ပရိုဘိုင်အိုတစ်တွေရဲ့ ရာစု

08/10/2024 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

နည်းပညာအကြောင်းအရာတွေ လေ့လာတဲ့အခါ အဲဒီနည်းပညာရဲ့ သမိုင်းကြောင်းကို စေ့ငုကြည့်ရင် အဲဒီနည်းပညာနဲ့ နည်းပညာရဲ့ အကျိုး၊ အပြစ်တွေကို ပိုပြီး နားလည်လွယ်ပါတယ်။ ဒါကြောင့် ပရိုဘိုင်အိုတစ် (probiotic) တွေအကြောင်း ပိုသိနိုင်ဖို့၊ သူတို့ရဲ့ သမိုင်းကြောင်းကို ပြန်လေ့လာကြည့်ဖြစ်ပါတယ်။ လေ့လာမိတဲ့ ပရိုဘိုင်အိုတစ် တွေရဲ့ သမိုင်းအစကို မွေးမြူရေးကဏ္ဍက မိတ်ဆွေများထံ မျှဝေပေးလိုပါတယ်။

တကယ်တော့ အကျိုးပြုဘက်တီးရီးယားတွေနဲ့ အစားအသောက်တွေကို အချဉ်သိပ်ပြီး အစားအစာတွေကို ကြာရှည်ခံအောင် သိုလှောင်သိမ်းဆည်းတဲ့ နည်းပညာကို လူသားတွေ ပိုင်ဆိုင်ခဲ့ကြ၊ အသုံးပြုခဲ့ကြတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပါပြီ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀၀ ခန့် (ဘီစီ ၇၀၀၀)၊ တနည်းအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ လောက်ကတည်းက အရှေ့အလယ်ပိုင်းမှာ နို့ကို အချဉ်ဖောက်ပြီး စားသုံးခဲ့ကြောင်း မနုဿဗေဒ လေ့လာမှုတွေက တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးပြုအဏုဇီဝပိုးမွှားတွေကို သိပ္ပံနည်းကျ လေ့လာပြီး ပရိုဘိုင်အိုတစ် အဖြစ် ထိထိရောက်ရောက် အသုံးချနိုင်စေခဲ့တဲ့ သမိုင်းကြောင်းကတော့ နှစ်ပေါင်း ၁၀၀ ကျော်ပဲ ရှိပါသေးတယ်။ 

Élie Metchnikoff (အီလီမစ်ရှ်နီကိုဗ် (၁၈၄၅ - ၁၉၁၆)) ဟာ ရုရှားနိုင်ငံသားသိပ္ပံပညာရှင် တစ်ယောက်ပါ။ ဒီကနေ့ ယူကရိန်းနိုင်ငံ အဖြစ် လူတွေသိနေကြတဲ့ နေရာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဟာ ရိုမန် အထက်တန်းလွှာ တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ ယူကရိန်းလူမျိုး ဂျူးဘာသာဝင်တစ်ယောက်ပါ။ မစ်ရှ်နီကိုဗ်ဟာ သတ္တဗေဒပညာရှင်အဖြစ် ပညာရှင်ဘဝကိုစတင်ခဲ့ပြီး‌ နောက်ပိုင်းမှာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune system) အကြောင်းကို အထူးပြုလေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုတွေကြောင့် ၁၉၀၈ ခုနှစ်မှာ ဂျာမန်လူမျိုး သမားတော်ကြီး ပေါ်လ်အားလစ်ရှ် (Paul Ehrlich) နဲ့အတူ ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ 

၁၉၀၇ ခုနှစ်မှာ မစ်ရှ်နီကိုဗ် ဟာ ဘူလ်‌ဂေးရီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး အသက်ရှည်တဲ့သူတွေအကြောင်း လေ့လာမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ သူက အသက် ၁၀၀ ကျော်အထိ အသက်ရှင်နေထိုင်နိုင်သူတွေ (centenarians) တွေကို အထူးပြုပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေဟာ သူများတွေ ထက် ထူးပြီး အသက်ရှည်နေထိုင် နေနိုင်တာဟာ ထူးခြားတဲ့ ဘဝနေထိုင်မှုပုံစံတွေရှိနေလို့လား၊ ရှိနေတယ် ဆိုရင် ဘယ်လိုဘဝနေထိုင်မှုပုံစံတွေလဲ ဆိုတာတွေကို လေ့လာစူးစမ်းကြည့်တာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာရင်း ကော့ကေးဆပ်တောင်တန်း (Caucasus mountains) ပေါ်က ရွာလေးတွေမှာ နေထိုင်ကြတဲ့ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ အသက်ရာကျော် နေထိုင်နိုင်ခြင်းနဲ့ နို့ချဉ် (soured milk) သောက်သုံးမှု ဆက် စပ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ နို့ချဉ်ဆိုတာကတော့ ဒိန်ချဉ်နဲ့ သဘောတရားချင်း အတူတူပဲဖြစ်ပါတယ်။ ဒိန်ချဉ်လို  ရည်ရွယ်ချက်ရှိရှိ ဘက်တီးရီးယားတွေ ရွေးချယ်ထည့်သွင်းပြီး အချဉ်ဖောက်ထားတာမဟုတ်ဘဲ၊ နို့ကို တာရှည်ထားရင်းက ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ချဉ်သွားတဲ့ နို့ကို ဆိုလိုတာပါ။ 

မစ်ရှ်နီကိုဗ်ဟာ အဲဒီနို့ချဉ်တွေထဲ ဘာတွေပါဝင်နေလို့လဲဆိုတာကို ဆက်လက်စူးစမ်းလေ့လာကြည့် တဲ့အခါ လက်တစ်အက်ဆစ် (lactic acid) ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားနေတယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ သူတွေ့ရှိခဲ့တာက Bacillus bulgaricus လို့ခေါ်တဲ့ ဘက်တီးရီးယားတွေပါ။ 

အဲဒီအချိန်တုန်းက Bacillus bulgaricus  တွေကို ဘူလ်ဂေးရီးယန်း ဘက်တီးရီးယားတွေ၊ ဘူလ်ဂေးရီး ယန်း ဘက်ဆလက်စ် တွေ လို့ လူသိများပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၀၅ ခုနှစ်မှာ ဘူလ်ဂေးရီးယားလူမျိုး သမားတော်ကြီး စတာမန် ဂရီဂိုရော့ဗ် (Stamen Grigorov) က အဲဒီ ဘက်တီးရီးယားတွေကို ရှာဖွေတွေ့ရှိခဲ့လို့ ပါ။ အဲဒီအချိန်မှာ စတာမန် ရဲ့ အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဘက်တီးရီးယား တွေကို သိပ္ပံပညာရပ်နယ်ပယ်မှာ လက်တိုဘက်ဆလက်စ် ဘူလ်ဂေးရီးကက်စ် (Lactobacillus bulgaricus) လို့ သတ်မှတ်ခေါ်ဝေါ်ကြခဲ့ကြပါတယ်။ လက်ရှိမှာတော့ Lactobacillus delbrueckii subsp. Bulgaricus လို့ တိတိကျကျ သရုပ်ခွဲပြီး ခေါ်ဝေါ်လာကြပါတယ်။  တကယ်တော့ လက်တိုဘက်ဆလက်စ် (Lactobacillus) လို့ ခေါ်တဲ့ ဘက်တီးရီးယားမျိုးစုကြီးထဲမှာ ပညာရှင်တွေ တွေ့ရှိပြီး၊ မှတ်တမ်းဝင်ထားတဲ့ မျိုးစိတ်ပေါင်း ၂၀၀ ကျော် ရှိပါတယ်။ 

မစ်ရှ်နီကိုဗ်ရဲ့ တွေ့ရှိမှု မတိုင်မီအထိ လက်တိုဘက်ဆလက်စ် တွေဟာ ချဉ်ငံနှုန်း (pH) ကို ကျဆင်းစေပြီး၊ နို့တွေကို မပုပ်သိုးသွားအောင် ထိန်းသိမ်းပေးတယ် ဆိုတာကိုတော့ ပညာရှင်တွေက သိရှိထားကြပြီး ဖြစ်ပါတယ်။ မစ်ရှ်နီကိုဗ်ကတော့ လက်တိုဘက်ဆလက်စ် ဘက်တီးရီးယားတွေက လူတွေအသက်ရှည်အောင် ဘယ်လိုလုပ်ဆောင်ပေးသလဲဆိုတဲ့ ဆက်စပ်မှုနှင့်ပတ်သက်တဲ့ ယူဆချက်တွေကို ဖော်ထုတ်ပေးခဲ့ပါတယ်။ 

သူ့ရဲ့ အယူအဆက ဒီလိုပါ။ အစာလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကလော်စရီးဒီယား (Clostridia) တို့လို အချို့သော ဘက်တီးရီးယားတွေဟာ အသားဓာတ် (ပရိုတင်း) တွေကို ချေဖျက်ပေးကြပြီး အဲဒီ ဘက်တီးရီးယား တွေကို ပရိုတီယိုလိုက်တစ် ဘက်တီးရီးယား (Proteolytic bacteria) လို့ ခေါ်ပါတယ်။ အဲဒီ လိုချေဖျက်ခြင်း အားဖြင့် ဖီနောလ် (phenol)၊ အမိုးနီးယား (ammonia)၊ အင်‌ဒေါလ်စ် (indols) အစရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိ လာပြီး၊ အဲဒီ ဒြပ်ပေါင်းတွေဟာ အိုမင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ မစ်ရှ်နီကိုဗ် က ယူဆပါတယ်။ အဲဒီဖြစ်စဉ်ကို မစ်ရှ်နီကိုဗ် က “အူလမ်းကြောင်းအတွင်း မိမိကိုယ်ကိုယ်အဆိပ်သင့်စေခြင်း (Intestinal auto-intoxication)” လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီ ဘက်တီးရီးယားတွေကို လျော့ချဖယ်ရှားနိုင်မယ်၊ ဒါမှမဟုတ် လက်တိုဘက်ဆ လက်စ် တွေလို ဘက်တီးရီးယားတွေနဲ့ အစားထိုးပေးနိုင်မယ်ဆိုရင် အစာလမ်းကြောင်းရဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပြီး၊ သက်ရှည်ကျန်းမာစေလိမ့်မယ်လို့ သူ့အယူအဆကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသက်ရှည်ချင်ရင် ဒိန်ချဉ်စားဖို့ ဆိုတဲ့ အယူအဆလည်း စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ မစ်ရှ်နီကိုဗ် ကိုယ်တိုင်လည်း အဲဒီကတည်းက စတင်ပြီး ဘဝတစ်သက်တာလုံး နေ့စဉ်လိုလို ဒိန်ချဉ် သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။ (ဒီကနေ့ခေတ် ပရိုဘိုင်အိုတစ်တွေထဲမှာ လက်တိုဘက်ဆလက်စ်တွေဟာ မပါမဖြစ် ပါဝင်ကြပါတယ်။)

မစ်ရှ်နီကိုဗ် ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ခေတ်ပြိုင်ဆိုသလိုပဲ ပြင်သစ်လူမျိုး ကလေးအထူးကု သမားတော်ကြီး ဟင်နရီတစ်ဆီယာ (Henry Tissier) ကလည်း စိတ်ဝင်စားဖွယ် ရှာ ဖွေတွေ့ရှိမှုတစ်ခုကို တင်ပြခဲ့ပါတယ်။ ကျန်းမာတဲ့ ကလေးငယ်တွေရဲ့ ဝမ်းထဲမှာ အင်္ဂလိပ်အက္ခရာ ဝိုင် (Y) ပုံသဏ္ဌာန်ရှိတဲ့ ဘက်တီးရီးယားတွေ အများအပြားတွေ့ရှိရပြီး၊ ဝမ်းပျက်ဝမ်းလျှောတဲ့ ကလေးငယ်တွေရဲ့ မစင်ထဲမှာတော့ အဲဒီဘက်တီးရီးယားတွေ သိပ်ပြီး မတွေ့ရဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တစ်ဆီယာ တင်ပြခဲ့တဲ့ ဘက်တီးရီးယားတွေဟာ နောင်အခါမှာ ဘီဖီဒို ဘက်တီးရီးယမ်း (Bifidobacterium) ဆိုတဲ့ ဘက်တီးရီးယားတွေအဖြစ် သိရှိလာကြပါတယ်။ တစ်ဆီယာ က ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတဲ့ လူမမာတွေကို အဲဒီဘက်တီးရီးယားတွေ တိုက်ကျွေးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသပေးနိုင်လိမ့်မယ် ဆိုပြီး အကြံပြုခဲ့ပါတယ်။ 

ဒါဟာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေတယ်၊ အဲဒီဘက်တီးရီးယားတွေကို အသုံးပြုပြီး လူတွေ အသက်ရှည်အောင် လုပ်နိုင်တယ်၊ ရောဂါတွေ ကုသနိုင်မယ် ဆိုတဲ့ အယူအဆတစ်ရပ်ကို စတင်လိုက်တာပဲ ဖြစ်ပါ တယ်။ တနည်းအားဖြင့် အဏုဇီဝပိုးမွှားတွေကို အသုံးချပြီး ရောဂါကာကွယ်ကုသရေးလုပ်မယ့် အယူအဆကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဒီအယူအဆဟာ လူကြိုက်သိပ်မများခဲ့ပါဘူး။ ကမ္ဘာစစ်ကြီး နှစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး၊ စစ်ပွဲတွေအတွင်းမှာ ပဋိဇီဝပိုးသတ်ဆေး (Antibiotic) တွေ ပေါ်ထွက်လာတာကြောင့်ပါ။ ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို ပိုးသတ်ဆေးနဲ့ ချေမှုန်းသုတ်သင်ပြီး ကုသတာက ရောဂါသက်သာပျောက်ကင်းဖို့ ပိုမြန် သလို၊ ပိုလွယ်ကူ၊ ပိုထိရောက်တယ် ဆိုတဲ့ အမြင်ကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကိုပဲ ပိုပြီး အားကိုးခဲ့ကြတာ ပါ။ ဒါကြောင့် ၂၀ ရာစု အစမှာ စတင်တွေ့ရှိခဲ့တဲ့ အကျိုးပြုအဏုဇီဝ (ပရိုဘိုင်အိုတစ်) တွေကို ရာစုနှစ် တစ်ခုလုံး နီးပါး လျစ်လျူရှုမိခဲ့ကြပါတယ်။ 

ဒါပေမယ့် ၂၀ ရာစုအကုန်၊ ၂၁ ရာစု အစပိုင်းက စတင်ပြီး ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ၊ ပဋိဇီဝဆေး ကြွင်းတွေရဲ့ ပြဿနာတွေကို ထင်ထင်ရှားရှား‌တွေ့လာကြရပါတယ်။  အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အ တွက် ပရိုဘိုင်အိုတစ်တွေကို အသုံးပြုဖို့ ပြန်လှည့်လာကြရပါတော့တယ်။ ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ ပရိုဘိုင်အိုတစ်နဲ့ ပတ်သက်တဲ့ သုတေသနတွေ အမြောက်အများပေါ်ထွက်လာသလို၊ ပရိုဘိုင်အိုတစ် ထုတ်ကုန် တွေလည်း အများအပြား ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ ပဋိဇီဝဆေးဝါး အသုံးပြုမှု အများဆုံးဖြစ် တဲ့ မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ်တွေဟာ အလွန်အရေးပါလာတာကို တွေ့ရှိရမှာပါ။ သေချာတာကတော့ ၂၁ ရာစု ဟာ ပရိုဘိုင်အိုတစ်တွေနဲ့ ချီတက်ရဦးမယ့် ရာစုတစ်ခုလို့ ဆိုနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်