အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၇) စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားရေးနှင့်သုတေသန (အပိုင်း-၄)

31/10/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 47 Agricultural Education and Research (Part-4)

နိုင်ငံတကာ အိတ်ချ်  ၄-လုံး အသင်းအဖွဲ့ (International 4-H Club) ၏ ဆောင်ပုဒ် (Motto) များမှာ

  • For my Club, my Community, and my Country.

ငါ၏ အသင်း အဖွဲ့၊ ငါ့၏ကျေးရွာ အစုအဖွဲ့၊ ငါ၏နိုင်ငံအတွက် 

(I pledge) ငါ ကတိပြုပါသည်၊ ကတိပေးပါသည်။

  • (a) My Head to Clear Thinking

           မှန်ကန်ဖြောင့်မတ်စွာ တွေးခေါ်ကျင့်ကြံပါမည်။

  • (b) My Heart to Greater Loyality

           ငါ့နှလုံးသားမှနေ၍ သစ္စာစောင့်သိပါမည်။

  • (c) My Hands to larger Service,

           ငါ့ခန္ဓာကိုယ်၊ လက်များဖြင့် တာဝန်အပြည့်အဝ ထမ်းဆောင်ပါမည်။

  • (d) My Health to better Living.

           ငါသည် ကျန်းမာကြံ့ခိုင်အောင် နေထိုင်ပြုမူပါမည်။

သူတို့၏ ကြွေးကြော်သံ (Slogan) မှာ အလုပ်လုပ်ရင်း သင်ယူမည် (Learn by Doing) ဖြစ်ပါသည်။ လက်တွေ့ကျပါသည်။ 

ကျွန်တော်တို့တက္ကသိုလ်၊ သိပ္ပံကျောင်းများမှာ သင်ကြားမှုပုံစံ၊ ဘာသာရပ်အခက်အခဲကြောင့် (အင်္ဂလိပ်လို သင်ရ၍ အလွတ်ကျက်မှတ်နေရခြင်း - By heart, by Rote Learning)  ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ အတွေးအခေါ်၊ တီထွင်ဖန်တီးနိုင်မှု၊ အားနည်းသွားသည်ဟု ယူဆပါသည်။

စိုက်ပျိုးရေးပညာ ကွင်းဆင်းလက်တွေ့ သင်ယူပေးမှု၊ သင်ယူနိုင်မှုမှာလည်း ကျွန်တော်တို့ကျောင်းသားဘဝထက်စာလျှင် လက်တွေ့အလုပ်လုပ်ချိန် နည်းသွားပါသည်။

ကျွန်တော်ငယ်စဉ် လယ်ယာသီးနှံဌာန ဆရာငယ်ဘဝက (၁၉၈၂-၈၆ နှစ်ပိုင်းများ) ကျွန်တော်တို့ လယ်ယာသီးနှံဆရာ ဦးဂျိုးဇက်အုန်းညွန့်က ဦးဆောင်ကာ  စပါးကောက်စိုက်ရာတွင် ကျောင်းသား၊ ကျောင်းသူ အားလုံးနဲ့အတူ လက်တွေ့သင်သော သရုပ်ပြဆရာ၊ ဆရာမ (Demonstrators) အားလုံး  တမန်းထဲဆင်း၍ လက်တွေ့ ကောက်စိုက်ခဲ့ရပါသည်။

ကျောင်းသား၊ ကျောင်းသူများက အုပ်စု (Session A, B, C, D, E) အလိုက် တစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းရချိန်တွင် ကျွန်တော်တို့ ဆရာ၊ ဆရာမများက နေ့စဉ်ကွင်းဆင်း ကြီးကြပ်ရသည်ဖြစ်ပြီး စပါးစိုက်ရာသီဆိုလျှင် ခြေသလုံးနှင့် ပုဆိုး၊ လုံချည်များမှာ တမန်းဆီတက်၊ မဲနေပါသည်။ ကျောင်းသားကျောင်းသူများ အင်္ကျီ အဝတ်အစား လှလှပပ ဝတ်လာ၍ မရပါ။ စိုက်ပျိုးရေးတက္ကသိုလ် တက်မည်ဆိုလျှင် အခြားတက္ကသိုလ်များ ကဲ့သို့ နေ့စဉ် အဝတ်အစား လှလှပပဝတ်၊ ဓာတ်ပုံရိုက်၊ စားသောက်ဆိုင်ထိုင်၊ အမြဲတမ်းနေ၍မရပါ။

ကျောင်းသား၊ ကျောင်းသူ အများစုမှာ (၉၅%  လောက်) လည်း ကျောင်းဆောင်နေရသည့်အတွက် သူငယ်ချင်း အချင်းချင်း ရင်းနှီးမှု ပိုရစေကာ အဖွဲ့အစည်းနှင့်လုပ်ဆောင်နိုင်မှု (Teamwork Skills)၊ တစ်ဦးအပေါ်တစ်ဦး စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်နိုင်မှု (Patient and Forgiveness) များစွာ ရစေပါသည်။

ကျွန်တော်တို့ခေတ်က မော်တော်ကားဖြင့်ကျောင်းတက်သူ မရှိသလောက်ဖြစ်ပြီး လမ်းလျှေက်ပြီးပဲ သွားလာ၊ ကျောင်းတက်ခဲ့ရပါသည်။ ယခုတော့ မော်တော်ဆိုင်ကယ်များဖြင့် ကျောင်းတက်နေကြပါပြီ။ တစ်ချို့ကလည်း လယ်ယာသီးနှံလက်တွေ့ (Agronomy Practical) မှာ ပေါင်းနှုတ်၊ စပါးစိုက်ရ၍ အကျိုးမရှိဟုဝေဖန်ကြပါသည်။ ကျွန်တော်ကတော့ ဤကဲ့သို့လက်တွေ့များလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ ဆင်းရဲချမ်းသာ ကွာဟမှု နည်းသွားနိုင်ခြင်း၊ တစ်ဉီးအပေါ်တစ်ဦး ဗိုလ်ကျစိုးမိုးမှု နည်းသွားကာ အချင်းချင်း ရိုင်းပင်းကူညီမှု ပိုမိုရရှိလာနိုင်သည်ဟု ထင်မြင်မိပါသည်။ တစ်ဦးနှင့်တစ်ဦးတော့ အမြင်မတူညီနိုင်ပါ။

ကနေဒါနိုင်ငံ၊ အယ်လ်ဗာတာပြည်နယ် (Alberta State) အထက်တန်းကျောင်းများ၏ ဒဿမတန်း (Grade - 10) တွင် သင်ကြားနေသည့် သိပ္ပံသင်ရိုးညွန်းတမ်းများ (Science Curriculum) တွင် စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်ရေရှည်တည်တံ့ခိုင်မြဲမှု (Agriculture, Environment and Sustainability) အခန်း သင်ကြားပေးသော အကြောင်းအရာများကို နမူနာအနေနှင့် ဖော်ပြလိုက်ပါသည်။

ခေါင်းစဉ်ခွဲများအနေဖြင့်...

  • မြေအသုံးပြုမှု (Land)၊
  • စွမ်းအင် (Energy)၊
  • ရေ (Water) နှင့်
  • မြေဆီလွှာ(Soil) တို့အကြောင်း မိတ်ဆက်သင်ကြားပေးပါသည်။

စိုက်ပျိုးမွေးမြူရေးအပေါ် ပတ်ဝန်းကျင်၏ အကျိုး သက်ရောက်မှု (Environmental Monitoring and Impacts)၊ ရာသီဥတုနှင့် ဖန်လုံအိမ်အာနိသင်အကြောင်း (Climate and Greenhouse Effects)၊ ဇီဝသက်ရှိများ မျိုးကွဲပြားမှု (Biological and habitat Diversity) တို့ကို သင်ကြားရာတွင် လူဦးရေထူထပ်မှု၊ လူတို့၏ အမှားပြုလုပ်မှုတို့ကြောင့် ပတ်ဝန်းကျင်ပြောင်းလဲမှု (Environmental Change)၊ ရာသီဥတုပြောင်းလဲမှု (Climate Change) တို့ကို သင်ကြားလေ့လာရမည်ဖြစ်ပါသည်။

နောက်တစ်မျိုးမှာ အစားအစာကွင်းဆက် (Food Chains, Food Web)၊ အပင်နှင့် သတ္တဝါတို့ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီစွာ ဆက်စပ်မှု (Ecosystems, Biotic and Abiotic factors)၊ ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းပညာများ (Modern Agricultural Technologies)၊ ဂေဟစနစ်ဟန်ချက်နှင့် စွန့်ပစ်ပစ္စည်းများ (Ecosystem Balances and wastes) စသည့်ခေါင်းစဉ်များ ပါဝင်ပါသည်။ 

လူမှုရေးပညာ လေ့လာမှုတွင် ကမ္ဘာလုံးဆိုင်ရာ မြေယာ၊ ယဉ်ကျေးမှုနှင့် စီးပွားရေး၊ နေထိုင်မှုအဆင့်အတန်း (Impact of Globalization on Land, Cultures, Economies and Quality of Lifes)၊ ဒေသ၊ နိုင်ငံအတွင်းနှင့် တကမ္ဘာလုံး  ဆက်စပ်နေမှုအခြေအနေ (Local, National and International Contexts of Globalization) စသည်တို့ကို သင်ကြားပေးပါသည်။ 

ကနေဒါ၊ အမေရိကန်နိုင်ငံတို့မှာ စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံများ ဖြစ်သည့်အလျောက် အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝကတည်းကပင် စိုက်ပျိုး မွေးမြူရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို နိုင်ငံသားကောင်းဖြစ်လာမည့် လူငယ်များကို မြေတောင်မြှောက် သင်ကြားပေးနေပါသည်။

ဥပမာ - ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငငံတကာ ပလတ်စတစ်ပစ္စည်း လျှော့ချသုံးစွဲရေးတွင် နိုင်ငံတကာ ဆောင်ပုဒ်များဖြစ်သော အာ ၃ - ခု (3-Rs) 

  • (က) သုံးစွဲမှုလျှော့ချပါ (Reduce) 
  • (ခ)  ထပ်တလဲလဲ အသုံးပြုပါ (Reuse) 
  • (ဂ) ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများပြုလုပ်ပါ (Recycle) 

စသည်တို့ကို သူတို့နိုင်ငံများ၌ ကျောင်းသားအရွယ် ကလေးငယ် ဘဝကတည်းက သူ့အလိုလို တာဝန်ယူချင်စိတ်ရှိလာအောင် လေ့ကျင့်၊ ပြုစု၊  ပျိုးထောင်ပေးလျက်ရှိနေတာကို တွေ့ရပါသည်။ ကျွန်တော်တို့နိုင်ငံ၌ ယခုတွင် ကျောင်းသုံးဗလာစာအုပ်များတွင် ရေးသားထားသည်ကိုတွေ့ရပါသည်။ နိုင်ငံတကာတွင် ကလေးငယ်များကို မိမိကိုယ်ကိုမိမိ တာဝန်ယူချင်စိတ်ရှိလာအောင် နည်းလမ်းပေါင်းစုံဖြင့် သင်ကြားပေးပါသည်။ 

၂၁ - ရာစုကျွမ်းကျင်မှုကို ကလေးများအား သင်ကြားပေးရာတွင် စီ ၄ - ခု (4-Cs)

  • (က) ဆန်းစစ်ဝေဖန်နိုင်သော သင်ကြားမှု  (Critical Thinking)  
  • (ခ) ခေတ်မီနည်းပညာဖြင့်ဆက်သွယ်မှု (Communication Technology)
  • (ဂ) ပူးပေါင်းလုပ်ဆောင်နိုင်မှု  (Collaboration)
  • (ဃ) တီထွင်ဖန်တီးနိုင်စွမ်းရှိမှု (Creativity) စသည့် စွမ်းရည်များရအောင် သင်ကြား၊ သင်ယူရပါမည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား  စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဗဟုသုတကို မြန်မာဘာသာဖြင့် သင်ကြား၊ ဆွေးနွေး၊  ဖြန့်ချိပေးမှုမှာ အစိုးရဌာနများသာ မဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍများမှလည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပူးပေါင်းဆောင်ရွက်နေပါသည်။

စိုက်ပျိုး၊ မွေးမြူရေးနှင့်သက်ဆိုင်သော မြန်မာဘာသာ စာရွက်စာတမ်းများကိုလည်း တတ်နိုင်သလောက် စုစည်းထားပါသည်။  သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရွှေရောင်လွင်ပြင် အဖွဲ့သည် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry) လက်မှတ်ရ အွန်လိုင်းသင်တန်း (Online Certificate Course) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၆-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်ကြားချိန် တလရှိသွားပါပြီ။ သင်တန်းသား၊သင်တန်းသူများ ထပ်မံတက်ရောက်လိုသည်ဟူ၍ သိရှိရပါသဖြင့် အမှတ်စဉ် ၂- (Agroforestry Batch-2) သင်တန်းကို ၂၀၂၃ - ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆက်လက်ဖွင့်လှစ်ပါမည်။

ယခု အခြေခံစိုက်ပျိုးရေးသိပ္ပံပညာလက်မှတ်ရသင်တန်း (Online Certificate Course on Basic Agricultural Science Batch-1) အမှတ်စဉ် (၁) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၂၅-ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသား၊သင်တန်းသူ (၃၈) ဦးရှိပါသည်။

မကြာမီတွင်လည်း မွေးမြူရေးဆိုင်ရာအာဟာရဓာတ်ပညာသင်တန်း  (Online Certificate Course on Animal Nutrition Batch-1) အမှတ်စဉ် (၁) ကို မွေးမြူရေးဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဆရာကြီး ဒေါက်တာတင်ငွေ ဦးဆောင်၍ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ ၂၃-ရက် မှစတင်၍ ရွှေရောင်လွင်ပြင်/ရွှေရောင်စိုပြေ၏ တတိယအကြိမ်မြောက် အွန်လိုင်းလက်မှတ်ရသင်တန်း (Third Online Certificate Course) အဖြစ် တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ပါသည်။ မှတ်ပုံတင်စာရင်းသွင်း (Registration) ခြင်းကို စတင်လက်ခံနေပါပြီ။ မှတ်ပုံတင်ပြီးသူ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးခန့်ရှိနေပါပြီ။ ရွှေရောင်လွင်ပြင်မှ သင်တန်း တာဝန်ခံ ဒေါက်တာဝဏ္ဏ (ဖုံးနံပါတ် - ၀၉-၄၄၅၉၃၈၇၉၅) ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စိတ်ဝင်စားပါက ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd. Facebook Page) စာမျက်နှာနှင့် ရွှေရောင်စိုပြေ (Shwe Yaung Sopyae facebook Page) စာမျက်နှာတို့တွင် မှတ်ပုံတင်စာရင်းသွင်း (Registration) ကြပါရန် ကြေညာလိုက်ရပါသည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်