စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အခန်းကဏ္ဍ

29/04/2023 09:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ဧပြီလ ၂၉ ရက်ဟာ ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ (World Veterinary Day) ဖြစ်ပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (World Veterinary Association - WVA) က၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ပြီး နှစ်စဉ် ဧပြီလရဲ့ နောက်ဆုံးပတ် စနေနေ့ကို ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ အဖြစ်သတ်မှတ်ပြီး ကမ္ဘာတလွှား အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ ရှိကြပါတယ်။ 

ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ကို အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် သတ်မှတ်ရတဲ့ အဓိကအကြောင်းအရင်း တစ်ခုကတော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ စွမ်းဆောင်မှုတွေနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ လုပ်ငန်းနဲ့ တာဝန်က နာမကျန်းတဲ့ တိရစ္ဆာန်တွေကို ဆေးဝါးကုသပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုကလည်း ဒီလိုပဲ ယူဆထားကြလိမ့်မယ်လို့ ယူဆပါတယ်။ တကယ်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်များဟာ အဲဒီလို ရိုးရှင်းတဲ့ လုပ်ငန်းတာဝန်အပြင် ကျယ်ပြန့်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အရေးပါတဲ့ အခြားလုပ်ငန်းကဏ္ဍတွေမှာလည်း တာဝန်ယူနေကြရပါတယ်။ အဲဒီထဲမှာ လူ့လောကတစ်ခုလုံးရဲ့ မောင်းနှင်အားဖြစ်သလို လူ့ယဉ်ကျေးမှုရဲ့ ဦးဆောင်လမ်းပြဖြစ်တဲ့ "စီးပွားရေး" ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ အခါသမယမှာ တိရစ္ဆာန်ဆေးကုပညာနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုပါဝင်ပတ်သက်နေသလဲ ဆိုတာကို အကျဉ်းမျှ ဆွေးနွေးတင်ပြလိုပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ထုတ်လုပ်မှုတန်ဖိုး (GDP) ၊ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၉၄ ထရီလီယံ ရှိခဲ့ပါတယ်။ အဲဒီထဲက ၈၉၇.၅ ဘီလီယံဟာ အသားထုတ်လုပ်မှု တစ်မျိုးတည်းက ရရှိတဲ့ ဝင်ငွေ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးလှတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၈၉၇.၅ ဘီလီယံ ဆိုတာ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် GDP ဖြစ်တဲ့ ၆၉.၀၉ ဘီလီယံ ဒေါ်လာနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၄ ဆ နီးပါးလောက် ရှိပါတယ်။ ဒါဟာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ပါဝင်နေတဲ့ စီးပွားရေးကဏ္ဍ များစွာထဲက အသားထုတ်လုပ်မှု တစ်ခုတည်းရဲ့ ထုတ်လုပ်မှုပမာဏသာ ဖြစ်ပါတယ်။ တကယ်တော့ အသားထုတ်လုပ်ရေးကဏ္ဍကြီးဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတာပါ။ ၂၀၂၇ ခုနှစ်မှာ တစ်ကမ္ဘာလုံး အသားကဏ္ဍရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃၅၄ ဘီလီယံအထိ မြင့်မားလာဖို့ ရှိပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ ရောဂါရှာ‌ဖွေထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေးဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့အတူ၊ အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ တတ်သိပညာတွေ မပါဝင်ဘဲ ဒီလောက်ကြီးမားတဲ့ အသားထုတ်လုပ်ရေးကဏ္ဍဆိုတာ ဖြစ်မလာနိုင်ပါဘူး။

 

တိရစ္ဆာန်ဆေးကုပညာရပ်ဟာ ကုန်းနေသတ္တဝါတွေသာမက ရေနေသတ္တဝါတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း တာဝန်ယူရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတလွှား ငါးအပါအဝင် ရေသတ္တဝါ မက်ထရစ်တန်ချိန် သန်း ၁၈၀ ကျော် ထုတ်လုပ်ခဲ့ပြီး၊ အဲဒီထဲက ၈၉.၇ သန်းဟာ သဘာဝကနေ ဖမ်းဆီးတာဖြစ်ပြီး ၉၂.၃ သန်းကတော့ မွေးမြူထုတ်လုပ်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ငါးမွေးမြူထုတ်လုပ်မှုကဏ္ဍရဲ့တန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၈၉.၆  ဘီလီယံ ရှိပြီး ၂၀၃၀ မှာ ၄၂၁.၂ ဘီလီယံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလို ကြီးမားလှတဲ့ စီးပွားရေးကဏ္ဍကြီးကို ဖြိုချနိုင်တဲ့အင်အားတွေထဲမှာ အကြီးမားဆုံးကတော့ ရောဂါတွေပါပဲ။ ၂၀၁၇ ခုနှစ်က သုတေသနစာတမ်းတစ်စောင်မှာ ကမ္ဘာတစ်ဝန်း ငါးမွေးမြူရေးကဏ္ဍတစ်ခုလုံးအနေနဲ့  ရောဂါဘယတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖိုးလောက် ဆုံးရှုံးနေရတယ်လို့ တွက်ချက်ပြထားပါတယ်။ အဲဒီလို ဆုံးရှုံးမှုတွေကို လျှော့ချပြီး၊ တစ်ကမ္ဘာလုံး ငါး‌မွေးမြူထုတ်လုပ်မှု နှစ်စဉ် ၅ ရာခိုင်နှုန်းကျော် တိုးတက်လာဖို့အတွက် တိရစ္ဆာန်ဆေးကုပညာနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက တာဝန်ယူပေးထားပါတယ်။ 

တကယ်တော့ သားငါးကဏ္ဍမှာသာမက လယ်ယာစိုက်ပျိုးရေးမှာလည်း တိရစ္ဆာန်ဆေးကုပညာရပ်နယ်ပယ်က အကျယ်အပြန့် ပါဝင်ပတ်သက်နေရပါတယ်။ နိုင်ငံအတော်များများ၊ အထူးသဖြင့် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ တိရစ္ဆာန်တွေကို အသား၊ နို့၊ ဥ ထုတ်လုပ်ဖို့အတွက်သာမကဘဲ၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်အားရရှိဖို့ မွေးမြူကြရပါသေးတယ်။ ကမ္ဘာပေါ်မှာ လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ တိရစ္ဆာန် အများအပြားရှိတဲ့အနက် အာရှကျွဲတစ်မျိုးတည်းတင် အကောင်ရေ ၁၆၅ သန်းလောက် လယ်ယာလုပ်ငန်းမှာ ခိုင်းစေဖို့ အသုံးပြုနေရပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်‌တွေအနေနဲ့ အဲဒီတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေး ဆိုတဲ့ စီးပွားရေးကဏ္ဍကို ထောက်ကူပေးနေတာ ဖြစ်ပါတယ်။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်မှာ အိမ်မွေးအချစ်တော်တိရစ္ဆာန်လေးတွေ မွေးမြူ‌တာကလည်း ခေတ်စားလာပါတယ်။ အဲဒီကဏ္ဍဟာလည်း ကမ္ဘာတဝှမ်း စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်လာနေပါပြီ။ လက်ရှိ တစ်ကမ္ဘာလုံးက အချစ်တော်အိမ်မွေးတိရစ္ဆာန်မွေးမြူရေးကဏ္ဍရဲ့ ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ ၂၀၂၇ ခုနှစ်အရောက်မှာ ဒီလုပ်ငန်းဟာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ အထိ ကြီးထွားလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အချစ်တော်အိမ်မွေးတိရစ္ဆာန်မွေးမြူရေးလောကရဲ့ အဓိကမောင်းနှင်အားဟာ တိရစ္ဆာန်ဆေးကုခန်းတွေဖြစ်တယ်ဆိုတာ အင်မတန်ရှင်းလင်း မြင်သာပါတယ်။ 

တိရစ္ဆာန်ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ COVID-19 လို ကပ်ရောဂါဖြစ်ပွားမှုတွေ မဖြစ်ပွားအောင် တတ်နိုင်သမျှ ကာကွယ်ရင်း ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ထိန်းသိမ်းထားကြပါတယ်။

၂၀၂၀ ခုနှစ်တစ်နှစ်တည်းမှာ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ GDP ၃.၄ ရာခိုင်နှုန်းကျဆင်းခဲ့ရပြီး၊ အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ဆုံးရှုံးခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ တိရစ္ဆာန်ကနေ လူကို ကူးစက်ဖြသ်ပွားနိုဂ်တဲ့ ရောဂါပေါင်း ၂၀၀ ကျော် စာရင်းဝင် သိရှိထားပြီး၊ စာရင်းမဝင်သေးတဲ့ ရောဂါတွေလည်း အမြောက်အများ ရှိနေနိုင်ပါသေးတယ်။ ဒီလိုရောဂါတွေ လူသားတွေထံ ကူးစက်ရောက်ရှိပြီး ကပ်ရောဂါအသွင် ဖြစ်ပွားမလာဖို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက တာဝန်ယူ ကာကွယ်ထားကြတာပါ။ ဒါဟာလည်း တစ်နည်းအားဖြင့် ကမ္ဘာ့ စီးပွားရေးကို အဓိကနေရာကနေ ကာကွယ်ထားခြင်းပဲလို့ ဆိုနိုင်ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့တဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေဟာ တိရစ္ဆာန်‌ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ပတ်သက်နေတဲ့ ကဏ္ဍများစွာထဲက တချို့တလေကိုသာ မြင်သာအောင် မီးမောင်းထိုး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဖော်ပြထားတဲ့ ငွေကြေးကိန်းဂဏန်းတွေဟာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက တိုက်ရိုက် ရှာဖွေပေးနေတဲ့ ငွေကြေးကိန်းဂဏန်းတွေတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ဖော်ပြထားတဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေ ရရှိဖို့တော့ တိရစ္ဆာန်ဆေးကုပညာရပ်နယ်ပယ်ရဲ့ စွမ်းဆောင်ရည်တွေ မပါဝင်ဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တိရစ္ဆာန်‌ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ အခန်းကဏ္ဍက ကြီးမားလှပေမယ့် အချို့သော နိုင်ငံများမှာ လုံလောက်တဲ့ အသိအမှတ်ပြုမှု၊ အရေးတစ်ယူပြုမှု၊ ပံ့ပိုးကူညီမှုတွေ မရှိသေးတာကို တွေ့နေရဆဲပါ။ တိရစ္ဆာန်ဆေးကုသရေးဝန်ဆောင်မှုကို စီးပွား‌ရေးကဏ္ဍတစ်ရပ်အဖြစ် ရှုမြင်နိုင်ခြင်း မရှိသေးတာကိုတောင် တွေ့နေရပါတယ်။ တကယ်တော့ တိုင်းပြည်စီးပွားရေးမှာပါဝင်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်နိုင်ပြီး တိရစ္ဆာန်ဆေးကုပညာရပ်နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို မြေတောင်မြှောက်ပြုစုပေးဖို့ တိုင်းပြည်တိုင်းမှာ တာဝန်ရှိပါတယ်။ 

ကမ္ဘာ့တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းက ဒီနှစ်ရဲ့ ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ အတွက် ဆောင်ပုဒ်ကို "Promoting Diversity, Equity, and Inclusiveness in the Veterinary Profession" လို့ သတ်မှတ်ထားပါတယ်။ တိရစ္ဆာန်ဆေးကုပညာရပ်နယ်ပယ်မှာ မတူကွဲပြားမှု၊ သာတူညီမျှမှုနဲ့ အားလုံးပါဝင်မှုကို မြှင့်တင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

တကယ်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တိရစ္ဆာန်ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များကိုယ်တိုင်က မိမိတို့ပညာရပ်နယ်ပယ်နဲ့ ဆက်စပ်သက်ဆိုင်တဲ့ မတူကွဲပြားတဲ့‌နယ်ပယ်စုံမှာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိဖို့၊ တန်းတူညီမျှတဲ့ အသိအမှတ်ပြုမှုနဲ့ အခွင့်အလမ်းဖန်တီးပေးမှုတွေ ရရှိဖို့ လိုအပ်နေဆဲ ဖြစ်ပါကြောင်း ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ကို ကြိုဆိုဂုဏ်ပြုရင်း တင်ပြလိုက်ရပါတယ်။ 

ခိုင်ကြည်သစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်