လျော့နည်းလာတဲ့ ငါးအရင်းအမြစ်တွေကို မီးမောင်းထိုးပြဖို့အတွက် နှစ်စဉ်ကျင်းပကြတဲ့ "ကမ္ဘာ့ငါးလုပ်ငန်းနေ့"

21/11/2023 11:30 AM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ကမ္ဘာ့လူဦးရေတိုးပွားလာတာနဲ့အမျှ စားနပ်ရိက္ခာဖူလုံရေးဟာလည်း အလွန်ပင် အရေးပါလှပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၂၀၂၃ ခုနှစ်အတွက် လူဦးရေ (World Population) ခန့်မှန်းအရေအတွက်ဟာ သန်းပေါင်း ရှစ်ထောင့်လေးဆယ့်ငါးသန်းကျော်ပါတယ်။ ၂၀၂၂ ခုနှစ်စပြီး ကမ္ဘာ့လူဦးရေတိုးနှုန်းဟာ ၀.၈၈% ရှိတယ်လို့ ဆိုပါတယ်။ တိုးပွားလာတဲ့ လူဦးရေနဲ့အညီ လုံလောက်တဲ့ စားနပ်ရိက္ခာရဖို့ တိုးပြီးထုတ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ငါးရိက္ခာဟာ ကျန်တဲ့ အသားရိက္ခာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ကြက်သားတို့ထက် ပိုပြီး ကုန်သွယ်မှုပြု စားသုံးကြတာကို တွေ့ရပါတယ်။ INFOFISH (2019) ဖော်ပြချက်အရ နိုင်ငံတကာစျေးကွက်ရဲ့ ကုန်သွယ်မှုမှာ ငါး (Fish) က ၅၀% ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်မို့ Food Security အတွက် အရေးပါတဲ့ ငါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ကလည်း လိုအပ်လာမှာပါဖြစ်ပါတယ်။

ကမ္ဘာ့ငါးလုပ်ငန်းနေ့ဖြစ်ပေါ်လာပုံကတော့ 

World Fisheries Consortium Forum ကို ၁၉၉၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး World Fisheries Forum (WFF) ဟု အမည်ပေးတွင်စေခဲ့ပါတယ်။ ဤဖိုရမ်ရဲ့ မူဘောင်အတွင်းမှာ ကမ္ဘာ့တဝှမ်းမှ ပါဝင်သူ အများအပြားရှိပြီး နိုင်ငံပေါင်း (၁၈) နိုင်ငံခန့်ရဲ့ ကျင့်ထုံးများ “စံ” ပြုခြင်းကို အလေးပေးဖော်ပြသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် WFF သည် ငါးဖမ်းခြင်းအား အမြတ်အစွန်း စံနှုန်း၊ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးနည်းလမ်းများ ဖြစ်စေရန် ပိုမိုမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလေ့အကျင့်များနဲ့ မူဝါဒတွေကို စဉ်ဆက်မပြတ် လိုက်နာလုပ်ဆောင်စေခဲ့ပါတယ်။ ယင်းနှစ်ရဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာပဲ ပထမအကြိမ် ကမ္ဘာ့ငါးလုပ်ငန်းနေ့ကို စတင်ကျင်းပခဲ့ပြီးတော့  ကမ္ဘာတဝှမ်းရှိ ငါးဖမ်းခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းများမှ နှစ်စဉ် နိုဝင်ဘာလ (၂၁) ရက်နေ့ ရောက်တိုင်း အစဉ်အလာမပြတ် ကျင်းပကြပါတယ်။

ကျင်းပဖြစ်တဲ့ရည်ရွယ်ချက်ကတော့ ကျန်းမာတဲ့ သမုဒ္ဒရာဂေဟစနစ်က ဘယ်လောက်အရေးပါပါတယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြပြီး ကမ္ဘာပေါ်မှာ ရေရှည်တည်တံ့တဲ့ ငါးလုပ်ငန်းကိုလုပ်ကိုင်ကြစေရန်အတွက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အဏ္ဏဝါဂေဟစနစ်ရဲ့အရေးပါမှုနှင့် ကမ္ဘာတဝှမ်း ရေရှည်တည်တံ့တဲ့ ငါးဖြစ်ထွန်းတည်ရှိနေမှု စိတ်ချလုံခြုံရေးသည် အရေးကြီးတယ်ဆိုတဲ့ကြောင်း အလေးပေးထားတာဖြစ်ပြီးတော့ ကမ္ဘာ့ငါးနေ့မှာ အရေးမကြီးဘူးထင်တဲ့ ဒေသ၊ ရပ်ရွာများတွေက ငါးဖမ်းလုပ်ငန်းကို အာရုံရလာစေရန်နဲ့ World Fisheries Forum (WFF) ကြိုးပမ်းအားထုတ်မှုတွေကို အလေးထားစေဖို့ပဲဖြစ်ပါတယ်။ 

ပင်လယ်စာနှင့် ငါးဆိုတာ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူများစွာရဲ့ ရိုးရာအစားအစာများဖြစ်သည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်အနီးရှိဒေသများ တွင် နေထိုင်သူတွေက သူတို့ရဲ့ အဓိကအစားအစာ တစ်ခုအဖြစ် စားသုံးပါတယ်။ ဒီနေ့ (နိုဝင်ဘာ - ၂၁) မှာ အနာဂတ် ကုန်သွယ်မှုပန်းတိုင်များနှင့် မှတ်တိုင် (Milestones) များ ချမှတ်ရာတွင် ထောက်ပံ့ပေးဖို့အတွက် ငါးလုပ်ငန်းဆိုင်ရာ ဌာနများသာမက မဟာမိတ်များစွာကို စုစည်းစေပါတယ်။

ကမ္ဘာ့ငါးနေ့မှာ ကမ္ဘာ့ငါးလုပ်ငန်းနှင့် ငါးဖမ်းခြင်းကို စဉ်ဆက်မပြတ် စီမံခန့်ခွဲရန် သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ပြည်သူတရပ်လုံးကို တိုက်တွန်းလျက်လည်းရှိပါတယ်။ ကုလသမဂ္ဂ၏ အဆိုအရ ကမ္ဘာ့ငါးဖမ်းလုပ်ငန်း စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ငါးအလွန်အကျွံ ဖမ်းဆီး (Overfished) နေပါတယ်တဲ့။ ဒါ့အပြင် ကမ္ဘာကြီး ပူးနွေးလာမှုနှင့် လေထုညစ်ညမ်းမှုတွေကြောင့် ကမ္ဘာငါးလုပ်ငန်း ထိခိုက်စေပါတယ်တဲ့။ ကမ္ဘာ့ငါးလုပ်ငန်းနေ့က သဘာဝပတ်ဝန်းကျင်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တာမို့  ငါးလုပ်ငန်းအားလုံးကို ကာကွယ်ရန် ဒီနေ့က  သတိပေးနေတာပဲ ဖြစ်ပါတယ်။

သမုဒ္ဒရာနဲ့ ပင်လယ်ပြင်မှာ စိမ်းပြာရေညှိပေါက်ပွားမှု၊ ပင်လယ်ရေပြင်တွင် ရေနံယိုဖိတ်မှုနဲ့ လေထုညစ်ညမ်းမှု၊ ပလတ်စတစ်ကျူးကျော်မှု၊ ပင်လယ်ရေမှာ အဆိပ်သင့် ဓာတုပစ္စည်းများ ဝင်ရောက်မှုစသည့် ပြဿနာများစွာက ငါးဖမ်းလုပ်ငန်းတွင် ကြုံတွေ့နေရတဲ့ အခက်အခဲများပဲဖြစ်ပါတယ်။

စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုလမ်းညွှန်ချက်တွေ လုံလောက်စွာ မရှိတာကြောင့် ယနေ့ခေတ် ကုန်သွယ်မှုအတွက် ကမ္ဘာ့ငါးလုပ်ငန်းနေ့က အရေးကြီးပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရေထု၏ အပူချိန်မြင့်တက်လာပြီး ငါးများ၏ ရှင်သန်နေထိုင်မှု နှင့် ပွားများမှုကို ပိုမိုထိခိုက်စေပါတယ်။ သက်ဆိုင်ရာ အချက်အလက်တွေကို တက်ကြွစွာနှင့် မှန်ကန်စွာစီမံခန့်ခွဲခြင်းက ရေရှည်တည်တံ့တဲ့ ငါးလုပ်ငန်းဆိုင်ရာ ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီနိုင်စေမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ငါးလုပ်ငန်းနေ့ဆိုတာ ကမ္ဘာတဝှမ်းရှိ ရေလုပ်သားများ၊ မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သူများအားလုံးနှင့် စည်းလုံးညီညွှတ်မှုကို ပြသရာရောက်ပြီး နေရပ်ဒေသပျက်စီးစေခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်းနှင့် အဏ္ဏဝါနဲ့ ကုန်တွင်းပိုင်းငါး သဟဇာတဖြစ်တည်မှု ရေရှည်တည်တံ့ရေးအတွက် အခြားသော အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုများကို ဂရုစိုက်ကိုင် တွယ်ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်။

သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ပွားများစွာ ရှိနေစေရန်မှာ ဖမ်းဆီးခြင်းကို တတ်နိုင်သမျှ လျှော့ချ၍ မွေးမြူရေးဘက်သို့ ဇောင်းပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအင်းတွင် ဖော်ပြထားမှုအရ သုတေသန ပြု လေ့လာတွေ့ရှိမှုမှာ နော်ဝေးနိုင်ငံသုတေသနသင်္ဘောဖြင့် မြန်မာ့ပင်လယ်ပြင်တွင်ရေပေါ်ငါး (Pelagic Fish) ၏ သတ်မှတ်ဧရိယာ ထုထည်တခုအတွင်း သက်ရှိငါးအရေအတွက် (သို့) အလေးချိန်ပမာဏ (Fish Biomass) သည် ၁၉၇၉ - ၁၉၈၀ လေ့ လာမှုအရ ခန့်မှန်းတန် (၁) သန်းခန့် ရှိခဲ့ရာမှ ၂၀၁၃ - ၂၀၁၅ နှင့် ၂၀၁၈ (သုံးကြိမ်) လေ့လာမှု ပျမ်းမျှခန့်မှန်း Biomass မှာ တန် (၁) သိန်း (၆) သောင်းသာရှိတော့သဖြင့် လက်ရှိအနေအထားမှာ ၁၉၇၉ - ၁၉၈၀ လေ့လာမှုနှင့် နှိုင်းယှဉ်ပါက ၈၀% လျော့နည်းသွားသည်ကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ရေအောက်ငါး (Demersal Fish) မှာလည်း ၁၉၇၉ - ၁၉၈၀ လေ့လာမှုအ ရ ခန့်မှန်းတန် (၇) သိန်းခွဲရှိခဲ့ရာမှ ၂၀၁၃ - ၂၀၁၅ နှင့် ၂၀၁၈ (သုံးကြိမ်) လေ့လာမှု ပျမ်းမျှခန့် မှန်းတန်ချိန် (၃) သိန်း (၁) သောင်းသာရှိတော့သဖြင့် ၁၉၇၉ - ၁၉၈၀ လေ့လာမှုနှင့် နှိုင်းယှဉ်ပါက ၆၀% ခန့် လျော့နည်းသွားသည်ကို တွေ့ရပါတယ်။

အဆိုပါလေ့လာတွေ့ရှိချက်တွေအရ သဘာဝသယံဇာတများအပေါ် လွန်ကဲစွာ ဖမ်းဆီးခြင်းများကြောင့် ရေရှည်တွင် သယံဇာတ အရင်းအမြစ်များ လျော့နည်းပြုံးတီးလာခြင်းပဲ ဖြစ်ပါတယ်။

သို့ဖြစ်ရာ လက်ရှိကာလတွင်  ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ထားသည်ကို လိုက်နာပြီး တဖက်မှာလည်း ရေသတ္တဝါ မွေးမြူရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှ အားပေးကူညီ ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံအတွက် ငါးရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းဖော်ပြရင်း “ကမ္ဘာ့ငါးလုပ်ငန်းနေ့” ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်