သစ်သီးပင်များကနေ အရွယ်မတိုင်ခင်မှာ အသီးများကြွေကျခြင်းဟာ စီးပွားဖြစ် စိုက်ပျိုးသူများအတွက်ရော တနိုင်တပိုင် စိုက်ပျိုးသူများအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်သလို အထွက်နှုန်းနဲ့ အရည်အသွေး လျော့ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ပတ်ဝန်းကျင် ဖိစီးမှုဒဏ်များမှသည် ပိုးမွှားရောဂါကျရောက်မှုများကြောင့် အသီးများအရွယ်မတိုင်ခင်မှာ အပင်ကနေ ကြွေကျသွားတာဖြစ်ပါတယ်။ ထိုကဲ့သို့ အသီးများကြွေကျရတဲ့ အခြေခံအကြောင်းရင်းများကို သိရှိနားလည်ထားမယ်ဆိုရင်တော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်မှာဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုများလည်း လျော့နည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာ အသီးတွေကြွေကျရတဲ့ အကြောင်းအရင်းများနဲ့ ၎င်းတို့ကို လျော့ပါးသက်သာစေမဲ့ နည်းလမ်းအချို့ကို မျှဝေပေးသွားမှာပါ။
(၁) ပတ်ဝန်းကျင် ဖိစီးမှုဒဏ်ကြောင့်
သစ်သီးပင်တွေဟာ သူတို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ အခြေအနေတွေပေါ် ထိခိုက်ခံစားလွယ်တာကြောင့် အမျိုးမျိုးသော ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ အရွယ်မတိုင်မီ သစ်သီးများကြွေကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရုတ်တရက် အပူချိန်ပြောင်းလဲခြင်း၊ မိုးခေါင်ရေနည်းခြင်း၊ လေပြင်းတိုက်ခြင်းနဲ့ မမှန်ကန်သော ရေပေးသွင်းနည်းများကြောင့် သစ်သီးများကြွေကျနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အပူချိန် အတက်အကျ များတဲ့အခြေအနေတွေမှာဆိုရင် တည်သီးနဲ့ ပန်းသီးပင်တွေမှာ အသီးတွေကြွေကျလေ့ရှိတာမျိုး၊ စိုထိုင်းဆနည်းတဲ့ အခြေအနေတွေမှာဆိုရင် ရှောက်၊ သံပုရာပင်တွေမှာ အသီးများ ကြွေကျတတ်တာမျိုးတို့ပဲ ဖြစ်ပါတယ်။
(၂) အာဟာရ မညီမျှခြင်းကြောင့်
ကျွန်တော်တို့ လူသားတွေလိုပါပဲ အပင်တွေဟာလည်း သူ့လိုအပ်တဲ့ အာဟာရတွေ အညီအမျှရရှိဖို့ လိုအပ်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်နည်းနေခြင်း၊ ပိုတက်စီယမ်များလွန်းခြင်းနဲ့ ဘိုရွန်ဓာတ် များလွန်းခြင်းကဲ့သို့ မြေဆီလွှာအာဟာရဓာတ်များ မညီမျှမှုများဟာ သီးနှံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး စောစောကြွေကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေတဲ့အခါမှာလည်း အပင်ကိုအားနည်းစေနိုင်ပြီး အသီးများကြွေကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပန်းသီးပင်တွေမှာ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့တဲ့အခါ အသီးကြွေကျမှု ၃၀ ရာခိုင်နှုန်း၊ လိမ္မော်ပင်တွေမှာ ပိုတက်စီယမ်ဓာတ် များလွန်းတဲ့အခါ အသီးကြွေကျမှု ၂၅ ရာခိုင်နှုန်း နဲ့ သစ်တော်သီးပင်တွေမှာ ဘိုရွန်ဓာတ် များလွန်းတဲ့အခါ အသီးကြွေကျမှု ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် သရက်ပင်တွေမှာ နိုက်ထရိုဂျင်ဓာတ် အများအပြားအသုံးပြုတဲ့အခါ ပန်းပွင့်ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပြီး လိမ္မော်ပင်တွေမှာတော့ နိုက်ထရိုဂျင်ဓာတ် လိုအပ်တဲ့အခါ အသီးတွေကြွေကျတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ကြောင့် သင့်တင့်မျှတဲ့ အာဟာရဓာတ်တွေ အလုံအလောက်ရှိနေခြင်းဟာ အပင်ရဲ့ကျန်းမာရေးနဲ့ သီးနှံများရဲ့ ကြီးထွားမှုတို့ကို ကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
(၃) ရေ လောင်းမှုမမှန်ကန်ခြင်းကြောင့်
ရေ များစွာလောင်းခြင်း (သို့မဟုတ်) ရေ လောင်းနည်းပါးခြင်း စသော ပြဿနာများဟာလည်း အသီးများကြွေကျတဲ့ဖြစ်စဉ်မှာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ မိုးရွာသွန်းမှု မမှန်ကန်ခြင်းနဲ့ ရေပေးသွင်းမှု စနစ်တကျမရှိခြင်းတို့ဟာလည်း အမြစ်များရဲ့ ကြီးထွားသန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး အပင်ပေါ်မှာ အသီးများအား ကြာရှည်စွာထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ သစ်သီးပင်တွေမှာ ရေမလုံလောက်တဲ့အခါ အဖူး၊ အပွင့်နဲ့ အသီးတွေ ဖြစ်ပေါ်ဖို့ရာ ရေကို အသုံးမပြုနိုင်တော့ဘဲ ရေဓာတ်လျော့နည်းပြီး ခြောက်သွေ့ကြွေသွားကျတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ အပင်ရဲ့ပတ်ဝန်းကျင်မှာ အစိုဓာတ်အရမ်းများပြီး ရေဝပ် နေပြန်ရင်လည်း အမြစ်ကိုထိခိုက်နိုင်သလို မှိုရောဂါတွေ အလွယ်တကူဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
(၄) ဇီဝသက်ရှိများကြောင့်
ဝတ်မှုန်ကူး အင်းဆက်များ အလုံအလောက်မရှိခြင်းနဲ့ ပိုး၊ ရောဂါ ကျရောက်ခြင်းတို့ဟာလည်း အသီးများကို ကြွေကျစေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ သီးနှံများ ကြီးထွားဖွံ့ဖြိုးဖို့ရာအတွက် ဝတ်မှုန်ကူးအင်းဆက်များဟာ အလွန်အရေးပါလှပါတယ်။ မတူညီတဲ့ သီးနှံပင်အမျိုးမျိုးဟာ မတူညီတဲ့ ဝတ်မှုန်ကူးအင်းဆက်များအပေါ်မှာ မှီခိုနေရတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပန်းသီးပင်နဲ့ သစ်တော်သီးပင်တွေဆိုရင် ရိုးရိုးပျားမျိုး (honey bee)၊ ပိတုန်း (bumble-bee)နဲ့ ပျားအကြီးစား (solitary bee) စတဲ့ အင်းဆက်တွေရှိမယ်ဆိုရင် အသီးဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ကြတာ ဖြစ်ပါတယ်။ အဖျက်ပိုးမွှားများအနေနဲ့ Psyllids၊ ပျပိုး၊ မွှားပင့်ကူ၊ သီးထိုးယင်နဲ့ လှေးပိုး စတဲ့ အင်းဆက်များအပြင် ကြပ်ခိုးမှိုရောဂါ၊ ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဖိုက်တိုပသိုရာ (Phytophthora) နဲ့ အော်တာနေးရီးယား (Alternaria) စတဲ့ မှိုရောဂါတွေကြောင့်လည်း အသီးများကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။
ထို့ကြောင့် သစ်သီးခြံတွေမှာ အသီးတွေ မကြာခဏကြွေကျလေ့ရှိတယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လား၊ ပိုး၊ရောဂါကြောင့်လား၊ မြေဆီလွှာအာဟာရ ပြဿနာကြောင့်လား၊ ရေလောင်းတဲ့ စနစ်ကြောင့်လားဆိုတာ အရင်ဆုံးလေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သစ်သီးပင်တွေစိုက်ပျိုးထားတဲ့ ပတ်ဝန်းကျင်ဟာ လေပြင်း တိုက်လေ့ရှိတယ်ဆိုရင်တော့ အပင်မှာ ရေငွေ့ပျံနှုန်းများပြီး အလွယ်တကူ ခြောက်သွေ့နိုင်တာကြောင့် အသီးနဲ့ သစ်ကိုင်းများကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ထို့ကဲ့သို့ ပတ်ဝန်းကျင်မှာဆိုရင်တော့ ကြီးထွားမှုမြန်တဲ့အပင်မျိုးတွေနဲ့ အမြစ်များခိုင်မာတောင့်တင်းတဲ့ အပင်မျိုးကဲ့သို့ လေကာပင်တွေကို စိုက်ပျိုးထားသင့်ပါတယ်။ ဥပမာ - ထင်းရှူးပင်၊ ဝါးပင်များ၊ ကျောက်ထင်းရှူးပင်များ မြေဆီလွှာကြောင့်ဆိုရင်တော့ မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရင် ပိုကောင်းပါတယ်။ ယေဘုယျအားဖြင့် သစ်သီးခြံတွေမှာ မြေဆီလွှာ အာဟာရချို့တဲ့တဲ့အခါ N:P:K ပါဝင်တဲ့ ကွန်ပေါင်းမြေသြဇာ အသုံးပြုတာမျိုး၊ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဂျစ်ပဆန် (ကျောက်မှုန့်) အသုံးပြုတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ အကယ်လို့ ဓာတ်မြေသြဇာတွေကို အသုံးမပြုချင်ဘူး ရရှိနိုင်ဖို့လည်းခက်ခဲတယ်ဆိုရင်တော့ နွားချေး၊ ကြက်ချေးတို့ကို မြေဆွေးနဲ့ရောစပ်ပြီး အပင်ခြေမှာထည့်ပေးနိုင်ပါတယ်။ သစ်သီးပင်တွေကို ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ် ထည့်ပေးချင်တယ်ဆိုရင်တော့ ငှက်ပျောခွံတွေကို နုတ်နုတ်စင်းပြီး အပင်ခြေမှာ မြေမြှုပ်ပေးနိုင်ပါတယ်။
ကြက်ဥခွံတွေကို ကြိတ်ချေပြီးတော့ ထည့်ပေးခြင်းဖြင့်လည်း ကယ်လ်စီယမ်ဓာတ် ရရှိနိုင်မှာဖြစ်ပါတယ်။ သစ်သီးပင်တွေရဲ့ အနီးဝန်းကျင်မှာ ပဲမျိုးရင်းဝင်အပင်တွေကို စိုက်ပျိုးထားခြင်းဖြင့်လည်း နိုက်ထရိုဂျင်ဓာတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ပူပြင်းတဲ့ကာလတွေမှာတော့ သစ်သီးပင်တွေကို ၄ ရက် ၁ ကြိမ်လောက် ရေပေးနိုင်ရင် ပိုကောင်းပါတယ်။ မြေဆီလွှာအစိုဓာတ် နည်းနေတယ်ဆိုရင်တော့ သစ်ရွက်ခြောက်၊ စပါးခွံနဲ့ ကောက်ရိုးတို့ကို အပင်ခြေမှာ ပုံပေးထားပြီး အစိုဓာတ်ကို ထိန်းပေးထားနိုင်ပါတယ်။
သစ်သီးခြံတွေရဲ့ အနီးဝန်းကျင်မှာ ဝတ်မှုန်ကူးအင်းလေးတွေ ရှိစေချင်တယ်ဆိုရင်တော့ အမျိုးအစားမတူညီသော ပန်းပွင့်တဲ့အပင်လေးတွေကို စိုက်ပျိုးထားသင့်ပါတယ်။ အထူးသဖြင့် ဒေသမျိုးပန်းပင်လေးတွေ စိုက်ပျိုးထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုကဲ့သို့ စိုက်ပျိုးထားခြင်းဖြင့် ပျား၊ ပိတုန်း၊ ဖလံ၊ လိပ်ပြာ စတဲ့ အင်းဆက်လေးတွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး ဝတ်မှုန်ကူးမှုကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ သစ်သီးပင်တွေမှာ အဖျက်ပိုးမွှားတွေကျရောက်တဲ့အခါ ကာကွယ်နှိမ်နင်းဖို့ရာအတွက် သဘာဝနည်းလမ်းအချို့ကိုလည်း မျှဝေပေးသွားပါမယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပိုးမွှားတွေ ကျရောက်တဲ့အခါ တမာရွက် ၅၀၀ ဂရမ်ကို ရေ ၁၀ လီတာနဲ့ ပြုတ်၊ အအေးခံပြီးရင် အပင်တွေမှာ ပက်ဖျန်းအသုံးပြုနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ကြက်သွန်ဖြူ ၁၀၀ ဂရမ်၊ ငရုတ်သီး ၅၀ ဂရမ်တို့ကို ညက်အောင်ကြိတ်ချေပြီး ရေ ၅ လီတာနဲ့ရောစပ်ကာ အပင်ပေါ်ပက်ဖျန်းနိုင်ပါတယ်။ မှိုရောဂါတွေအတွက်ဆိုရင်တော့ ကော့ပါးကိုအခြေခံတဲ့ မှိုသတ်ဆေးတွေ အသုံးပြုလို့ရသလို သဘာဝနည်းနဲ့ဆိုရင်တော့ သစ်သားကို ထင်းအဖြစ် အသုံးပြုပြီးနောက် ရရှိလာမယ့် ပြာ (Wood ash) ကို အအေးခံပြီးတော့လည်း အပင်ခြေမှာ ပက်ဖျန်းထားခြင်းဖြင့် မှိုရောဂါများကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
