဲ။ဒေသခံ လူထုတွေက ဒီရွှေ့ပြောင်းတောင်ယာမှမလုပ်ရရင်တခြား လုပ်ကိုင်စားသောက်စရာ မရှိဘူး။ဒီတော့ဒါကိုဆက်ပြီးတော့ လုပ်ကိုင်နေမှာပဲ။သူ့ရဲ့ဆိုးကျိုး အနေနဲ့ဆိုရင်သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားတဲ့ အတွက်၊ရာသီဥတု လုံးဝပြောင်းလဲ သွားတဲ့အတွက်၊အရင်ဖြစ်ပြီးသားနှစ်ရှည် သီးနှံတောင်အခု မဖြစ်တော့ဘူး။ပြီးတော့မြေဆီသြဇာက ခမ်းခြောက် လာတယ်။အရင်တုန်းကဆို မြေဆီသြဇာ ကောင်းခဲ့တယ်။ရွှေ့ပြောင်းတောင်ယာမှာ တင်း ၃ဝထွက်ခဲ့တယ်။ခု တင်း၃ဝထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ဒေသခံ ပြည်သူများလည်း ဝင်ငွေ ရရှိမှု၊ဒေသ ဆန်ဖူလုံမှုလည်း မရှိခဲ့ပါဘူး။   ကျွန်တော်တို့ဒေသမှာ ရှိခဲ့တဲ့စမ်းချောင်းလေးတွေက အစ အခုဆိုရင်လုံးဝ သိသိသာသာကို ခမ်းခြောက်သွားပြီးတော့စိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက်တော်တော်လေး အဟန့်အတား ဖြစ်နေတယ်လို့ပြောချင်ပါတယ်။

မေး။  ရွေ့ပြောင်းတောင်ယာ ဆိုးကျိုးတွေကို ပညာပေးသွားဖို့ ရှိပါသလား။

ဖြေ။    ။ရှိပါတယ်။ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ကဏ္ဍအစုံက အဖွဲ့အစည်း ပေါင်းစုံ၊CSOက စပြီးတော့ပေါင်းစည်းပြီးတော့ပညာပေး လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားမှာပါ။အပြောထက်လက်တွေ့ဟာတွေကို ပိုပြီးတော့ဆောင်ရွက်ပေးနိုင်ဖို့ကျွန်တော်တို့ဌာနက လမ်းညွှန်ချက် ရှိပါတယ်။ဒေသရေမြေ ရာသီဥတုနဲ့ကိုက်ညီတဲ့သီးနှံတွေ ကိုရွေးချယ်ပြီးတော့အဲဒါတွေကို ကျယ်ကျယ် ပြန့်ပြန့်လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ပြီးတော့ပညာပေးဖို့ညွန်ကြားချက် ရှိပါတယ်။။

ဖြိုးသီဟချို/ ဟားခါးMyanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်