အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၄) စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားရေးနှင့်သုတေသန

10/10/2022 13:30 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 44 Agricultural Education and Research

စိုက်ပျိုးရေးပညာ (Agricultural Education) ဘာသာရပ်သည် တောင်သူပညာပေးရေး (Agricultural Extension) ဘာသာရပ်မဟုတ်ပါ။ အခြေခံအဆင့်မှ တက္ကသိုလ်အဆင့်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သော ပညာများ သင်ကြားပေးမှုကိုဆိုလိုပါသည်။

စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများတွင် လက်မှတ်ရသင်တန်း (Certificate Courses)၊ စိုက်ပျိုးရေးသိပ္ပံ (State Agricultural Institute - SAI) များတွင် ဒီပလိုမာ  (Diploma) ရ သင်တန်းများနှင့် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များတွင် ဘွဲ့ကြိုဘက်ချလာဘွဲ့ (Bachelor – BSc/B.Agr.Sc.)၊ မဟာသိပ္ပံဘွဲ့ (Master – MS/M.Agr.Sc.)၊ ပါရဂူဘွဲ့ (Ph.D./Dr.Agri.) စသည့်ပညာများကို လေ့လာဆည်းပူးခြင်းကို ဆိုလိုပါသည်။

လက်မှတ်ရ၊ ဒီပလိုမာ သင်တန်းများတွင် စာတွေ့၊ လက်တွေ့ သင်ကြားပေးနေသော်လည်း၊ စိုက်ပျိုးရေးနှင့်ဆိုင်သော တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြားခြင်း (Teaching) ပြုလုပ်ရုံသာမက သုတေသန (Research) ပါတွဲဖက်ပြုလုပ်ရပါမည်။

တချို့နိုင်ငံရှိတက္ကသိုလ်များတွင် တောင်သူပညာပေးလုပ်ငန်း (Extension) များပါ ပါဝင်ပါသည်။တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ၊ သုတေသနပညာရှင်များက တောင်သူများနှင့် တိုက်ရိုက်တွေ့ပြီး သူတို့၏ပြဿနာများကို ဖြေရှင်းပေးပါသည်။ လိုအပ်လျှင် သုတေသန တိုက်ရိုက်ပြုလုပ်ပါသည်။  ဥပမာ - အမေရိကန်နိုင်ငံ (USA)၊ အိန္နိယနိုင်ငံ (India)

ကျွန်တော် အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင်ရှိစဉ်က ဒုတိယအကြိမ် မြန်မာနိုင်ငံ တက္ကသိုလ်များသုတေသနညီလာခံ (Myanmar Unversity Research Conference) ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ နေရာ ၉ နေရာ (ဘာသာရပ် ၉ ခု) ဝိဇ္ဖာပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာနှင့်နည်းပညာရပ်များ၊ ကွန်ပြူတာပညာရပ်၊ စီးပွားရေးပညာရပ်၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်၊ ဘာသာစကားယဉ်ကျေးမှုနှင့်အနုပညာရပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်၊ ဆရာအတတ်ပညာရပ်များအတွက် အွန်လိုင်း၊ အဝေးမှအင်တာနက်စနစ်ဖြင့် (Online, Virtual, Tele-Conference, Webinar System) ကျင်းပခဲ့ပါသည်။

၂၀၁၉-ခုနှစ် ဆောင်ပုဒ်မှာ အရည်အသွေးရှိသုတေသနနှင့် တီထွင်မှုမှသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် တတပ်တအား ဖြစ်ရမည် (National Building Through Quality Research and Innovation) ဖြစ်ပြီး  ၂၀၂၀-ခုနှစ် ညီလာခံအတွက် အဓိကဆိုလိုရင်းဆောင်ပုဒ် (Conference Theme) မှာ  အရည်အသွေး အခြေပြုသုတေသနမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ‘Quality Research towards Prosperity of the Nation’ ဖြစ်ပါသည်။ သုတေသနစကားဝိုင်းများလည်း ဆွေးနွေးခဲ့ပါသည်။

ဟောပြောသူများအဖြစ် အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဦးပဒေသာတင်က ‘သုတေသနအရေးပါမှုနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ၏ အခန်းကဏ္ဍ’ ဟူ၍ ဟောပြောခဲ့ရာတွင် အောက်ဖော်ပြပါခေါင်းစဉ်ငယ်များဖြင့်ဆွေးနွေးခဲ့ပါသည်။

သုတေသန အရေးပါပုံမှာ...

  • (က) ကမ္ဘာနှင့် ရင်ပေါင်တန်း၍ ပြည်သူပြည်သားတိုင်း လူမှုအဆင့်အတန်း မြင့်မားစွာဖြင့်  ပျော်ရွှင်စွာနေထိုင်ရေး။
  • (ခ) တိုင်းပြည်အချုပ်အခြာအာဏာတည်မြဲရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေနိုင်ရေး။
  • (ဂ) နိုင်ငံသားတိုင်း ကျန်းမာစွာနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေး။
  • (ဃ) အနာဂတ် အမိမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး သားစဉ်မျိုးဆက်တစ်လျှောက်လုံး ပိုမိုကောင်းမွန်သော လူမှုအဆင့်အတန်းရရှိရန်နှင့် အခွင့်အလမ်းကောင်းများရရှိရေး

စသည့်အချက်များကြောင့် သုတေသနသည် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါလှကြောင်းကို ပြောကြားသွားပါသည်။

ထို့အပြင် သုတေသီကောင်း (Good Researcher) တစ်ယောက်၏ အရည်အချင်းမှာ-

  • (၁) ပညာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှု
  • (၂) အခြေခံအောက်သက်ကြေရန် လိုအပ်မှု
  • (၃) မိမိသက်ဆိုင်ရာ ဘာသာရပ်အပြင် အခြားဘာသာရပ်များကို ဆည်းပူးလေ့လာသင့်မှု
  • (၄) ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု
  • (၅) နိုင်ငံခြားဘာသာ ရေးဖတ်ကျွမ်းကျင်မှု
  • (၆) စာသင်ကြားတတ်မှု
  • (၇) သုတေသနသည် မိမိ၏တီထွင်မှု အစစ်အမှန် (authentic) ဖြစ်မှု (သူများဆီကခိုးချ၍မရပါ) -

ဟူ၍ လည်းကောင်း ဟောပြောပို့ချသွားပါသည်။

ထို့နောက် ဟန်ဂေရီနိုင်ငံ ဗဟိုဥရောပတက္ကသိုလ် (Central European Univrsity) မှ ဒေါက်တာ လီဗူးမက်တေး (Prof. Livu Matei) က ‘နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တက္ကသိုလ်များ၏ သုတေသန’ အခန်းကဏ္ဍကို ဆွေးနွေးဟောပြောခဲ့ပါသည်။

နိုင်ငံအများစုတွင် ပြုလုပ်လိုက်သော သုတေသနများ၏ စာတမ်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်မှု (Publications) အရေအတွက်ကိုလည်း ကြည့်ရာတွင် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် စာတမ်းထုတ်ဝေနိုင်မှု (၄၂၆,၁၆၅) စောင်ဖြင့် အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံက (၄၀၈,၉၈၅) စောင်ဖြင့် ဒုတိယလိုက်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများ (EU)သည် စည်းကမ်းအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အနည်းဆုံး ၃% အထိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အသုံးပြုရမည်ဟူ၍ သတ်မှတ်ထားပါသည် ဟူ၍ပြောကြားသွားပါသည်။

ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်ကမူ သုတေသနယဉ်ကျေးမှုကို အားပေးခြင်း (Promoting Research Culture) ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ -

တက္ကသိုလ် ဆရာ/ဆရာမများ၏ တာဝန် ၃ ရပ်မှာ...

  • (က) သင်ကြားရေး - မိမိလုပ်အားအချိန် ၆၀% ခန့်  (Teaching)  - သင်ကြားရေးတွင် ပြဌာန်းစာအုပ် (Text Book) မှ သင်ကြားပေးရုံသာမကဘဲ ၁၀% - မှ ၂၀% (Research) ခန့် မိမိပြုလုပ်နေသော သုတေသနများမှ ရရှိသော အကျိုးကျေးဇူးများကို ထည့်သွင်းသင်ကြားသင့်ပါသည်။
  • (ခ) သုတေသန - ၃၀% ခန့်  (Research) သုတေသနပြုလုပ်ရာတွင် မိမိတက္ကသိုလ်၊ မိမိဒေသအနီး ပတ်ဝန်းကျင် အကျိုးရှိမှုကို အဓိကထားသင့်ပါသည်။
  • (ဂ) သုတေသနစာတန်း ထုတ်ဝေဖြန့်ချိမှု - ၁၀% ခန့်  (Publication) တို့ အရေးပါသည်

ဟု ပြောကြားသွားပါသည်။ 

ကျွန်တော်အနေနှင့်မူ ဒေသခံ ပြည်သူ/ပြည်သားများကိုဝန်ဆောင်မှုပေးမှု (Service) တနည်းအားဖြင့် ကျွန်တော်တို့စိုက်ပျိုးရေးအခေါ်ပညာပေးမှု (Extension Education)   ၁၀% ခန့် မဖြစ်မနေ လုပ်ဆောင်သင့်ပါသည် ဟူ၍ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ဆရာ/မများ အလုပ်လုပ်ချင်စိတ်ရှိအောင်တော့ မက်လုံး၊ ဆွဲဆောင်မှုဖြင့် (Incentive) ပံ့ပိုးအားပေးရပါလိမ့်မည်။

အထူးသဖြင့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်ပေါင်းစုံ သုတေသနများကို နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်လျက်ရှိသော၊ အရည်အသွေးရှိသော သုတေသနများ၊ တနည်းအားဖြင့် အသုံးချသုတေသနများ (Applied Research) ကို ဦးစားပေးပြီး ပြုလုပ်သင့်ပါသည်။ 

ဥပမာ - ကျွန်တော်တို့တက္ကသိုလ်များ၌ သုတေသနများတွင် ကိုဗစ်ကာလအတွင်း ကာကွယ်ဆေး၊ ကုသဆေးများ ထုတ်လုပ်နိုင်ရန်၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယခုထက် ပိုမိုပြည့်စုံနိုင်ရန်၊ ရောဂါဒဏ် ခံနိုင်ရည်ရှိပြီး ကျန်းမာစေသော အစားအစာ၊ နေထိုင်ဆောင်ရွက်ခြင်းကို ပိုမိုကောင်းမွန်နိုင်စေရန်၊ အနောက် တိုင်း ဆေးသုတေသနများသာမက တိုင်းရင်းဆေးသုတေသနများပါ ပူးတွဲလုပ်ဆောင်ပေးနိုင်ရန်၊ စီးပွားရေး ဈေးကွက်ရှာဖွေဖော်ထုတ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကျန်းမာညီညွတ်သော အစားအသောက် သီးနှံ၊ အသား၊ ငါး၊ နို့များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပိုမိုထုတ်လုပ်နိုင်သည်မှ နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရေး ရောင်းချနိုင်ရန် စသဖြင့် ကိုဗစ်နှင့်ကိုဗစ်အလွန်ကာလ (Beyond Covid-19) သည် ယခုအချိန် အလွန်အရေးကြီးနေသဖြင့် ကျွန်တော်တို့တက္ကသိုလ်များက စုပေါင်း၍ ထိုအတွက် ဉီးစားပေးသုတေသနများ လုပ်ဆောင်နိုင်ပါက ပိုမိုကောင်းမွန်လှမည်ဖြစ်ပါသည်။

ယူနက်စကို - ကုလသမဂ္ဂ ပညာရေးနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ (GERC) Gross Domestic Expenditure on R&D (GERD), လေ့လာချက်အရ - စီးပွားရေးလူမှုရေးသုတေသနအဖွဲ (CESD)နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှုကွန်ရက်အဖွဲ့ (Global Development Network ) တို့မှ ၂၀၂၀ မေလတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များ၌ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ နိုင်ငံတော်ရန်ပုံငွေဖြင့် ရရှိသော စုစုပေါင်း သုတေသနအသုံးစရိတ်များမှ -

  • ၃၂.၈ % သည် သိပ္ပံ၊ နည်းပညာများ၊ ပညာရေး  (STEM – Science, Technology, Engineering and Mathematics – Education)၊
  • ၃၂.၆% သည် စိုက်ပျိုးမွေးမြူရေး (Agriculture)၊
  • ၃၀.၀ %   သည်  ကျန်းမာရေး (Health)၊
  • ၄.၂% သည် သဘာဝသိပ္ပံ (Natural Science)၊
  • ၀.၃၈% သည် လူမှုရေးသိပ္ပံ  (Social Science)

တို့တွင် သုံးစွဲသည်ဟူ၍ တွေ့ရှိရပါသည်။

(သုတေသနအသုံးစရိတ်ကို အစိုးရဌာနများမှ ၇၈% ခန့်သုံးပြီး အဆင့်မြင့်ပညာ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများက ၂၁% ခန့် သုံးသည်ကို ဖော်ပြထားပါသည်။ ရန်ပုံငွေရရှိမှုမှာ နိုင်ငံတော်မှ ၇၇% ခန့်၊ နိုင်ငံခြားမှ အကူအညီပေးနေသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ (Development Partners e.g. UNESCO, FAO, WHO, JICA, KOICA, DAAD, GIZ, British Council, US Aids, AusAids, etc. ) က ၂၂.၅% ခန့်၊ ပုဂ္ဂလိက အဖွဲ့အစည်း (Private Sectors) များမှ ၀.၀၂ % ခန့် ထောက်ပံ့သည်ဟု တင်ပြထားပါသည်။ 

ဇယား(၁)  သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ် အများဆုံးနိုင်ငံအချို့ (၂၀၁၉)

 

Source - https://www.statista.com/statistics/732247/worldwide-research-and-development-gross-expenditure-top-countries

ကမ္ဘာ့နိုင်ငံများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်ကို ဒေါ်လာဘီလီယံနှင့်ချီပြီး သုံးနေသည်ကို ဇယား(၁)  တွင် တွေ့နိုင်ပါသည်။ 

ဇယား(၂) မြန်မာနှင့်အာဆီယံနိုင်ငံများ စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Product) ၏ သုတေသန အသုံးရာခိုင်နှုန်း 

Source – https://data.worldbank.org/indicator

ကျွန်တော်တို့နိုင်ငံ၏ သုတေသနအသုံးစရိတ်နှင့် အရေးပါမှုကို နိုင်ငံတော်မှထောက်ပံ့သည့်အပြင် ပုဂ္ဂလိကကဏ္ဍများ (Private Sectors) ကပါ ယခုထက်ပို၍ နားလည်သဘောပေါက်လာကာ ပိုမိုအသုံးပြုရပါဦးမည်။ ဇယား(၂) ။ 

ကိုဗစ်အလွန်ကာလတွင် တက္ကသိုလ်များအလိုက် နိုင်ငံတော်တိုးတက်ဖွံဖြိုးမှုအတွက် လက်ရှိ သင်ကြားမွေးထုတ်ပေးနေသည့် ဘာသာရပ်ဆိုင်ရာဘွဲ့များကို အခြားနိုင်ငံများမှ မွေးထုတ်ပေးနေသည်တို့နှင့် နှိုင်းယှဉ်လေ့လာဆန်းစစ်ပြီး မည်သည့်သာသာရပ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို မည်မျှအထိ အထောက်အကူပြုနိုင်သည်၊ အလုပ်အကိုင်ရရှိမှုကို မည်မျှတိုက်ရိုက်အထောက်အကူပြုနိုင်သည် စသည်တို့ကို  သုတေသနပြုလုပ်သင့်ပါသည်။

တနည်းအားဖြင့် ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူ၊ အဆောက်အဦ စသည့် အရင်းအမြစ်များ အလဟဿ (Waste of all Resources) မဖြစ်စေရန် ဖြစ်ပါသည်။ မိဘတို့၏ သား၊ သမီးများအပေါ် ငွေ၊ အချိန်ကုန်ကျမှုကိုလည်း ထည့်တွက်ရပါမည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ တင်သွင်းသောစာတမ်းတွင် သုတေသနပြုလုပ်ရာတွင် အောက်ပါ အခက်အခဲ စိန်ခေါ်မှုများလည်း ရှိနေပါသည် ဟူ၍ ပြောပါသည်။ ၎င်းတို့မှာ-

တက္ကသိုလ်နှင့် သုတေသနဌာနများကို ရန်ပုံငွေထုတ်ပေးဝေမှုသည် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိနေပါသည်။ အမျိုးသားသုတေသနဆိုင်ရာမူဝါဒ (National Research Policy) မရှိသေးပါ။ တက္ကသိုလ်ဆရာ/ ဆရာမများ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဝန်များဖြင့် ပိနေပါသည်။ အစိုးရ၊ သုတေသနအဖွဲ့အစည်း များနှင့် တက္ကသိုလ်ရှိ သုတေသီများ ညှိနှိုင်းဆောင်ရွက်မှု နည်းပါးနေပါသည်။ မြန်မာနိုင်ငံတွင် တရားဝင်ချမှတ်ထားသည့် သုတေသီ အချင်းချင်း သုံးသပ်ပေးသည့် ယဉ်ကျေးမှု (Peer Review Culture) မရှိသေးသလို သုတေသနအရည်အသွေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောဆိုခြင်းမျိုးလည်း မရှိကြပါ။ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများတွင် လူကြိုက်များသည့် အတွေးအမြင်များ (Popular Opinion) က သုတေသနအထောက်အထားကို လွှမ်းမိုးလျက် ရှိနေကြပါသည် ဟူ၍ တင်ပြထားပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် သုတေသနဆောင်ရွက်ချက်များကို ကြီးကြပ်ပေးမည့်၊ ကူညီပံ့ပိုးပေးမည့် မှတ်တမ်းတင်ပေးသည့် အမျိုးသားအဆင့် သုတေသနအဖွဲ့အစည်း (National Research Body or Council) တစ်ခု တည်ထောင်သင့်ပါသည်။ အဆင့်မြင့်ပညာ အဖွဲ့အစည်းများတွင် သုတေသနပြုရာ၌ အားကောင်းသည့်၊ အလုပ်တွင်သည့် သုတေသနအကဲဖြတ်မှု လုပ်ငန်းစဉ်နှင့် သုတေသီအချင်းချင်း သုံးသပ်သည့်စနစ်ကို ထူထောင်သင့်ပါသည်။

အဆင့်မြင့်ပညာ အဖွဲ့အစည်းများအတွက် သုတေသနစွမ်းရည်၊ အခြေခံအဆောက်အဦနှင့် ရန်ပုံငွေတို့တွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးသင့်ပါသည်။ မူဝါဒချမှတ်သူများထံသို့ သက်ဆိုင်သည့် နည်းပညာအကူအညီများ အချိန်နှင့်တစ်ပြေးညီ ပေးနိုင်စေရန် ဒေသခံသုတေသီများ၏ စွမ်းရည် မြှင့်တင်ပေးသင့်ပါသည်။ အစိုးရသုတေသနအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာသင်ကျောင်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ထူထောင်မှုကို ပြုလုပ်သင့်ပါသည် - ဟူ၍အကြံပြုတင်ပြထားပါသည်။

မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာရေးနှင့်မူဝါဒဆိုင်ရာ သုတေသနကို ပြုလုပ်နေသော တက္ကသိုလ်နှင့် အဖွဲ့အစည်းဌာနမှာ မရှိသလောက် ဖြစ်နေပါသည်။ မြန်မာနိုင်ငံပညာရေးစနစ်သည် ဗဟိုဦးစီးစနစ် (Fully Centralized) အဖြစ် ရှိနေသည်မှာ ရာစုနှစ်တစ်ဝက်ခန့် ရှိနေပါပြီဖြစ်ပါသည်။ ယခင် ၁၉၆၂ ခုနှစ် မတိုင်မီက ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ အရှေ့တောင်အာရှနိုင်ငံများတွင် အထင်ရှားဆုံးတက္ကသိုလ် (Flaship University) ဖြစ်ခဲ့ဖူးပါသည်။

အထူးသဖြင့် အဆင့်မြင့်ပညာကဏ္ဍ ဗဟိုဦးစီးချုပ်ကိုင်မှုကို ဖြေလျှော့မှု (Decentralization) သည် တက္ကသိုလ်များ လွတ်လပ်စွာ ရပ်တည်နိုင်မှု၏ အသက်ဖြစ်ပြီး မိမိကိုယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) သည်လည်း တက္ကသိုလ်များ လွတ်လပ်စွာရပ်တည်နိုင်မှု၏ နောက်ကွယ်က ထပ်ချက်မကွာ လိုက်ပါနေသောအချက် ဖြစ်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား  စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဗဟုသုတ ဖြန့်ချိပေးမှုမှာ အစိုးရဌာနများသာ မဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဏများမှလည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရွှေရောင်လွင်ပြင် အဖွဲ့သည် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) လက်မှတ်ရ အွန်လိုင်းသင်တန်း (Online Certificate Course) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၆-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ယင်းသင်တန်းတွင်..

  • စိုက်ပျိုးရေးဟူသောဝေါဟာရ၏ မူရင်းအဓိပ္ပာယ်၊
  • သစ်တောဟူသောဝေါဟာရ၏မူရင်းအဓိပ္ပာယ်၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းဝေါဟာရ၏ မူရင်း အဓိပ္ပာယ်များနှင့် သမိုင်းကြောင်း၊
  • မည်သည့်အတွက်ကြောင့် သီးနှံသစ်တောအတူစိုက်ပျိုးခြင်း နည်းစနစ်က အရေးကြီးရပါသလဲ၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းနည်းစနစ်များခွဲခြားလေ့လာခြင်း၊
  • မြေဆီလွှာအတွင်းသို့နိုက်တြိုဂျင်ဖြည့်တင်းပေးသောအပင်များ နှင့် မြေဆီလွှာအခြေအနေ၊
  • မြေဆီလွှာ၊ စိုက်ပျိုးရေးဂေဟအခြေအနေနှင့် သင့်တော်သည့် စိုက်ပျိုးရေးပင်များ၊
  • သီးနှံသစ်တော အတူစိုက်ပျိုးခြင်းစနစ် တည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်များ၊
  • ဥယျာဉ်ခြံသီးနှံ သစ်သီးပင်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးရေးအကြောင်း၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်း နှင့် ကျေးလက်လူမှုဘဝ ဆက်စပ်ခြင်း၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းစနစ်ထွန်းကားလာစေရန် ပံ့ပိုးပေးရမည့် အချက်များ၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းတွင် သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် အကျိုးကျေးဇူးများ၊
  • အိမ်တွင်း၊ ကျောင်းတွင်း သီးနှံ၊ သစ်တောရောနှောစိုက်ပျိုးခြင်း၊

အစရှိသည်တို့ကို သင်ကြားပေးပါမည်။

မကြာမီ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၂၄-ရက်နေ့တွင် အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (Basic Agricultural Science) လက်မှတ်ရ အွန်လိုင်းသင်တန်း (Online Certificate Course) ကို ဆက်လက်ဖွင့်လှစ်ပါမည်။

ဤသင်တန်းတွင်

  • စိုက်ပျိုးရေးပညာ မိတ်ဆက်၊
  • အပင်နှင့်မြေဆီလွှာ၊
  • သဘာဝနှင့်ဓါတ်မြေသြဇာ၊
  • အပင်မျိုးမွေးမြူရေးနှင့်ဗီဇဗေဒ၊
  • ဥယျာဉ်ခြံသီးနှံပညာများ၊
  • မျိုးစေ့သိပ္ပံပညာ၊
  • လယ်ယာသီးနှံပညာ၊
  • စားကျက်သီးနှံများ၊
  • စိုက်ပျိုးရေးမိုးလေဝသ၊
  • အပင်ကာကွယ်နှိမ်နှင်းခြင်း၊
  • မွေးမြူရေးသိပ္ပံပညာ၊
  • စိုက်ပျိုးစီးပွားရေးပညာ၊
  • စိုက်ပျိုးပညာပေးရေး၊
  • စိုက်ပျိုးရေးအင်ဂျင်နီယာ၊
  • ရေသွင်းရေထုတ်ခြင်း၊

စသည်တို့ကို သင်ကြားပေးပါမည်၊

စိတ်ဝင်စားပါက ရွှေရောင်လွင်ပြင်၏ (Golden Plain Livelihood Development Services Co-op Ltd. Facebook Page) စာမျက်နှာတွင် မှတ်ပုံတင်စာရင်းသွင်း (Registration) ကြပါရန် ကြေငြာလိုက်ရပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Site Phyo YAE ကြော်ငြာ
တောင်သူဦးကြီးများအတွက် မရှိမဖြစ်လိုအပ်သော မြေချဉ်ငံကိန်းတိုင်းစက်ပစ္စည်းများ / PH Tester များ / ကောက်ပဲသီးနုံစိုထိုင်းစတိုင်းစက်များ / လယ်ယာမြေဧကတိုင်းစက်များကို စိုက်ပျိုးရေးတွင် ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါသည်။အသေးစိတ်ဆက်သွယ်လိုပါက ဖုန်း 09975244300 ကိုဆက်သွယ်နိုင်ပါသည်။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်