နိုဝင်လာလနှောင်းပိုင်းတစ်ညနေ၊ ဘုရားသောက်တော်ရေကပ်ပြီး ဝတ်ပြုနေဆဲတွင် အောက်ထပ်ဆီမှ ''ဖေဖေဧည့်သည်''ဟု အော်ပြောသံ ကြောင့် ဝတ်ပြု၊ မေတ္တာပို့တို့ကို တိုတိုနှင့် အဆုံးသတ်ကာ ဆင်းလာခဲ့မိပါသည်။ ဗဟိုစိုက်ပျိုးရေးသုတေသနဌာနတွင် အတူတာဝန်ထမ်း ဆောင်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် အငြိမ်းစားယူပြီးစ မိတ်ဆွေအရာရှိဟောင်းတစ်ဦးကို တွေ့လိုက်ရပါသည်။ မတွေ့ကြတာလည်းကြာပြီ။ ဘာကိစ္စလဲဟု စိတ်ထဲတွေးနေဆဲမှာပင်-
"နေကောင်းပါရဲ့လား။ ကျွန်တော်လဲ မတွေ့တာကြာတာက တစ်ကြောင်း၊ မေးစရာကလေးတွေလဲ ရှိလို့ပါ''ဟု နိဒါန်းချီကာ ဟိုယခင်က စာရေးသူ အထူးတာဝန်တစ်ရပ်အနေဖြင့် သုတေသနပြုခဲ့ဖူးသော ညံပင်သစ်စိမ်းမြေသြဇာ - Sesbania Green Manure အကြောင်း စတင် မေးမြန်းဆွေးနွေးပါတော့သည်။
မိတ်ဆွေအရာရှိမှာ တာဝန်ထမ်းဆောင်စဉ်က သီးနှံဖျက်ပိုးဘာသာရပ်ကျွမ်းကျင်သူ - Insects Pest Specialist အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ လော့စ်ဘာညို့စ်တက္ကသိုလ်-University of Philippines at Los Banos တွင် သွားရောက်ပညာသင်ကြားခဲ့ပြီး မဟာသိပ္ပံဘွဲ့ရယူထားသူဖြစ်ပါသည်။ ဌာနတွင် အနှစ်သုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ယခုအခါ NGO တစ်ခုတွင် ဝင်ရောက်၍ လယ်ယာစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတစ်ခု၌ တာဝန်ထမ်းဆောင်နေပါသည်။
သူက ဆွေးနွေးရာတွင် ယနေ့ခေတ်မှာ ဓာတ်မြေသြဇာတွေ စျေးသိပ်ကြီးလာကြောင်း။ ထို့ကြောင့် လယ်သမားအများစုမှာ ကိုယ့်လယ်ထဲ ယာထဲမှာ စံမီတန်းပြည့် အသုံးမပြုနိုင်ကြတော့ကြောင်း။ ခေတ်ပေါ်ရွက်ဖျန်းမြေသြဇာဆိုသည်များကလည်း ဆိုင်ရာသီးနှံ၏ သက်တမ်း အတွင်း ငွေနှင့်စက်ကာ ကြိမ်ဖန်များစွာ ပက်ဖျန်းပေးနေရကြောင်း။ ဆေးဖျန်းပြီးမကြာမီ ရွက်သစ်တို့ဝေကာ စိမ်းစိုလာပြန်တော့လည်း သီးနှံဖျက် ပိုးများကျလာတတ်ကြောင်းပြောဆိုပြီး စာရေးသူ သုတေသနပြုခဲ့ဖူးသော သစ်စိမ်းမြေသြဇာအုပ်စုဝင် ညံမျိုးနွယ် -Sesbania Sipp များအကြောင်း မေးမြန်းဆွေးနွေးရာ မိမိတင်ပြခဲ့ဖူးသော သုတေသနစာတမ်းအချို့ကိုညွှန်းကာ စိတ်ထဲမှတ်မိသလောက် ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းတို့မှာ -
၁ ။ ။ Sesbania Rostrata ခေါ် အာဖရိကညံမျိုးတွေမှာ အမြစ်တွင်သာမက၊ ရိုးတံနှင့် အရွက်ညှာတံတို့၏ကျောဘက်တွင်ပါ Nodules ခေါ် အဖုကလေးတွေပါရှိကြောင်း။
၂ ။ ။Sesbania Aculeata ခေါ် အိန္ဒိယ-မြန်မာ ညံမျိုးသည် စိမ့်စမ်းရေအိုင်များဝန်းကျင်နှင့် မြန်မာ့လယ်ယာမြေများတွင် ရှင်သန်ပေါက်ရောက်ကြကြောင်း။
၃ ။ ။Crototaria Juncea ခေါ် တရုတ်တိုင်ပေ ညံမျိုးဝင်များကို မြန်မာ့မြေပေါ်၌ တွေ့ရသော ပိုက်ဆံပင် -Crototaria Juncea နှင့် နှိုင်းယှဉ်ပြကာ သစ်စိမ်းမြေသြဇာအဖြစ် တန်းတူထားပြီး သုံးနိုင်ကြောင်း။ ၎င်း ပိုက်ဆံပင် သစ်စိမ်းမြေသြဇာကို သုံးလျှင် အာနိသင်မှာ ဓာတုဓာတ်မြေသြဇာ ၆ဝ ကီလိုဂရမ်အား ဧရိယာ တစ်ဟက်တာတွင်ချကျွေးသည့် ရလဒ်နှင့်အတူတူပင်ဖြစ်ကြောင်း။ ယေဘုယျအားဖြင့် မြေဧရိယာ တစ်ဧက၌ နိုက်ထရိုဂျင် ၅၃ ပေါင်ခန့် ဖြစ်ထွန်းရရှိသည်ဟု ဆိုနိုင်ကြောင်း။ စာရေးသူတင်ပြခဲ့သော အဆိုပါ စာတမ်းများကို ရေဆင်းစိုက်ပျိုးရေး သုတေသနဌာန၏ Proceeding ဖိုင်များတွင် တွေ့နိုင်မည်ဟု ထင်ကြောင်း။
၄။ ။Sesbania China ခေါ် တရုတ် ညံမျိုးလည်းရှိသေးကြောင်း။ မှတ်မိသမျှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ညံပင်ဟူသည် Leguminosae မျိုးရင်းကြီးတွင် ပါဝင်သော အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် Sesbania ၏ မျိုးစုဝင် Genera များ အဖြစ်-
(က)။ ပေါက်ပန်းဖြူ -Sesbania Grandiflora
(ခ) ။ ရေသကျည်း - Sesbania Aegyptiaca
(ဂ) ။ ညံပင် - Sesbania Aculeata တို့ကိုတွေ့နိုင်ပါသည်။
ပေါက်ပန်းဖြူပင်များသည် မြန်မာနိုင်ငံအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ လယ်ယာမြေများ၏ ကန်သင်း ဘောင်များ၊ ကန်ဘောင်ရိုးများတွင် ပေါက်ရောက်ရှင်သန်သည်ကို တွေ့နိုင်ပါသည်။ ခြံဝင်းများတွင် စိုက်ပျိုးကြသည်လည်းရှိပါသည်။ ပင်စည်မှာ ပေနှစ်ဆယ်ခန့်မြင့်ပြီး ပင်သက်ရင့်လာလျှင် အပွေးအခေါက်များ တက်လာတတ်သည်။ အရွက်မှာ ငှက်မွေးတောင်သဏ္ဌာန်ဖြစ်ပြီး ရွက်ညှာနှင့် ဆက်နေသော ရွက်ရိုးတံတစ်လျှောက် မျက်နှာချင်းဆိုင်စီ၍ ထွက်သည်။ အရွက်တစ်ခုချင်း၏အရွယ်မှာ အလျား ဝ.၅ဝ လက်မ၊ အနံ ဝ.၂၅ လက်မ ခန့်ရှိသည်။ ရွက်နုများတွင် အမွေးနုကလေးများ ပါတတ်သည်။ အပွင့်မှာ ပွင့်ခိုင်တွင်သုံးလေးပွင့်တွဲလျားကျပြီး ပွင့်သည်။ ပွင့်ဖတ်မှာ အဖြူရောင်ဖြစ်၍ ပေါက်ပန်းဖြူဟုခေါ်ကြခြင်းဖြစ်သည်။ အပွင့်ကလေးများမှာ ပေါက်ပွင့် - Butea Monosperma နှင့် ခပ်ဆင်ဆင်တူသည်။ အနီ သို့မဟုတ် ကြက်သွေးရောင် အပွင့် များပွင့်တတ်သည့် Sesbania Grandiflora Forn Sipp တစ်မျိုးလည်း ရှိသေးသည်။
ရေသကျည်းပင် -Sesbania Aegyptiaca မှာ ပင်စည်အချင်း ၁.၅ဝ လက်မမှ ၂.ဝဝ လက်မလောက်သာရှိပြီး မြေပြင်မှ သုံးပေခန့်အမြင့်တွင် အကိုင်းဖြာထွက်သည်။ အပွင့်မှာ အဝါရောင်ဖြစ်သည်။ ခြောက်သွေ့ သော ဒေသများတွင် အများဆုံးတွေ့ ရသည်။ အရွက်ကို ဟင်းချို၊ ဟင်း ခါး ချက်သောက်နိုင်သည်။
ညံပင်Sesbania Aculeata မှာ ရေစပ်၊ အိုင်စပ်၊ အင်းစပ်နှင့် မိုးရာ သီတွင် စပါးစိုက်လယ်ကွင်းများ၌ပေါက်သည်။ အမြင့်လေးပေမှ ခြောက်ပေခန့်အထိ ရှိနိုင်သည်။ ရေသကျည်းရွက်နှင့် ညံရွက်တို့မှာ ရွက်မြွာကလေးတွေ အလွန်သေးငယ်သည်။ သာမန်အားဖြင့် မန်ကျည်းရွက်ထက်ပင်ငယ်တတ်သည်။ ငှက်မွှေးပုံသဏ္ဌာန်ရှိသည်။
ပေါက်ပန်းဖြူမှာ ပင်စည်ကို ခြံစည်းရိုး၊ ခြံတိုင်လုပ်နိုင်သည်။ အပွင့်ကို ကြော်ချက်စားကြသည်။ ငါးခေါင်းချဉ်ရည်တွင်ပေါက်ပန်းဖြူ ပွင့်ထည့်ချက်လေ့ရှိကြသည်။ အပွင့်၊ အရွက်၊ အခေါက် အားလုံးဆေးဖက် ဝင်သည်။ တိုင်းရင်းဆေးကျမ်းများ တွင် အကျယ်ဖတ်ရှုနိုင်ပါသည်။
ညံပင်မှာ မြေလတ်ဒေသအထိ ပျံ့နှံ့ပေါက်ရောက်တတ်သည်။ အစုလိုက်အပြုံလိုက် ပေါက်နေကြသည်ကိုတွေ့နိုင်သည်။ ပင်စည်ရိုးတံကို ထင်းအဖြစ်သုံးကြပြီး အပွင့်နှင့် အရွက်ကို ချဉ်ဖတ်တည်ပြီး အတို့ အမြှုပ်အဖြစ် စားသုံးကြသည်။
ညံပင်သည် Leguminoseae တွင်ပါဝင်သော မျိုးနွယ်ဖြစ်သည့်အလျောက် အမြစ်၌ Nodules ခေါ် မြစ်ဖုကလေးတွေပါသည်။ ယင်းမြစ် ဖုကလေးများအတွင်းသို့ မြေအောင်းဘက်တီးရီးယား - Rhizobium တစ်မျိုးဝင်ရောက်ပေါက်ဖွားကာ လေထဲရှိနိုက်ထရိုဂျင်ဓာတ်ကိုဖမ်းယူ စု ဆောင်းပါသည်။ ယင်းဖြစ်စဉ်က အပင်အတွက် အာဟာရဓာတ်ကို ဖန်တီးပေးသည်။ ဘက်တီးရီးယားများက ၎င်းတို့လိုအပ်သော အာဟာရ ဖြစ်သည့် ကာဘိုဟိုက်ဒရိတ်ကိုညံပင်အမြစ်မှ ရယူစားသုံးကြပြီး အပင်အတွက် အာဟာရတစ်မျိုးဖြစ်သော နိုက်ထရိုဂျင်ကို ပြန်လည်ထုတ် လုပ်ပေးခြင်းဖြစ်သည်။ ညံပင်များ သေကျေပုပ်ဆွေးသောအခါ မြေဆီလွှာ၌ Organic Matter ခေါ် သက်ကြွင်းဓာတ်နှင့်တကွ အပင်တို့ အတွက် အဓိကအာဟာရဖြစ်သော နိုက်ထရိုဂျင်ကို ဖြည့်ဆည်းပေးနိုင်သည်။ ညံပင်မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် အာဖရိကညံ - Sesbania Rostrata ပင်မျိုးတွင်မူ အမြစ်၌သာမက ပင်စည်၊ အကိုင်းနှင့် ရွက်ညှာရိုးတံများ၊ ရွက်လယ်ရိုးတံ များတွင်ပါ Nodules ခေါ် အဖု ကလေးတွေပါကြပါသည်။ ယင်းအဖုတိုင်းတွင်လည်း နိုက်ထရိုဂျင်ထုတ်လုပ်ပေးသော ဘက်တီးရီးယားများ ခိုအောင်းနေကြသည်ဖြစ်ရာ သဘာဝ နိုက်ထရိုဂျင်မြေသြဇာအဖြစ်သုံးလျှင် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။
ညံပင်ကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုပုံမှာ ပထမတွင် ညံပင်မျိုးစေ့ကို မြေဧရိယာတစ်ဧကလျှင် လေးပြည်မှ ခြောက်ပြည်နှုန်းဖြင့် ကြဲပက်ပေးပါ။ အပင်များပေါက်လာပြီး ပင်သက်ရက် ၃ဝ မှ ၄၅ ရက်ခန့်အရတွင် အပင်အမြင့် တစ်ပေခွဲမှ နှစ်ပေခွဲအထိ တက်လာသည်။ ထိုအချိန်၌ ထယ်ထိုးကာ ညံပင်နှင့် မြေကြီးရောသမသွားအောင် မွှေမြှုပ်ပေးရပါသည်။ သဘာဝ ညံပင်သစ်စိမ်းမြေသြဇာသည် ရေမြေအလိုက် မြစ်ဖု၌ ခိုအောင်းနေသော ဘက်တီးရီးယားမျိုးအလိုက် တစ်နှစ်အတွင်း လယ်မြေတစ်ဧကအတွက် နိုက်ထရိုဂျင်ဓာတ် ၄၅ ပေါင်မှ ပေါင် ၂ဝဝ အထိ ဖြည့်ဆည်းပေးနိုင်သည်။
ပဲမျိုးနွယ်တစ်မျိုး၏ မြစ်ဖုများ၌ခိုအောင်းတတ်သောမျိုးသည် လယ်မြေတစ်ဧကအတွက် တစ်နှစ်အတွင်း နိုက်ထရိုဂျင်ဓာတ် ၁၅ ပေါင်မှ ၂၅ ပေါင်အထိ ထုတ်လုပ်ပေးနိုင်သည်။ မြက်ရိုင်းတစ်မျိုး၏အမြစ်၌ ခိုအောင်းလေ့ရှိသော Azospirillum grass Associtein ဘက်တီးရီးယားမျိုးဆိုပါက လယ်မြေတစ်ဧကအတွက် တစ်နှစ်အတွင်း နိုက်ထရိုဂျင်ဓာတ် ဆယ်ပေါင်မှ ပေါင် ၃ဝ လောက်အထိ ပေးနိုင်ပါသည်။
ဒေသအလိုက် ပဲမျိုးနွယ်ဝင်အပင်များနှင့် ဆန်စပါး၊ ဂျုံ၊ ပြောင်း စသည့် နှံစားသီးနှံများကို အလှည့် ကျစိုက်ပျိုးပေးခြင်းအားဖြင့် အစွမ်းလည်းထက်၊ အန္တရာယ်လည်းကင်းသော သဘာဝမြေသြဇာကို အလိုလို ဖြည့်ဆည်းပေးရာ ရောက်ပါသည်။ စျေးကြီးပေးဝယ်ယူသုံးစွဲနေရသော ဓာတုမြေသြဇာလုံးဝမသုံးဘဲ သို့မဟုတ် ပမာဏလျှော့သုံးခြင်းဖြင့် လိုအပ်သော မြေဆီသြဇာဓာတ်ကို ရရှိနိုင်ကြပါသည်။ အကျိုးဆက်အဖြစ် သီးနှံထွက်နှုန်း ထပ်မတိုးသည့်တိုင် ကျဆင်းမသွားအောင် ထိန်းထားနိုင်ကြောင်း ခိုင်လုံသော သုတေသနတွေ့ရှိချက်များအရသိရှိရပါသည်။
အီဂျစ်နိုင်ငံတွင် Clover ခေါ် ပဲ တစ်မျိုးကို မျိုးစေ့နှင့် နွားစာအတွက် စပါးနှင့် တစ်လှည့်စီ သီးထပ် အဖြစ် စိုက်ပျိုးကြသည်။ အီဂျစ်၏ စုစု ပေါင်း စပါးစိုက် ဧရိယာဟက်တာ ၄၉ဝဝဝဝ တွင် ခန့်မှန်းခြေအားဖြင့် ဟက်တာ ၃ဝဝဝဝ မှ ၃၅ဝဝဝ ၌ Clover ပဲနှင့် ဆန်စပါးကို တစ်လှည့် စီ သီးထပ်စိုက်ပျိုးလာခဲ့သည်မှာ နှစ် ပေါင်း ၇ဝဝ ပင်ကျော်ခဲ့ပြီဟု ဆိုပါသည်။ သုတေသီ Yanni နှင့်အဖွဲ့၏ တွေ့ရှိချက်များအရ Clover ပဲပင် အမြစ်ဖုမှ ဘက်တီးရီးယားများ ကြောင့် စပါးအတွက်ထည့်ကျွေးရမည့် နိုက်ထရိုဂျင်မြေသြဇာပမာဏကို ၂၅ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။ ထင်ရှားအောင် ကိန်းဂဏန်းဖြင့် ဖော်ပြရသော် စပါးထွက်နှုန်း တစ်ဧကလျှင် တင်း ၁ဝဝ ရရှိဖို့ နိုက်ထရို ဂျင်ဓာတ် ပေါင် ၁ဝဝ ထည့်ရမည်ဖြစ်သော်လည်း စပါးတစ်လှည့် Clover ပဲတစ်လှည့်စိုက်ခြင်းဖြင့် နိုက်ထရိုဂျင် မြေသြဇာ ၇၅ ပေါင်မှ ၆၇ ပေါင်အထိသာ ကျွေးရမည်ဖြစ်ပါသည်။
သုတေသီ Yanni နှင့်အဖွဲ့၏ အာဘော်အရ အထက်ပါဖြစ်ရပ်တွင် နိုက်ထရိုဂျင်ဓာတ်ပမာဏကို လျှော့ချနိုင်ခြင်းမှာ Clover ပဲပင်၏မြစ်ဖုများ နှင့် အရိုးအရွက်အကြွင်းအကျန်များမှ ရရှိသော Organic Matter များကြောင့်ဟု ပြောခြင်းမှာ ယေဘုယျဆန်လွန်းသည်ဟု ဆိုပါသည်။ ပဲပင် အမြစ်ဖုများကိုဖြစ်စေသော Rhizobium ဘက်တီးရီးယားများသည် စပါးပင်၏ အမြစ်ထဲသို့ ဝင်ရောက်သွားကြပြီး စပါးပင်အမြစ်၌ ဘက်တီးရီးယားပမာဏကို တိုးပွားစေခဲ့ကြောင်း။ စပါးပင်အမြစ်တစ်ဂရမ်တွင် ဘက်တီးရီးယားဦးရေသည် 1.10 x 106 အထိ တိုးပွားခဲ့ကြောင်း ဓာတ်ခွဲခန်း၌ စမ်းသပ်တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ သူတို့အဖွဲ့သည် အပင်အမြစ်၌ ခိုအောင်းပွားများတတ်သော ဘက်တီးရီးယားမျိုး E 11နှင့် E 12 တို့ကို အပင်အမြစ်ထဲသို့ ထိုးသွင်းပေးခြင်းဖြင့် စပါးအထွက်တိုးသည်ကိုတွေ့ရကြောင်း။ ကောက်ရိုးအထွက်လည်း သိသိသာသာ တိုးလာကြောင်း ဖော်ပြထားပါသည်။
အထက်ပါအတိုင်း စပါးပင်၏ အမြစ်နှင့် Clover ပဲပင်၏ အမြစ်ဖု ဘက်တီးရီးယားတို့၏ ကူးလူးဆက်ဆံမှုကဲ့သို့ပင် စပါးနှင့် ညံပင်ကို သီး ထပ် အလှည့်ကျ စိုက်ပျိုးစမ်းသပ်ခဲ့ရာ ညံပင်မြစ်ဖုဘက်တီးရီးယားများ နှင့် စပါးပင်အမြစ်တို့အကြား ကူးလူးဆက်ဆံမှုတွေ့ရှိရသည်ဟု ဖိလစ်ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန် စပါး သုတေသနဌာန IRRI က ထောက်ခံတင်ပြထားပါသည်။
Giza ဟု အမည်ပေးထားသော စပ်မျိုးစပါး - Hybrid Rice ကို စမ်းသပ်စိုက်ကွင်းများ၌ စိုက်ပျိုးပြီး အုပ်စုများခွဲကာ ပထမအုပ်စု၌ နိုက်ထရို ဂျင် ဓာတ်လုံးဝမထည့်ဘဲ E 11 Rhizobium နှင့် E 12 Rhizobium တို့ကို အောက်ပါဇယားအတိုင်း ထည့်ပေးခြင်း၊ နိုက်ထရိုဂျင်ဓာတ်ကို စိုက်ဧရိယာတစ်ဟက်တာလျှင် ၄၈ ကီလို၊ ၉၆ ကီလို၊ ၁၄၄ ကီလို စသည်ဖြင့်အသီးသီးကျွေးကာ E 11 နှင့် E 12 တို့ကိုလည်း အချိုးကျ ထည့်သွင်းပေးခြင်းဖြင့် စမ်းသပ်ရရှိ ထားသောအဖြေကို ဇယားဖြင့်ဖော်ပြပေးလိုက်ပါသည်။
ဇယားတွင် လေ့လာကြည့်လျှင် နိုက်ထရိုဂျင်မြေသြဇာကျွေးမှုနှုန်းထားကွာခြားမှုကြောင့် စပါးထွက်နှုန်း ကွာခြားမှု၌ မထူးခြားလှကြောင်းကို တွေ့ရမည်ဖြစ်ပြီး နိုက်ထရိုဂျင် မြေသြဇာကို စပါးပင်က အသုံးချမှုနှုန်း ထားတွင် E 11 Rhizobium ကသာ လွန်သည်။ မြေသြဇာ အသုံးချမှု၌ မူE 12 Rhizobium ကသာသည်။ နိုက်ထရိုဂျင်နှုန်းထားနှင့် စပါးပင်စားသုံးမှု ဆက်စပ်ရာတွင်လည်း E 12 ကပင် သာလွန်ကြောင်းတွေ့ရမည်ဖြစ်သည်။
နိုက်ထရိုဂျင်မြေသြဇာကို အကျိုးရှိစွာသုံးစွဲရာ၌ ၄၈ ကီလို ဂရမ်/ဟက်တာနှုန်းဖြင့် စမ်းသပ်မှုမှာ အကျိုးအရှိဆုံးဖြစ်သည့်အပြင် E 11 Rhizobiumသည် မြေသြဇာတစ်ကီလိုအတွက် စပါးထွက်နှုန်း အကောင်းဆုံးဖြစ်ကြောင်းကိုလည်း ဆက်စပ်တွေ့ရှိနိုင်ပါသည်။
ညံပင်မျိုးများကို သဘာဝမြေသြဇာစိမ်း Green Manure အဖြစ် လူသားတို့ သုံးလာခဲ့ကြသည်မှာ နှစ်တွေရာထောင်မက ကြာခဲ့ပေပြီ။ စက်မှုနည်းပညာတွေ တိုးတက်လာသဖြင့် လူတွေအပင်ပန်းမခံကြတော့ဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဓာတုမြေသြဇာများကို တွင်ကျယ်စွာ သုံးလာခဲ့ကြပါတော့သည်။ စပါးပင်၊ ဂျုံပင် စသည်တို့ကို ဓာတုဓာတ်မြေသြဇာကျွေးသောအခါ အပင်အထမြန်ခြင်း၊ အပင်သန်ခြင်း၊ အထွက်တိုးခြင်းများကို တွေ့ရှိရသဖြင့် လူ့သဘာဝအတိုင်း လောဘတက်ကာ ပိုသုံး၊ ပိုစိုက်လာခြင်းဖြင့် စီးပွားလည်းဖြစ်ထွန်းလာကြပါသည်။
ယခုအခါ ဓာတုဗေဒမြေသြဇာတွေ စျေးခေါင်ခိုက်လာကြသောအခါ အခက်အခဲနှင့်ရင်ဆိုင်ကြရပါတော့သည်။ N-P-K ခေါ် အဓိက အရေးကြီးဆုံး အပင်အာဟာရအတွက် ဓာတုဗေဒ မြေသြဇာများကို အလွန်အကျွံသုံးရာမှ သဘာဝ မြေဆီသြဇာဓာတ်၌ပါဝင်နေသည့် ဒုတိယအရေးပါသော ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များ၏ ပါဝင်မှုသဘာဝလည်း ပျက်စီးကုန်ပါသည်။ ထို့အတူ ပမာဏအလွန်နည်းပါးသော်လည်း မရှိလျှင် လုံးဝမဖြစ်သော Microelements များဖြစ်ကြသည့် မဂ္ဂနီးစ်၊ ဇင့်၊ သံဓာတ်၊ ဘိုရွန်၊ ဗာနေဒီယံ၊ ဆီလီယံ ဓာတ် များ၏ ပါဝင်ဖွဲ့စည်းမှု သဘာဝကိုလည်း ဖျက်ဆီးပစ်သလို ဖြစ်သွားပါသည်။ မြေသြဇာသဘာဝပျက်စီးသဖြင့် စပါးအထွက်၊ ဂျုံအထွက်၊ သီးနှံအထွက်တွေလည်း ကျဆင်းလာပါတော့သည်။ ထိုအခါကျမှ နွား ချေး၊ မြေဆွေး၊ သစ်စိမ်းမြေသြဇာ စသော မြေဆီများကိုသတိရကြ တော့သည်။
ညံပင်ကို သစ်စိမ်းမြေသြဇာ ပြုလုပ်ရန်အတွက် လယ်ကွက်ထဲမှာ စိုက်ပျိုးနိုင်ဖို့ ပထမဆုံးလိုအပ်ချက် မှာ ညံမျိုးစေ့လုံလောက်စွာ ရရှိရေးပင်ဖြစ်သည်။ စာရေးသူ သုတေသနပြုလုပ်စဉ်က ဦးစွာပထမ ညံပင်များကို လယ်ကန်သင်းပတ်လည်၌ စတင်စိုက်ပျိုးပါသည်။ တစ်လ၊ တစ်လခွဲ ကြာသောအခါ အရွက်တွေကို ဖြတ်ပြီး လယ်ကွက်ထဲချပေးပါသည်။ နောက်မှ အသီးရင့်အောင် စောင့်ပြီး အစေ့ထုတ်ယူပါသည်။ ဤနည်းဖြင့် သစ်စိမ်းမြေသြဇာလည်း ရ၊ ညံမျိုးစေ့လည်းရခဲ့ပါသည်။
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်တွင် ညံပင် -Sesbania Aculeata များကိုစိုက်ပျိုးပြီး ပင်သက်သုံးနှစ်အရတွင် ခုတ်ယူပြီး စက္ကူပျော့ဖတ်ပြုလုပ်ကြပါသည်။ မခုတ်မီ နှစ်နှစ်ခန့် ညံမျိုးစေ့တွေ စုဆောင်းရရှိနိုင်ပါသေးသည်။ ယင်း အစေ့များကို သစ်စိမ်းမြေသြဇာလုပ်ငန်းအတွက် သုံးနိုင်ပါသည်။
ညံပင်သည်စပါးဖျက်ပိုးတစ်မျိုး ဖြစ်သော Rice Nematode ကိုလည်း နှိမ်နင်းနိုင်သည်ဟု ဆိုပါသည်။ ဤမျှဆိုလျှင် စာရေးသူထံ လာရောက် ဆွေးနွေးခဲ့သော မိတ်ဆွေအတွက်လည်း အကျိုးရှိ၊ စိုက်ပျိုးရေးပညာရှင်များနှင့် လယ်သမားများအတွက်လည်း အကျိုးရှိနိုင်မည်ဟု ယုံကြည် မိပါတော့သည်။
Source : 1: World Rice Statistics -IRRI
2: The Role of Soil Fauna, in the Nutrient Balance of Cropping System- FFTC.
နိုက်ထရိုဂျင်မြေသြဇာ |
စပါးထွက်နှုန်းတန် / ဟက်တာ |
နိုက်ထရိုဂျင်အသုံးချနိုင်မှုရာခိုင်နှုန်း |
||||
ကီလုိဂရမ္/ ဟက္တာ | လုံးဝမတည့် | လုံးဝမထည့် | ||||
နိုက်ထရိုဂျင်လုံးဝမထည့် | ၄.၃၀ | ၆.၃၀ | ၆.၂၀ | |||
နိုက်ထရိုဂျင် ၄၈ ကီလို | ၅.၈၀ | ၇.၉၀ | ၇.၀၀ | ၁၂၁.၇၀ | ၁၆၅.၂၀ | ၁၄၅.၀၀ |
နိုက်ထရိုဂျင် ၉၆ ကီလို | ၅.၄၀ | ၇.၁၀ | ၇.၉၀ | ၅၆.၄၀ | ၇၄.၁၀ | ၈၁.၈၀ |
နိုက်ထရိုဂျင် ၁၄၄ ကီလို | ၆.၄၀ | ၇.၀၀ | ၇.၀၀ | ၄၄.၃၀ | ၄၈.၆၀ | ၄၈.၄၀ |
သုတကျော်
Ref: စျေးကွက်ဂျာနယ်