အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၅) စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားရေးနှင့်သုတေသန (အပိုင်း-၂)

17/10/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 45 Agricultural Education and Research (Part-2)

စိုက်ပျိုးရေးပညာရပ် (Agricultural Education) ပြန့်ပွားရေးအတွက် ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့သည် အပတ်စဉ် စနေနေ့ည ၈ နာရီတိုင်း ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program - KSP) ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိနေပါသည်။

ရည်ရွယ်သည့်ပရိသတ်မှာ ကျေးလက်ဒေသနေလူငယ်များနှင့် တောင်သူဦးကြီးများဖြစ်သော်လည်း စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တော၊ အင်ဂျင်နီယာ၊ ပညာရေး စသည့်နယ်ပယ်အသီးသီးမှ ပညာရှင်များစွာ ပါဝင်ပြီး ရှုထောင့်မျိုးစုံနှင့်ဆွေးနွေးကြသဖြင့် ဗဟုသုတများစွာ ရရှိကြပါသည်။

အထူးသဖြင့် နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်နေကြသော စိုက်တက္ကသိုလ်ဘွဲ့ရများမှ အတွေးအခေါ်အသစ်များစွာတို့ကို ဝေမျှပါသည်။  ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားညှို,စ် (The University of Philippines - UPLB) မှ ပါရဂူဘွဲ့ရလာသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာကေသီခိုင်နှင့် ဒေါက်တာရည်မွန်သူ တို့မှာလည်း  စိုက်ပျိုးရေးပညာ (Agricultural Education) ဘာသာရပ်တွေ များစွာ သင်ယူခဲ့ရပါသည်။ 

ပညာသင်ကြား၊ သင်ယူမှုမှာ ကျောင်း၊ တက္ကသိုလ်များတွင် ပုံမှန်သင်ယူမှု (Formal Education) နှင့် အသက် ကြီးသူများတွက် ပညာရေး (Adult Education) တွင် ပုံမှန်မဟုတ်သောသင်ကြားမှု (Non-Formal Education)၊ ပေါ့ပေါ့ပါးပါး အချိန်ဇယားကြီးနဲ့မဟုတ်ဘဲ အဆင်ပြေသည့်အချိန်တွင် သင်ကြားသင်ယူမှု (Informal Education) စသည်တို့ ရှိပါသည်။

မြန်မာနိုင်ငံမှ တောင်သူဦးကြီးများအတွက် အချိန်မရွေး၊ နေရာမရွေး သင်ကြားပေးသည့်စနစ်၊ တောင်သူ့ကွင်းအတွင်းတွင် သင်ကြားသည့် ကျောင်းစနစ် (Farmer Field School - FFS) တို့သည် အသုံးတည့်မည် ထင်ပါသည်။ 

ထိုအထဲမှ ကျွန်တော်တို့ ရွှေရောင်လွင်ပြင်မှ ဗဟုသုတ မျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) မှာ ဆရာ ဦးအေးငြိမ်း ပြောကြားခဲ့သော စင်ကာပူနိုင်ငံတွင် ရာသက်ပန်သင်ယူမှု (Lifelong Learning) စနစ်များမှ အချို့သည် အသုံးတည့်မည်ဟု ယူဆပါသည်။

သူ၏ပြောကြားချက်အရ စင်ကာပူပညာရေးစနစ် (Syngapore Education System) မှာ တချို့ဥရောပနိုင်ငံများကဲ့သို့ တက္ကသိုလ်ကျောင်း တက်ရောက်ရာတွင် မူလတန်း၊ အလယ်တန်း၊ အခြေခံပညာ အထက်တန်း (တက္ကသိုလ်ဝင်တန်း)  အောင်မြင်ပြီးမှ တက်ရောက်ခွင့်ရသည်မဟုတ်ဘဲ အခြားသက်မွေးသင်တန်းကျောင်းများ (Vocational Training Institute/Polytechnics)၊ အထူးပညာရေး သင်ကြားပေးသောကျောင်းများ (Special Education Schools)၊ ပုဂ္ဂလိက သင်တန်းကျောင်းများ (Privately Funded Schools)၊ စက်မှုလက်မှုသင်တန်းကျောင်းများ (Institute of Technical Education) မှာ တက်ရောက်ပြီးလျှင်လည်း တက္ကသိုလ်၊ ကောလိပ် တက်ရောက်ခွင့် အခွင့်အလမ်း ပေးထားပါသည်။ 

သင်ကြားသင်ယူမှုနည်းအမျိုးမျိုးမှာ

(က) ပုံမှန်သင်ကြားမှု၊ ပုံမှန်လေ့လာသင်ယူမှု (Formal Learning)

အတန်းအဆင့်ဆင့်၊ ငယ်စဉ်ကြီးလိုက် (ဥပမာ - မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ Grade 1 to Grade 12) မှသည် ကောလိပ် (College)၊ တက္ကသိုလ် (University) အထိ အစဉ်လိုက်ထားပါသည်။ အရည်အသွေး၊ အကဲဖြတ်စနစ် (Assessment and Evaluation)၊ စာမေးပွဲစနစ် (Examination System) တို့ ရှိနေပါသည်။

(ခ) အလုပ်ခွင်တွင်လေ့လာသင်ယူမှု (Workplace Learning)

အလုပ်ခွင်နှင့် ဆက်စပ်နေသော ပုံမှန်မဟုတ်သော လေ့လာသင်ယူမှု (Informal Learning at work) ဖြစ်ပါသည်။ အချိန်၊ နေရာ၊ ကြမြင့်ချိန်မှာ လိုအပ်ချက်အပေါ် မူတည်ပါသည်။ စာမေးပွဲသည် ရေးဖြေမဟုတ်ဘဲ မိမိကိုယ်တိုင်ကျွမ်းကျင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာတာ၊ ဝန်ဆောင်မှု ပိုကောင်းလာတာသည် စာမေးပွဲအောင်ခြင်းပင်ဖြစ်ပါသည်။ တစ်ချို့ကလည်း အပ်ချုပ်ဆရာ၏ ကတ်ကြေးကိုက် သင်တန်း (Tailor-made Training) လိုအပ်ချက်အပေါ် တွင်မူတည်၍ ဖွင့်လှစ်သော သင်တန်းမျိုးက ကျွန်တော်တို့ နိုင်ငံ တောင်သူ လယ်သမားများအတွက် အသုံးတည့်မည်ထင်ပါသည်။ ဥပမာ - တီကျစ်စာပြုလုပ်နည်း၊ မိသားစုအိမ်အတွင်း ဒေသ (ဗမာကြက်) မွေးမြူနည်း စသည်တို့ ဖြစ်ပါသည်။ တောင်သူလယ်သမားများအတွက် စိုက်ကွင်းထဲ၊ မွေးမြူရေးခြံများအတွင်း ဖွင့်လှစ်သော သင်တန်းများဖြစ်ပါသည်။ သင်တန်းသားများအတွက် အချိန်၊ နေရာ၊ ခရီးစရိတ် ကုန်ကျမှု အလွန်သက်သာပါသည်။ 

(ဂ) လူမှုရေးဆိုင်ရာ လေ့လာမှု (Social Learning)

စေတနာ့ဝန်ထမ်းလုပ်ငန်းများ (Volunteer Works) ပါဝင်ပါသည်။ အထူးသဖြင့် ကျေးရွာ၊ ရပ်ကွက်အတွင်း စုပေါင်းနေထိုင်ကြသော အစုအဖွဲ့များ (Community) အတွက် အလွန်အရေးပါပါသည်။ ဥပမာ - အချက် အပြုတ်သင်တန်း (Cooking Training)၊ မုန့်ဖုတ်ခြင်း၊ စားစရာပြုလုပ်ခြင်းသင်တန်း (Bakery Training, Food processing Training)

(ဃ) တစ်ကိုယ်ရည်၊ ကိုယ်တိုင်ကိုယ်ကျ လေ့လာမှု (Personal Learning)

အလုပ်အကိုင်နှင့်မဆိုင်ပါ၊ ကျန်းမာရေးကိစ္စ (Health and Hygience)၊ နည်းပညာတိုးတက်ရန်အတွက်လေ့လာမှု (ICT Training) စသည်တို့ ပါဝင်ပါသည်။ နဉ်းပညာများအနေနှင့် အင်တာနက်အသုံးပြု၍ စာကြည့်တိုက်ကဲ့သို့ လိုအပ်သော စာရွက်စာတမ်းများ ရှာဖွေတတ်ရပါမည် (Use of Internet for Literature Search, Online Library, etc.)၊ အီးမေးလ် (Email) အသုံးပြု၍ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်တတ်ရပါမည်။

မြန်မာလူငယ်များအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း ဖွံ့ဖြိုးရေးအဖွဲ့ (MYEO – Myanmar Youth Empowerment Opportunities) မှ ဝင်ငွေရရန်လေ့လာခြင်း (Learn to Earn Program) အရ စိုက်ပျိုးရေးသင်တန်း၌ ကျွန်တော် ဧည့်သည်အနေနှင့် စာသင်ကြားခြင်း (Guest/Visiting Lecture) ပြုခဲ့ရာတွင် တစ်ချို့မှာ အီးမေးလ်ကို အသုံးမပြုတတ်ကြသေးပါ၊  ဘိုင်ဘာ (Viber) သို့မဟုတ်  (Telegram) တယ်လီဂရမ်တို့ဖြင့်သာ ဆက်သွယ်၍ zoom အသုံးပြုမှု (Zoom Application) ကိုတိုက်ရိုက်ဝင်ရောက်ကာ အသုံးပြုကြတာ တွေ့ခဲ့ရပါသည်။ 

စင်ကာပူနိုင်ငံတွင် ရာသက်ပန်သင်ကြားရေးဌာန (Lifelong Learning Institute - LLI) မှာ သီးခြားဖွင့်လှစ်ထားပါသည်။ နောက်တစ်ကျောင်းမှာ လူကြီးများအတွက် သင်ကြားရေးသိပ္ပံ (Institute for Adult Learning - IAL) ဖြစ်ပါသည်။ အသက်ကန့်သတ်ချက်မရှိပါ။ အလုပ်လုပ်နေသော ဝန်ထမ်းများတက်ရောက်မှုလွယ်ကူစေရန် ညနေပိုင်း ၇-နာရီမှ ည ၁၁-နာရီအထိ ဖွင့်လှစ်သည်ဟု ကြားသိရပါသည်။ 

သူတို့နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ် (Transport System) မှာ ဘတ်စ်ကား၊ မြို့ပတ်ရထားများ ည ၁၂-နာရီ အထိပြေးဆွဲပေးသဖြင့် မိန်းကလေးတယောက်တည်း ကျောင်းပြီးမှ မိမိအိမ်ပြန်လျှင်တောင် လုံခြုံစိတ်ချရသည် ပြောပါသည်။

အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သူမဆို သုတေသနပြုလုပ် အဖြေရှာရန် အစိုးရမှ သုတေသနရန်ပုံငွေ (Workforce Development Applied Research Fund) လည်း နှစ်စဉ် ဖိတ်ခေါ်ကာ မည်သူမဆို ပြုလုပ် အဖြေရှာ၊ တင်ပြနိုင်ပါသည်။ တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ သုတေသန ပညာရှင်မှ မဟုတ်ပါ။ နိုင်ငံသူ၊ နိုင်ငံသားများ မည်သူ မဆိုပြုလုပ်နိုင်ပါသည်။

မြန်မာနိုင်ငံမှ ကျောင်းသူတစ်ဉီး စင်ကာပူ၌ တက္ကသိုလ်တက်ရင်း မိမိစိတ်ကူးစိတ်သန်းကို မှတ်တမ်းတင်ဆောင်းပါးရုပ်ရှင် (Documentary Film) ရိုက်ကူးရင်း ဆုရသွားသည် ဟူ၍ ကြားသိရပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်နိုင်ငံသားထံမှမဆို အကြံဉာဏ်ကောင်း (Brilliant and Innovative Ideas)၊ အတွေးအခေါ်ကောင်းများ ရယူနိုင်မည့် အစီအစဉ်ပါ၊ အားကျ အတုယူစရာပါ။ 

အလုပ်အကိုင်ရရှိရေး၊ လက်ရှိအလုပ်အကိုင်မှ ပိုမိုကောင်းမွန် ဝင်ငွေရသော အလုပ်အကိုင်ကောင်းများကို ကူးပြောင်းလုပ်ဆောင်ရေးအတွက် အလုပ်လုပ်ရင်း အလုပ်ခွင်မပျက် အောက်ပါသင်တန်းများကိုလည်း ဖွင့်လှစ် ပေးထားပါသည်။

  • (က) ခေါင်းဆောင်နိုင်မှုစွမ်းရည်သင်တန်း (Leadership Excellence Training)
  • (ခ) လုပ်ငန်းခွင်အတွင်းထူးချွန်မှုဆိုင်ရာသင်တန်း (Service Excellence Training)
  • (ဂ) ဝန်ထမ်းအချင်းချင်း ပူးတွဲဆောင်ရွက်မှု သင်တန်း (People Excellence Training)
  • (ဃ) ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှု သင်တန်း (Cybersecurity Training)
  • (င) စာရင်းဇယားများ စိစစ်တွက်ချက်မှုသင်တန်း (Data Analytics Training)
  • (စ) ကိန်းဂဏန်းအခြေခံ ဈေးကွက်စီးပွားရေးသင်တန်း (Digital Marketing Training)
  • (ဆ) အလုပ်ခွင်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (Workplace Skills Trainings)
  • (ဇ) အလုပ်ခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး အသိပညာပေးသင်တန်း (Workplace Safety and health Training)
  • (ဈ) အီလက်ထရောနစ်ဆိုင် မိမိကိုယ်တိုင် လေ့လာခြင်းသင်တန်း (Independent e-Learning Training)
  • (ည) လုံခြုံရေးဆိုင်ရာသင်တန်း (Security Training) စသည်တို့ဖြစ်ပါသည်။ 

နောက်အဖွဲ့အစည်းတစ်ခုကတော့ သင်တန်းအစုအဖွဲ့လေ့ကျင့်မှုဝင်ပေါက် (သို့) လမ်းစ ပြောရမလား (Training Partners Gateway) ဆိုတဲ့အဖွဲ့ ပါ။ ထိုအဖွဲ့မှ အစိုးရကိုယ်စား သင်တန်းကုန်ကျစရိတ်ထုတ်ပေးခြင်း၊ သုတေသန ပြုလုပ်စေရန်အားပေးခြင်း၊ သင်တန်းအမျိုးအစားအလိုက် လေ့ကျင့်မှု စီမံခန့်ခွဲပေးခြင်း (Training Management System) တို့ကို ပြုလုပ်ပါသည်။ 

နောက်ထပ်အဖွဲ့အစည်းတစ်ခုကတော့ စင်ကာပူ အနာဂတ်ကျွမ်းကျင်မှု အဖွဲ့ (Skill Future Singapore) ပါ၊ မိမိတို့နိုင်ငံ အနာဂတ်ကာလအတွက် ဘယ်လို ကျွမ်းကျင်မှုတွေ လိုအပ်လာမလဲဆိုပြီး ကြိုတင်လေ့ကျင့်ပေးနေသော အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံလိုအပ်နေသမျှ အလုပ်အကိုင် ကျွမ်းကျင်မှု အရည်အချင်း၊ အရည်အသွေး သတ်မှတ်ချက် (Singapore Workforce Skills Qualifications – WSQ) နှင့်အညီ အစိုးရကို ကူညီစစ်ဆေးပေးနေသော အဖွဲ့ဖြစ်ပါတယ်။

သတ်မှတ်အဆင့်အတန်းနှင့်ညီပါက သာမာန်လက်မှတ် (Certificate)၊ အဆင့်မြင့်လက်မှတ် (Higher Certificate)၊ ကျွမ်းကျင်လက်မှတ် (Advanced Certificate)၊ ဒီပလိုမာလက်မှတ် (Diploma)၊ အထူးဒီပလိုမာလက်မှတ် (Specialist Diploma) နှင့် ဘွဲ့လွန်ဒီပလိုမာလက်မှတ် (Graduate Diploma) စသည်တို့ကို ထုတ်လုပ်ပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံ စင်ကာပူကို ကျော်မတက်နိုင်တောင် သူတို့ကဲ့သို့ စနစ်တကျ မှန်မှန်ကြီး တိုးတက်သွားအောင် အစိုးရတွင်သာမက၊ ပြည်သူလူထုအားလုံး၏ အကြံဉာဏ်များ၊ စိတ်ကူးစိတ်သန်းများ၊ တီထွင်ဖန်တီးမှုများ များစွာလိုအပ်ပါသည်။

စင်ကာပူသည် စိုက်ပျိုးရေးနိုင်ငံ မဟုတ်ပါ၊ သို့သော်လည်း သူတို့နိုင်ငံသားများ အစားအစာဘေးကင်းလုံခြုံရေး (Food safety and Security) အတွက် ကြိုတင်ပြင်ဆင်လျှက် ရှိပါသည်။  အတုယူစရာပါ။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား  စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဗဟုသုတ ဖြန့်ချိပေးမှုမှာ အစိုးရဌာနများသာ မဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍများမှလည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့် ပမာ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့သည် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) လက်မှတ်ရ အွန်လိုင်းသင်တန်း (Online Certificate Course) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၆-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသား၊ သင်တန်းသူများ ထပ်မံတက်ရောက်လိုသည်ဟူ၍ သိရှိရပါသဖြင့် အမှတ်စဉ် ၂- ( Agroforestry) သင်တန်းကို ၂၀၂၃-ခုနှစ်ထဲတွင် ဆက်လက်ဖွင့်လှစ်ပါမည်။

ယခု အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ လက်မှတ်ရ သင်တန်း (Online Certificate Course on Basic Agricultural Science) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၂၅-ရက်နေ့တွင် စတင် ဖွင့်လှစ်ပါတော့မည်။ မကြာမီတွင်လည်း မွေးမြူရေးဆိုင်ရာ အာဟာရဓာတ်ပညာ သင်တန်း  (Online Certificate Course on Animal Nutrition) ကိုလည်း မွေးမြူရေးဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဆရာကြီး  ဒေါက်တာတင်ငွေ ဦးဆောင်၍ တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ 

စိတ်ဝင်စားပါက ရွှေရောင်လွင်ပြင်၏ (Golden Plain Livelihood Development Services Co-op Ltd. Facebook Page) စာမျက်နှာတွင် မှတ်ပုံတင်စာရင်းသွင်း (Registration) ကြပါရန်နှင့် ၂၀၂၂-ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့ ည ၇-နာရီခွဲတွင် ပြုလုပ်မည့် မိတ်ဆက်ရှင်းလင်းတင်ပြခြင်း အစီအစဉ် (Webinar on Agricultural Course Orientation) အား နီးစပ်ရာ တောင်သူဦးကြီးများမှ ဝင်ရောက်ဆွေးနွေး မေးမြန်းပေးကြပါရန် ကြေငြာလိုက်ရပါသည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်