အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၃၉)၊ အခန်း(၁၈) စိုက်ပျိုးစီးပွားရေးပညာ

29/08/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Chapter (18) Agricultural Economics

စိုက်ပျိုးစီးပွားပညာသည် တောင်သူဦးကြီးများထုတ်လုပ်ပေးသော စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များကို ဈေးကွက်တွင် ဈေးကောင်းရအောင် ဈေးနှိမ်မခံရအောင် ဆောင်ရွက်ပေးနိုင်သော၊ အရေးကြီးအသုံးဝင်သော ဘာသာရပ်ဖြစ်ပါသည်။

ဘောဂဗေဒ (သို့) စီးပွားရေးပညာ (Economics) သည် စီးပွားရေး အဆောက်အဦ  (Economy) ဟူသော စကားလုံးမှ ဆင်းသက်လာပြီး ဂရိဘာသာတွင် (အီကို့စ် Ecos) မိသားစု (သို့) အိမ်ထောင်စုဖြစ်ပြီး (နိုမီ Nomy) ၏ အဓိပ္ပာယ်မှာ စီမံခန့်ခွဲခြင်းဖြစ်သည်။

စိုက်ပျိုးစီးပွားရေးပညာမှာ အသုံးချလူမှုရေးသိပ္ပံ (Applied Social Science) တစ်ခုဖြစ်ပြီး သဘာဝအရင်းအမြစ်များ (Natural Resources)ကို အသုံးပြု၍ ထုတ်လုပ်သူများ (Producers)၊ စားသုံးသူများ (Consumers) နှင့် လူ့ဘောင်အဖွဲ့အစည်း (Society) တို့ ဆက်သွယ်ဆောင်ရွက်မှုကို ပြုလုပ်ပေးသောပညာရပ် ဖြစ်ပါသည်။

ထုတ်ကုန် (Products) အဖြစ် လယ်ယာထွက်သီးနှံပစ္စည်းများ (Crops)၊ မွေးမြူရေးထွက် အသားများ (Animals)၊ ငါး၊ ပုစွန်များ (Fishs) နှင့် ယင်းတို့မှ ပြုပြင်မွမ်းမံထားသော အစားအစာများ (Foods) တို့သည် ရောင်းဝယ်ဖောက်ကားရေးတွင် ပါဝင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် စီးပွားရေးတက္ကသိုလ် (၃) ကျောင်း ရှိသော်လည်း စိုက်ပျိုးစီးပွားရေးပညာကို အဓိကထား မသင်ကြားပါ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တစ်ကျောင်းတည်းတွင်သာ စိုက်ပျိုးစီးပွားရေးပညာဌာနရှိပြီး ပါမောက္ခနှစ်ဦး၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြ ဆရာ၊ ဆရာမများက သင်ကြားရေး သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေပါသည်။

ကျွန်တော်တို့ကျောင်းသားဘဝက စိုက်ပျိုးစီးပွားရေးပညာဌာန ဦးဆောင်ခဲ့သူမှာ ဆရာကြီး ဒေါက်တာစိုင်းမြင့်လွင်ဖြစ်ပါသည်။ သူနှင့်အတူတူ ဆရာဦးမောင်မောင်၊ ဆရာဦးနန်းညွန့် စသည်တို့ တွဲဖက်သင်ကြားခဲ့ရာ ဆရာကြီးဒေါက်တာစိုင်းမြင့်လွင်တစ်ဦးသာ တက္ကသိုလ်မှ အငြိမ်းစားယူပြီး တောင်ကြီးမြို့မှာ အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ ကျန်သည့် ဆရာကြီးများမှာမူ ကွယ်လွန်သွားခဲ့ကြပါပြီ။ ယခုနောက်ပိုင်းတွင်  ပါမောက္ခဆရာမ ဒေါက်တာဒေါ်လီကျော် (အငြိမ်း စား)၊ ပါမောက္ခ ဒေါက်တာချိုချိုစံ (အငြိမ်းစား)၊ ယခုလက်ရှိ ဌာနမှူး ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်နှင့် တက္ကသိုလ်မှ စိုက်ပျိုးစီးပွားရေးပညာရှင်များ (Agricultural Economists) တို့မှ ဦးဆောင်ကာ စိုက်ပျိုးစီးပွားရေးပညာ ပြန့်ပွားစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးစီးပွားပညာတွင် အခြေခံအားဖြင့် အမျိုးအစား (၂) မျိုး ရှိသည်။ ၎င်းတို့မှာ Macroeconomics နှင့် Microeconomics တို့ဖြစ်ပါသည်။

(၁) Macroeconomics (နိုင်ငံလုံးဆိုင်ရာ၊ အကြီးစားဘောဂဗေဒ)

Macroeconomics ဆိုသည်မှာ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော၊ ပြည်သူအားလုံးနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာအချက်အလက်များကို လေ့လာခြင်းဖြစ်သည်။ (ဥပမာ - စုစုပေါင်း ပြည်တွင်းထုတ်ကုန်-GDP, ငွေကြေးဖောင်းပွခြင်း-Inflation, အလုပ်အကိုင်မရခြင်း-Unemployment, စီမံကိန်း-Plan, မူဝါဒ-Policy)

(၂) Microeconomics (အသေးစားဘောဂဗေဒ)

Microeconomics ဆိုသည်မှာ စီးပွားရေးယူနစ်တစ်ခု (ငါးမွေးမြူရေးလုပ်ငန်း၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ ဆန်စက်/ဆီစက်လုပ်ငန်း)၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများ၊ အကျိုးအမြတ်များနှင့် အိမ်ထောင်စု၊ မိသားစုတစ်ခုချင်း၏ လူနေမှုဘဝဆိုင်ရာ အချက်အလက်များကို လေ့လာခြင်း (Farm Management, Production Economics, Farm Accounting, Household Economy) တို့ဖြစ်ပါသည်။

စိုက်ပျိုးစီးပွားရေးဘာသာခွဲများစွာ ရှိပါသည်။ ၎င်းတို့မှာ -

၁။ ထုတ်ကုန်ထုတ်လုပ်မှုဆိုင်ရာဘောဂဗေဒ  (Production Economics)

ထုတ်လုပ်မှုသည် သွင်းအားစုများ (Inputs) နှင့် ပြုလုပ်မည့်အစီအစဉ် (Plan) အရ ပူးပေါင်းထုတ်လုပ်ပြီး သုံးစွဲသူ (Consumers) သုံးစွဲမှု (Consumption) အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးရမည့် ဝန်ဆောင်မှု (Service) ဖြစ်ပါသည်။

အကြမ်းအားဖြင့် 

  • (၁-က) စျေးကွက်ထုတ်လုပ်မှု (Market Production)
  • (၁-ခ) လူထု၊ အများပြည်သူအတွက်ထုတ်လုပ်မှု (Public Production)
  • (၁-ဂ) အိမ်ထောင်စုအလိုက်ထုတ်လုပ်မှု (Household Production) တို့ရှိပါသည်။

အမေရိကန်နိုင်ငံတွင် အိမ်တွင်းမှုဘောဂဗေဒ (Home Economics) သည် လူကြိုက်များ၊ ပေါ်ပြူလာဖြစ်သော ဘာသာရပ် (Popular Subject) ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မရှိပါ။ 

၂။ လယ်ယာလုပ်ငန်း စီမံခန့်ခွဲမှုပညာ (Farm Management)

လယ်ယာမြေစီမံခန့်ခွဲမှုဆိုသည်မှာ မိမိလယ်ယာမှ အသားတင်အမြတ် (Net Profits)၊ ဝင်ငွေ (Income) အများဆုံးရရှိအောင် ပြုလုပ်၊ လုပ်ဆောင်ပေးရသော နည်းပညာဖြစ်ပါသည်။ 

လယ်ယာလုပ်ငန်းအချို့မှာ -

(၂-က) မိရိုးဖလာ၊ ဓားမဦးချလုပ်ငန်း (Subsistence Farming)

(၂-ခ) သီးနှံများ ရောနှောစိုက်ပျိုးခြင်း (Mixed farming)

(၂-ဂ) ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း (Shifting Cultivation/ Nomadic Herding)

(၂-ဃ) စီးပွားဖြစ်သီးနှံစိုက်ခင်းများ(Commercial Plantation)

(၂-င) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း (Livestock Rearing/ Animal Husbandry) စသည်တို့ဖြစ်ပါသည်။ 

လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မန်နေဂျာ (Manager) သို့မဟုတ် တောင်သူဦးကြီး (Farmer) တစ်ဦးသည် သူ၏လုပ်ငန်းအတွက် အရေးကြီးသောကိစ္စရပ်များ -

ဥပမာ - မြေသြဇာမည်မျှထည့်မည်လဲ (Fertilizer rate)၊ ရေသွင်းမလား၊ မသွင်းဘူးလား (Irrigation)၊ မျိုးစေ့နှုန်း (Seed rate) မည်မျှသုံးမည်လဲ၊ စက်ကိရိယာ (Machinery) နှင့် အလုပ်သမား (Labour) အသုံးပြုမှုအပေါ်ကြည့်၍ အမြတ်ရရှိနိုင်မှုကို ချိန်ဆဆုံးဖြတ်ရပါမည်။ 

၃။ ဖွံ့ဖြိုးမှုဆိုင်ရာဘောဂဗေဒ (Development Economics)

ဖွံ့ဖြိုးရေးဘောဂဗေဒသည် အထူးသဖြင့် ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံ (Developing Country)တစ်နိုင်ငံ၏ ဘဏ္ဍာရေး (Fiscal)၊ စီးပွားရေး (Economic)၊ လူမှုရေး (Social) အခြေအနေများ (Conditions) အရ နိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော ကျန်းမာရေး (Health)၊ ပညာရေး (Education)၊ အလုပ်လုပ်နိုင်သူများ (Working Condition)၊ ပြည်တွင်းပြည်ပမူဝါဒများ (Domestic and International Policies) နှင့်စျေးကွက်အခြေအနေ (Market Condition) တို့အပေါ်မူတည်၍ စာရင်းဇယားများ (Data Collections)၊ စစ်တမ်းများ (Surveys) ကောက်ကာ - နှစ်စဉ်၊ နောင် ၅ နှစ်၊ ၁၀ နှစ် အတွက် ခန်မှန်းတွက်ချက်၊ ဦးတည် (Focus) မှန်ကန်စွာဆုံးဖြတ်ချက်ချရန် (Right Decision Making) လေ့လာရသော ဘာသာရပ်ဖြစ်ပါသည်။ 

မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ (Seed)၊ သီးနှံ၊ အသားငါး၊ အစားအသောက် စိုက်ပျိုးရေးထွက်ကုန်များ (Agricultural products) ပြည်ပသို့တင်ပို့ခြင်း (Export)၊ ပြည်တွင်းသို့ပြန်လည်တင်သွင်းခြင်း (Import) မူဝါဒများချမှတ်၍ ပြည်တွင်းရှိ တောင်သူဉီးကြီးများ၊ လုပ်ငန်းရှင်ကုန်သည်များ နစ်နာဆုံးရှုံးမှုမရှိစေရန် ပြတ်သားစွာ ဆုံးဖြတ်ရပါမည်။ အဆင့်မြင့် မူဝါဒချမှတ်သူများ (High Level policy Makers) လေ့လာသိရှိသင့်သည့် ဘာသာရပ်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့ကြို၊ ဘွဲ့လွန်ဘွဲ့ (Bachelor of Development Economics (Agriculture); Master/Doctor of Development Economics (Agriculture)) သီးသန့်ပေးသင့်သည့် ဘာသာရပ်ဖြစ်ပါသည်။

၄။ စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်ခြင်းနှင့် ဈေးကွက်တင်ပို့ရောင်းချခြင်း (Agricultural Marketing and Trade)

စိုက်ပျိုးရေးဆိုင်ရာ ရောင်းဝယ်ဖောက်ကားခြင်းပညာမှာ လယ်၊ ယာစိုက်ကွင်း၊ ခြံ များမှထွက်ရှိသော စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို ပြုပြင်မွမ်းမံ (Processing) ၍ စားသုံးသူပြည်သူလူထု (Consumer ) ထံမှောက်သို့ ပို့ဆောင်ပေးခြင်း နည်းပညာ ဖြစ်ပါသည်။ ဤလုပ်ငန်းတွင် စီမံခြင်း (Planning)၊ စုစည်းခြင်း (Organizing)၊ လမ်းညွှန်ခြင်း (Directing) နှင့် ထွက်ကုန်များကိုကိုင်တွယ်ခြင်း (Handling) တို့ ပါဝင်ပါသည်။

ဤစနစ်တွင် နေရာရွေးချယ်မှု (Location)၊ ဒေသစျေး (Local Market)၊ ကျေးရွာစျေး (Village market)၊ လက်ကားစျေး (Whole-sale Market)၊ လက်လီစျေး (Retail market)၊ အသေးစားစျေး (Mini-Market) မှသည် စျေးကြီးများ (Super-Market) အထိ ပါဝင်ပါသည်။ တောင်သူစိုက်ကွင်းစျေး (Famer Gate prize) နှင့် လက်တွေ့စားသုံးသူမှဝယ်ရသည့်စျေး (Real Prize) တို့သည် ကုန်သည်၊ ပွဲစားများ (Middle Men) ကြောင့် စျေးနှုန်းကွာခြားမှုဖြစ်ကာ တောင်သူများ ရရှိငွေ နည်းပါးမှုမဖြစ်အောင် ဂရုစိုက်ရပါမည်။

၅။ စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ (Agricultural Policy)

ဤမူဝါဒမှာ တနည်းအားဖြင့် ဥပဒေ (Law) ဖြစ်ပြီး ပြည်တွင်းစျေးကွက် (Domestic Market) နိုင်ငံခြားမှကုန်ပစ္စည်း (Products)၊ သွင်းအားစု (Inputs) တင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို အလျှော့အတင်း ပြုလုပ်ပေးခြင်းဖြင့် ပြည်တွင်းရှိတောင်သူလယ်သမားများ၊ စားသုံးသူများ မထိခိုက်အောင် အုပ်ချုပ်၊ စီမံသူများဘက်မှ ကွပ်ကဲ၊ ကြပ်မတ်ပေးရသော လုပ်ငန်း စဉ်များဖြစ်ပါသည်။ 

ရည်ရွယ်ချက်များမှာ ဥပမာ - မြန်မာနိုင်ငံအတွင်း စိုက်ပျိုးမွေးမြူရေး၊ အစားအသောက်များ ဖူလုံကြွယ်ဝပြီး ပိုလျှံသောထုတ်ကုန်များကို နိုင်ငံခြားစျေးကွက်သို့ ရောင်းချနိုင်ရေး၊ ပြည်တွင်းအတွက်လိုအပ်သော လယ်ယာသွင်းအားစုများ (လယ်ယာသုံး စက်ကိရိယာများ၊ မြေသြဇာ၊ မျိုးစေ့) အစရှိသည်တို့ ဝယ်ယူရာတွင် ကုန်ကျစရိတ်နှင့်ပြန်ရချက် ကိုက်ညီမှုရှိအောင် စနစ်တကျ တွက်ချက်စီမံရမည်ဖြစ်သော နည်းပညာ ဖြစ်ပါသည်။

၆။ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမ (Agricultural Cooperatives)

တစ်ချို့က တောင်သူများ၏ စုပေါင်းသမဝါယမ (Farmers Cooperatives) ဟု ခေါ်ဆိုပြီး မိမိတို့တွင်ရှိသော အရင်းအနှီး၊ ဥပမာ - စက်ကိရိယာ (Machinery) များကို ကုန်ကျစရိတ်နည်းနည်းနှင့်မျှဝေအသုံးပြုကြခြင်း ဖြစ်ပါသည်။ ခြွေလှေ့စက် (Combine harvester) ဆိုလျှင် မိမိတစ်ဦး တည်း ဝယ်ထားပါက သိန်း ၃၀၀ - ၄၀၀ မျှပေးရပြီး မိမိလယ်အတွက်ပဲ ရိတ်သိမ်းမည်ဆိုပါက ခဏနှင့် ရိတ်သိမ်းပြီးသွားနိုင်ပါသည်။ စက်တန်ဖိုးနှင့်မကာမိပါ။ စုပေါင်းသမဝါယမ ပုံစံမျိုးဖြစ်ပါက စပါးခင်းများအားလုံး ဌားရမ်းခကို တန်ဖိုးသင့်ရုံပေးကာ ရိတ်သိမ်းနိုင်ပါသည်၊ ဂျပန်နိုင်ငံ တောင်သူသမဝါယမ (Japan Agricultural Cooperatives) လုပ်ငန်းသည် အလွန်အောင်မြင်နေပါသည်။ အစ္စရေးဘုံလယ်ယာစနစ် (Kibbutizin) သည် ကမ္ဘာကျော် အောင်မြင်နေသော သမဝါယမလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ကိုက်ညီနိုင်သော သမဝါယမစနစ်ကိုတော့ထူထောင်ရပါဦးမည်။ 

၇။ ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ ဘောဂဗေဒ (Environmental and Natural Resources Economics)

ပတ်ဝန်းကျင်ဆိုင်ရာဘောဂဗေဒသည် စိုက်ပျိုးမွေးမြူရေး၊ သစ်တောလုပ်ငန်း (Forestry) များနှင့် ဆက်စပ်နေပြီး ရာသီဥတုပြောင်းလဲမှု (Climate Change) နှင့်အတူ စိုက်ပျိုးထားသောအပင်များ၊ မွေးမြူထားသော တိရစ္ဆာန်များ၊ သစ်တောစိုက်ခင်းများအပေါ်တွင် ရေကြီးမှု၊ မိုးခေါင်မှု၊ မီးလောင်မှု၊ မီးခိုးထွက်မှု စသည်တို့နှင့်ဆက်စပ်နေသဖြင့် လေ့လာသင့်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာရှုထောင့်မှ ရေရှည်တည်တံ့ခိုင်မြဲရေး (Sustainability) ကိုလည်း သတိပြုရပါမည်။

သဘာဝအရင်းအမြစ်ဆိုင်ရာဘောဂဗေဒမှာ မြေအရင်းအမြစ် (Soil and Land Resources)၊ ရေအရင်းအမြစ် (Water Resources)၊ ဇီဝဆိုင်ရာအရင်းအမြစ် (Biological Resources) နှင့် သဘာဝစွမ်းအင်အရင်းအမြစ် (Natural Energy Resources) များ၏ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ပတ်ဝန်းကျင်ပျက်စီးနိုင်ခြင်းရှိမရှိ စသည်တို့ကိုပါ အလေးထားရမည့် ဘာသာရပ်ဖြစ်ပါသည်။

၈။ စားသုံးသူဆိုင်ရာဘောဂဗေဒ (Consumer Economics)

စားသုံးသူဆိုင်ရာဘောဂဗေဒမှာ စားသုံးသူ၏လိုအပ်ချက် (Consumer Demand) တစ်ဦးချင်း အပေါ်မူတည်၍ ထုတ်လုပ်သူများ (Producers) က နည်းနည်း (သို့) အများကြီး ထုတ်လုပ်ရခြင်း၊ ဝယ်ယူသူအကြိုက်လိုက်၍ ထုပ်ပိုးမှုနည်းပညာ (Packaging Technology) အပါအဝင် ကွင်းဆက်တစ်ခုလုံး (Supply Chain) ကို လေ့လာရသော ပညာဖြစ်ပါသည်။ စားသုံးသူ အခြေ အနေအပြုအမူ (Consumer Behaviour)၊ စားသုံးသူရှိအကြွေး (Consumer Debt)၊ စားသုံးသူအဖွဲ့အစည်း (Consumer Organization)၊ စားသုံးသူကရွေးချယ်မှု (Consumer Choice) စသည်တို့ ပါဝင်ပါသည်။ 

၉။ စိုက်ပျိုးရေးဆိုင်ရာ ဘဏ်လုပ်ငန်းပညာ (Agricultural Banking)

စိုက်ပျိုးရေးဘဏ်လုပ်ငန်းမှာ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စများ အထူးသဖြင့် တောင်သူလယ်သမား ဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းရှင်များအား ချေးငွေ(Loan) ထုတ်ချေးရာတွင် သူတို့လုပ်ငန်း လည်ပတ်နိုင်အောင် ဝန်ဆောင်မှုပေးရသော ဘဏ်လုပ်ငန်းပညာ ဖြစ်ပါသည်။ ငွေကြေးကိစ္စများ ပါဝင်လာသဖြင့် ဘောဂဗေဒပညာမှ ဘဏ်လုပ်ငန်း (Banking) ဘာသာရပ်နှင့် စိုက်ပျိုးမွေးမြူရေး၏ သဘာဝကို ပူးပေါင်းလေ့လာရသောပညာ ဖြစ်ပါသည်။

၁၀။ အစားအသောက်ဆိုင်ရာစီးပွားရေး (Food Economics)

အစားအသောက်ဆိုင်ရာဘောဂဗေဒမှာ အစားအသောက်များပြုပြင်မွမ်းမံမှု၊ သိုလှောင်မှု၊ ရောင်းဝယ်ဖောက်ကားရေး၊ သယ်ယူပို့ဆောင်မှု စသည်တို့ကို လေ့လာသောပညာ ဖြစ်ပါသည်။

၁၁။ စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှုပညာ  (Agribusiness and Financial Management)

စီးပွားရေး၊ ငွေကြေးကဏ္ဍ (Business Sectors) များကို လယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများနှင့် တွဲဖက်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ယင်းတို့မှာ -

  • (၁၁-က) သီးနှံများရောင်းချရေး ကုမ္ပဏီများ၊ လုပ်ငန်းများ (Grains Industry)
  • (၁၁-ခ) ရေသွင်း၊ ရေထုတ်လုပ်ငန်း ကုမ္ပဏီ လုပ်ငန်းများ (Irrigation Industry)
  • (၁၁-ဂ) မွေးမြူရေးလုပ်ငန်းကုမ္ပဏီ လုပ်ငန်းများ (Meat Industry, Beef Industry, Poultry Industry)
  • (၁၁-ဃ) မြေသြဇာကုမ္ပဏီများ၊ လုပ်ငန်းများ (Fertilizer Industry)

တစ်ချို့နိုင်ငံတက္ကသိုလ်များမှာ စိုက်ပျိုးစီးပွားရေးပညာ (Bachelor of Agribusiness) သီးသန့်ဘွဲ့ ပေးပါသည်၊ မြန်မာနိုင်ငံတွင်မရှိသေးပါ။ 

ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးလောကတွင် နာမည်ကြီးစီးပွားဖြစ်ကုမ္ပဏီများမှာ -

  • (က) ကာဂီးလ်ကုမ္ပဏီ (Cargill Co., US) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၀၇.၂ ဘီလီယံ  (လယ်ယာသီးနှံထွက်ကုန်များ ရောင်းဝယ်ရေး)
  • (ခ) အာချား၊ ဒင်နီယယ် ကုမ္ပဏီ (Archer Daniels Co., US) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၆၂.၃၅ ဘီလီယံ (ဆီထွက်သီးနှံ၊ ပြောင်းဖူး၊ ဂျုံ ထွက်ကုန်များ ရောင်းဝယ်ရေး)
  • (ဂ) ဂျွန်ဒီးယား ကုမ္ပဏီ (John Deere & Co., US) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၈.၄၉ ဘီလီယံ (လယ်ယာသုံးစက်ကရိယာများ ရောင်းဝယ်ရေး) 
  • (ဃ) ဒေါင်ဒူပွန့်၊ ကော်တိဘာ (DowDuPont Inc.; Corteva Agriscience, US) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၅.၆၉ ဘီလီယံ (စိုက်ပျိုးရေးဓာတုဗေဒပစ္စည်းများ၊ မြေသြဇာများ ရောင်းဝယ်ရေး) 
  • (င) အက်ဂရီယံ (Agrium Inc., US and Canada) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၃.၆၇ ဘီလီယံ (မျိုးစေ့များ၊ မြေသြဇာများ ရောင်းဝယ်ရေး)
  • (စ) မွန်ဆန်တို (Monsanto Co., US) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၃.၅၀ ဘီလီယံ (မျိုးစေ့များ၊ ဇီဝနည်းပညာကုန်ပစ္စည်းများ (Biotechnology Products)၊ ပေါင်းသတ်ဆေးများ (Herbicides) ရောင်းဝယ်ရေး) 
  • (ဆ) ဆင်ဂျင်တာ (Syngenta AG, Switzerland) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၂.၇၉ ဘီလီယံ (မျိုးစေ့များ၊ စိုက်ပျိုးရေးဓာတုဗေဒပစ္စည်းများ ရောင်းဝယ်ရေး)
  • (ဇ) ဘေယာ (Bayer AG, Germany) အမြတ်ငွေ - အမေရိကန်ဒေါ်လာ ၁၁.၆၆ ဘီလီယံ (ဆေးနှင့်ဆေးဝါးပစ္စည်းများ (Pharmaceuticals)၊ သက်ရှိသိပ္ပံ (Life Science) အတွက် ဓာတုပစ္စည်းများ၊ မွေးမြူကုသရေးဆိုင်ရာဆေးဝါးများ (Veterinary Drugs)၊ စိုက်ပျိုးရေးဓာတုဗေဒပစ္စည်းများ ရောင်းဝယ်ရေး) ဘေယာသီးနှံသိပ္ပံ (Bayer Crop Science) သီးသန့်ရှိပါသည်။ 

၁၂။ တန်ဖိုးမြင့် ကုန်ထုတ်လုပ်ရေးဆိုင်ရာ စီးပွားရေး (Agricultural Value Chain Economics)

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း (Value-Added Product) ဖြစ်အောင် ပြောင်းလဲပြီး ရောင်းဝယ်ဖောက်ကားသည့်နည်းပညာ ဖြစ်ပါသည်။ စီးပွားရေးရှုထောင့်မှနေ၍ ပုဂ္ဂလိကကုမ္ပဏီများမှ ပြုလုပ်လေ့ရှိပါသည်။ ဥပမာ - စပျစ်သီး (Grape)မှ ဝိုင်ထုတ်လုပ်ခြင်း (Wine Production)

၁၃။ ဘောဂဗေဒဆိုင်ရာ ဆန်းစစ်မှု၊ စာရင်းအင်းပညာ (Econometrics)

စာရင်းအင်းပညာ (Statistics) မှာ အလွန်အရေးကြီးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးပညာတို့အတွက် အသုံးဝင်သော ဇီဝဗေဒဆိုင်ရာ စာရင်းအင်းပညာ (Biometrics/Biometry)၊ စီးပွားရေးပညာ၊ လူမှုရေးသိပ္ပံတို့အတွက် အသုံးဝင်သော ဘောဂဗေဒဆိုင်ရာ စာရင်းအင်းပညာ (Econometrics) တို့မှာ အသေးစိတ်လေ့လာရပါမည်။

၁၄။  စစ်တမ်းကောက်ယူသည့်ပုံစံများ (Survey Design)

ကျေးလက်နေတောင်သူလယ်သမားဦးကြီးများ၏ လူမှုဘဝ လယ်ယာစစ်တမ်း (Farm Survey) ကို မိသားစုဝင်ငွေ (Family Income)၊ လယ်ယာပိုင်ဆိုင်မှု (Farm Assests)၊ လယ်ယာသုံးကိရိယာများ (Farm Implements)၊ သီးနှံအထွက်နှုန်း (Crop Yield)၊ စျေးကွက် (Market) စသည်ဖြင့် လေ့လာကာ အကြံဉာဏ်ပေးရသည့်ဘာသာရပ် ဖြစ်ပါသည်။ စစ်တမ်းကို လူချင်းတွေ့ဆုံချင်း (Personal Interview)၊ စာတိုက်မှလည်းကောင်း (By post/mail)၊ တယ်လီဖုန်းဆက်၍လည်းကောင်း (By Telephone)၊ ယခုခေတ် လူမှုဆက်သွယ်ရေးကွန်ရက်မှလည်းကောင်း (Social Media Network e.g. Face Book, Online Survey) အမျိုးမျိုး ပြုလုပ်ကြပါသည်။

၁၅။  လူမှုရေးသိပ္ပံဆိုင်ရာသုတေသန နည်းလမ်းများ (Social Research Methods)

လူမှုရေးသိပ္ပံကို သုတေသနပြုနည်းတွင် သုတေသနပညာရှင် (Researcher) များက နမူနာကောက်ယူနည်း (Sampling Methods)၊ ဘက်လိုက်မှု (Unbiased) ကင်းအောင် စာရင်း (Data) များတွက်ချက်ခြင်း၊ အဖြေများကို စနစ်တကျ ဆန်းစစ်တွက်ချက်ကာ (Analysis) အဓိပ္ပာယ်ဖော်ထုတ် (Interpretation)၊ ကောက်ချက်ချ (Conclusion)၊  အကြံဉာဏ်ပေးခြင်း (Recommendation) များ ပြုလုပ်ကြပါသည်။ 

ဇယား - ၁ နိုင်ငံအသီးသီးရှိ စိုက်ပျိုးမြေ၊ ကျေးလက်လူဦးရေ၊ ကုန်ထုတ်လုပ်မှု (၂၀၂၀)

Source – World Bank Statistics, 2020

မြန်မာတောင်သူလယ်သမားများသည် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လွန်စွာ ကျွမ်းကျင်မှုရှိကြသော်လည်း မိမိတို့၏ လယ်ယာလုပ်ငန်းများကို စီးပွားဖြစ် အကျိုးအမြတ်အတွက် တွက်ခြေကိုက်မကိုက် စိစစ်တွက်ချက်ကာ စိုက်ပျိုးထုတ်လုပ်ကြသူ လွန်စွာမှ နည်းပါးလှပါသည်။ မိရိုးဖလာ လုပ်ငန်းတစ်ခုအဖြစ်သာ ရှုံးရှုံးမြတ်မြတ် အိမ်စားလောက်ရုံရလည်းမနည်း ဟူသော အတွေးမျိုးဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေသူများ အလွန်များပြားလှပါသည်။

 မြန်မာနိုင်ငံ၏တောင်သူများသည် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကို လုပ်ဆောင်သော အခြေခံယူနစ်များဖြစ်သည့်အားလျော်စွာ စီးပွားရေးအမြင်များနှင့် စီမံခန့်ခွဲမှုများ  လုပ်ဆောင်ရန် အရေးကြီးပါသည်။ သို့သော် တောင်သူအများစုသည် မိရိုးဖလာ လယ်ယာလုပ်ငန်းကိုသာ ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားများ၊ စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများနှင့် လယ်ယာ/လုပ်ငန်းမှတ်တမ်း (Farm Record) ထားရှိမှုများ အားနည်းလျက်ရှိပါသည်။

အခြေခံအားဖြင့် မှတ်တမ်းထားရှိမှုသည် စီးပွားရေးလုပ်ငန်းများတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထုတ်ကုန်များအပေါ် ဈေးကောင်းရစေနိုင်သော နောက်ကြောင်းပြန်လိုက်နိုင်မှု  (Traceability) ကို ဆောင်ရွက်နိုင်ပါသည်။ စိုက်ပျိုးထားသော သီးနှံများ၏ ဈေးနှုန်းအချက်အလက်များနှင့်  ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အခြေခံသော လယ်ယာလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရန်အတွက်လည်း လုပ်ငန်းမှတ်တမ်းထားရှိမှု လိုအပ်ပါသည်။

ထို့အပြင် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော မူဝါဒများ၊ ဥပဒေများ၊ ငွေကြေးဆိုင်ရာ အချက် အလက်များ၊ ငွေကြေးဖောင်းပွမှုများနှင့် အလုပ်လက်မဲ့ပြဿနာများ၏ အကျိုးဆက်များကိုလည်း သိရှိနားလည်ပြီး လယ်ယာလုပ်ငန်းနှင့် ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများကို စီမံဆောင်ရွက်ရန် စိုက်ပျိုးစီးပွားရေးဆိုင်ရာပညာရပ်များသည် တောင်သူများအတွက် ပို၍အရေးပါလျက်ရှိပါသည်။

ယနေ့ခေတ်တွင် လွန်စွာမှ အကန့်အသတ်ရှိလာသော လယ်ယာမြေအရင်းအနှီးများ၊ မိမိတို့၏ လုပ်အားအရင်းအနှီးများ၊ အချိန်အရင်းအနှီးများ၊ ငွေအရင်းအနှီးများ စသည်တို့ကို အားလုံးထည့်သွင်းတွက်ချက်ကာ လယ်ယာလုပ်ငန်းကို မိရိုးဖလာစိုက်ပျိုးထုတ်လုပ်နေခြင်းမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တတ်ရန် လွန်စွာ အရေးကြီးလာနေသည့်နည်းတူ စိုက်ပျိုးစီးပွားပညာရပ်များကိုလည်း အခြေခံသဘောတရားများကို လူတိုင်းနားလည် သဘောပေါက်ကြရန်အရေးကြီးလာနေပြီဖြစ်ပါသည်။

သို့ပါ၍ဤဘာသာရပ်ကို သင်ကြားတတ်မြောက်ထားကြရန် လွန်စွာအရေးကြီးလှပါသည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်