စိုက်ပျိုးရေးအင်ဂျင်နီယာပညာ မိတ်ဆက်ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာအပိုင်း (၃) နှင့် အပိုင်း(၄) တို့တွင် အနည်းငယ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင်ရန်ကုန်စက်မှုတက္ကသိုလ်) တွင် ရပ်နားထားခဲ့သော စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်ကို မန္တလေးနည်းပညာတက္ကသိုလ်တွင်လည်း ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး B.E (Agricultural Engineering) ဘွဲ့ပေးအပ်ခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် အဆိုပါဘွဲ့သင်တန်းကို ၁၉၇၁ ခုနှစ် နောက်ပိုင်းမှစ၍ ယခုအချိန်အထိ ရပ်နားထားခဲ့ပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ရများ မွေးထုတ်နိုင်ခြင်းမရှိခဲ့၍ စိုက်ပျိုးရေးဆိုင်ရာဌာနများ ဖြစ်သော ဆည်မြောင်း၊ ရေအရင်းအမြစ်နှင့် စက်မှုလယ်ယာဌာနများတွင် ရိုးရိုး စက်မှု၊ လျှပ်စစ်၊ မြို့ပြနှင့် အခြားအင်ဂျင်နီယာအထူးပြုဘာသာရပ်ဘွဲ့ရများ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
ယခုအခါ ခေတ်မီတိုးတက်ပြောင်းလဲလာသော နည်းပညာရေးစီးကြောင်းနှင့်အတူ နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်သော နည်းပညာအသစ်များ ပေါ်ထွန်းလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာအတတ်ပညာသည် တစ်ခုအပါအဝင် ဖြစ်လာပါသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ၂၀၁၈ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်း သင်ကြားမှု အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအဖွဲ့အစည်း (JICA) ၏ အကူအညီဖြင့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခဲ့ရာ စိုက်ပျိုးရေးပညာဘွဲ့ (B.Agr.Sc) စိုက်ပျိုးရေး အင်ဂျင်နီယာအထူးပြု (Agricultural Engineering) ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး ရှိနေပြီ ဖြစ်ပါသည်။
သင်ကြားပေးသော ဘာသာရပ်များမှာ (၁) စိုက်ပျိုးရေးအင်ဂျင်နီယာမိတ်ဆက် - Introduction to Agricultural Engineering၊ (၂) အင်ဂျင်နီယာပုံဆွဲပညာ - Engineering Drawing၊ (၃) ဒြပ်ဝတ္တုများ၏ခံနိုင်အား - Strength of Materials (၄) လယ်ယာဖွဲ့စည်းတည်ဆောက်ပုံနှင့်မြေတိုင်းပညာ - Farm Structure and Surveying (၅) လယ်ယာစက်ယန္တရား - Farm Machinery (၆) အင်ဂျင်တွင်းလောင်ကျွမ်းခြင်းပညာ - Internal Combustion Engine (၇) ဓါတ်ငွေ့ရည်ဆိုင်ရာ မက္ကင်းနစ်ပညာ - Fluid Mechanics (၈) အင်ဂျင်ဒီဇိုင်းပုံစံပညာ - Design of Machine Elements & CAD (Computer-Aided Design) (၉) ရေသွင်းမှုဆိုင်ရာအင်ဂျင်နီယာပညာ - Irrigation Engineering (၁၀) ရိတ်သိမ်းခြင်း နှင့်ပြုပြင်မွမ်းမံနည်းပညာ - Postharvest and Process Engineering (၁၁) စက်မှုလယ်ယာစီမံခန့်ခွဲမှုနည်းပညာ - Agricultural Mechanization Management များအပြင် အထွေထွေစိုက်ပျိုးရေးပညာ - General Agriculture၊ သိပ္ပံနည်းကျစာရေးသားနည်း - Scientific Writing၊ ဟောပြောနိုင်မှုစွမ်းရည် ၊ သုတေသနပြုလုပ်နည်းများ - Research Methods၊ လုပ်ငန်းခွင်အတွေ့အကြုံ - Internship စသည်တို့ကို လေ့လာရမည်ဖြစ်ပါသည်။
မကြာမီ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပထမဦးဆုံး မွေးထုတ်ပေးမည့် စိုက်ပျိုးရေးပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု) ကျောင်းသား၊ကျောင်းသူများ ပေါ်လာပါတော့မည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးဘာသာရပ်များစွာကို ၆၀% အလေးပေး သင်ကြားပြီး၊ အင်ဂျင်နီယာဘာသာရပ်ကို ၄၀% ခန့် သင်ကြားမည့်စနစ်ပုံစံဖြစ်ပါသည်။
မန္တလေးနည်းပညာတက္ကသိုလ်မှာမူ အင်ဂျင်နီယာဘာသာရပ်များကို ၆၀%-၇၀% အထိ အလေး ပေးသင်ကြားမည်ဖြစ်ပြီး စိုက်ပျိုးရေးဘာသာရပ်ကို ၃၀%-၄၀% ခန့်သင်ကြားပေးနိုင်ပါမည်။ သင်ကြားပေးသော ဘာသာရပ်များမှာ ဒုတိယနှစ်မှစ၍ (၁) အသုံးချသင်္ချာ - Applied Mathematics (၂) အလုပ်ရုံနည်းပညာ - Workshop Technology (၃) အင်ဂျင်နီယာ မက္ကင်းနစ်ပညာ - Engineering Mechanics (၄) သာမိုဒိုင်းနမစ် - Thermodynamics (၅) ဒြပ်ဝတ္တုများ၏ခံနိုင်အား - Strength of Materials (၆) မြေဆီလွာနှင့်ရေထမ်းသိမ်းရေးအင်ဂျင်နီယာပညာ - Soil and Water Conservation Engineering (၇) စိုက်ပျိုးရေးနည်းစနစ်အင်ဂျင်နီယာ - Agricultural Process Engineering (၈) လယ်ယာစက်ယန္တရား - Famr Machinery (၉) ပန့်အင်ဂျင်နီယာနှင့်ဟိုက်ဒြောလစ်ထိန်းချုပ်နည်းများ - Pump Engineering and Hydraulic Control (၁၀) အဝေးမှအာရုံခံခြင်းနှင့်ပထဝီ အချက်အလက် နည်းပညာ - Remote Sensing and GIS (၁၁) စက်မှုဆိုင်ရာစီမံခန့်ခွဲမှုနည်းပညာ - Industrial Management များအပြင် သီးနှံစိုက်ပျိုးရေးပညာ - Crop Production၊ လူမှုဘာသာနှင့်လူမှုရေးသိပ္ပံ - Humanities and Social Science၊ အင်္ဂလိပ်စာ English၊ အင်ဂျင်နီယာရူပဗေဒနှင့်ဓာတုဗေဒ - Engineering Physics and Chemistry သုတေသနနှင့် လုပ်ငန်းခွင်အတွေ့အကြုံ - Research and Internship စသည်တို့ကို လေ့လာရမည်ဖြစ်ပါသည်။
စိုက်ပျိုးရေးဘာသာအတွက် ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံ၊ မန္တလေးစိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ဧည့်ဆရာ၊ ဆရာမများ လာရောက်သင်ကြားပေးနိုင်ရန် စီစဉ်နေပါသည်။ မြန်မာနိုင်ငံတက္ကသိုလ်စနစ်မှာ ဘာသာရပ်တစ်ခုတည်းသာ ဦးတည်သင်ကြားနေသည့်စနစ် ဖြစ်နေသေး သည့်အတွက် တက္ကသိုလ်ချင်း၊ သိပ္ပံချင်း ကပ်လျက်ဖြစ်စေကာမူ ဝန်ကြီးဌာနမတူ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး မတူနေကြသည်တို့ကို ညှိနှိုင်း၊ မေတ္တာရပ်ခံ သင်ကြားပေးနေလျက် အခက်အခဲ ရှိနေဦးမည် ဖြစ်ပါသည်။ နောင်တစ်ချိန်တွင် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာကာ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသော တက္ကသိုလ်စနစ် (Comprenensive University System) ဖြစ်လာပြီဆိုလျှင် ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနိုင်သည်။
အဆင့်မြင့်သင်တန်းကျောင်း (School)၊ မဟာဌာန (Faculty)၊ ကောလိပ် (College)၊ သိပ္ပံ (ခေါ်) အင်စတီကျု (Institute)၊ သုတေသနဌာနများ (Research Centers) လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့် ရလာလျှင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး ယခုထက်ပိုမို၍ တိုးတက်လာမည် ဖြစ်ပါသည်။ ယခု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ရှေ့ပြေး ပြောင်းလဲမည့် တက္ကသိုလ်(၁၆) ကျောင်း (16-Pilot Universities for Autonomy) တွင် မန္တလေးနည်းပညာတက္ကသိုလ်သည်လည်း တက္ကသိုလ်တစ်ခု အပါအဝင် ဖြစ်ပါသည်။
ကျွန်တော့်မိတ်ဆွေ စက်မှုလယ်ယာဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်တက္ကသိုလ် (University of Philippines – UPLB) တွင် မဟာသိပ္ပံစိုက်ပျိုးရေး အင်ဂျင်နီယာ ပညာကို လေ့လာစဉ်က အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(Basic Agriculture)၊ စိုက်ပျိုးပင်အမည်များ (Agricultural Plants)၊ စိုက်ပျိုးရေးရုက္ခဗေဒ (Agricultural Botany) စသည်တို့ကို စိုက်ပျိုးရေးနှင့်အစားအသောက်သိပ္ပံကောလိပ် (College of Agriculture and Food Science) က သင်ကြားပေး သည်ဟူ၍ ပြောခဲ့ဖူးပါသည်။ UPLB မှာ ဘာသာရပ်သင်ကောလိပ်၊ သိပ္ပံကျောင်းပေါင်း (၁၁) ခု ရှိပါသည်။
ယင်းတို့မှာ-
(၁) စိုက်ပျိုးမွေးမြူရေးနှင့် အစားအသောက်သိပ္ပံကောလိပ်
(College of Agriculture and Food Science -CAFS)
(၂) ဝိဇ္ဇာနှင့်သိပ္ပံပညာကောလိပ်
(College of Arts and Sciences-CAS)
(၃) ဖွံ့ဖြိုးတိုးတက်မှု ဆက်သွယ်ရေးကောလိပ်
(College of Development Communication-CDC)
(၄) စီးပွားရေးနှင့် စီမံခန့်ခွဲမှုကောလိပ်
(College of Economics and Management-CEM)
(၅) အင်ဂျင်နီယာနင့် လယ်ယာစက်မှုနည်းပညာကောလိပ်
(College of Engineering and Agro-Industrial Technology-CEAT)
(၆) သစ်တောနှင့် သယံဇာတကောလိပ်
(College of Forestry and Natural Resources – CFNR)
(၇) လူသားဆိုင်ရာဂေဟဗေဒကောလိပ်
(College of Human Ecology – CHE)
(၈) ပြည်သူ့ရေးရာဖွံ့ဖြိုးတိုးတက်မှုကောလိပ်
(College of Public Affairs and Development – CPAD)
(၉) မွေးမြူကုသရေးကောလိပ်
(College of Veterinary Medicine – CVM)
(၁၀) ဘွဲ့လွန်သင်တန်းကျောင်း
(Graduate School – GS)
(၁၁) ပတ်ဝန်းကျင်သိပ္ပံနှင့် စီမံခန့်ခွဲမှုအဆင့်မြင့်သင်တန်းကျောင်း
(School of Environmental Science and Management – SESAM) တို့ဖြစ်ပါသည်။
ပြည်တွင်းမှ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ မပေးတော့သဖြင့် စက်မှုလယ်ယာဦးစီးဌာတွင် ပညာရှင်အများစုမှာ B.E. (Mechanical Engineering) ဘွဲ့ရများတို့သာ ဖြစ်နေကြပါသည်။ ယခုနောက်ပိုင်းတွင်မူ ပြည်ပနိုင်ငံများမှ စက်မှုလယ်ယာအထူးပြုဘာသာဖြင့် သင်ကြားပြီးသူ မဟာဘွဲ့၊ ပါရဂူဘွဲ့ရ အနည်းငယ် ရှိသည်ဟူ၍ ကြားသိရပါသည်။ သို့သော် လက်ချိုးရေ၍ရပါသည်။ ဤနည်းပညာများတွင် အင်ဂျင်နီယာ၊ စိုက်ပျိုးရေးပညာရှင်တစ်ဦးချင်းအလိုက် ဆောင်ရွက်၍မရပါ။ ပူးပေါင်းလုပ်ဆောင်မှရပါမည်။ ကျွန်တော်တို့နိုင်ငံ၏ အဓိကပြဿနာမှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက်မှုအားနည်းခြင်းနှင့် အများစုသည် တစ်ဦးပညာကို တစ်ဦးက မလေးစားကြခြင်း ဖြစ်ပါသည်။
တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ဘာသာရပ်အလိုက် ရုံးခွဲများရှိသော်လည်း အခြားနိုင်ငံများကဲ့သို့ (One-stop Service) ပညာပေးနိုင်မှုနှင့် ထိရောက်မှု အားနည်းနေဆဲဟု ထင်မြင်မိပါသည်။ မကြာခင်က အစည်းအဝေးတစ်ခုတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်စပါးအရည် အသွေးကောင်းရန်နှင့် နိုင်ငံခြားသို့ ရောင်းချရမှု ဆန်တစ်တန်ချင်း ဝင်ငွေကောင်းစေရန်အတွက် မြန်မာ နိုင်ငံဆန်စက်များ အရည်အသွေးမြင့်မားကောင်းမွန်ပြီး ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေး လိုအပ်ပါသည်ဟူ၍ ပြောခဲ့ပါသည်။ ထိုဆန်စက်များမှ အရည်အသွေးကောင်းမွန်သောဆန်များ ကြိတ်ခွဲနိုင်ရေး၊ စနစ်တကျသိုလှောင်၊ သိမ်းဆည်း၊ အခြောက်ခံရေး ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-Harvest Technology) သည်လည်း စိုက်ပျိုးရေးအင်ဂျင်နီယာပညာ ဖြစ်ပါသည်။ မည်သည့်တက္ကသိုလ်ကမှ မြန်မာ နိုင်ငံဆန်စက်များ အရည်အသွေးကောင်းဆန်ထုတ်လုပ်ရေး သုတေသနပြုလုပ်နေသည်ကို မကြားမိသေးပါ။
ကျွန်တော့်ဆရာတစ်ဦး၏ သားတစ်ယောက်သည် ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးအင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ယူလာသည်ဟူ၍ ပြောပါသည်။ သူ၏ပထမဘွဲ့မှာ သိပ္ပံ(ရူပဗေဒ) ဖြစ်ပါသည်။ ဘွဲ့လွန် သုတေသနမှာ ပန်းသီးများ ဈေးကွက်ရောင်းပန်းလှရန် အလင်းရောင်အမျိုးမျိုးသုံးပြီး ပြုပြင်ပေးခြင်း သုတေသနလုပ်ခဲ့ရသည်ဟူ၍ပြောပါသည်။ ထိုပညာသည်လည်း စိုက်ပျိုးရေးအင်ဂျင်နီယာပညာပင်ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်ဆိုလျှင် ပထမဦးစွာ စိုက်ပျိုးရေးပညာဘွဲ့ (သို့မဟုတ်) အင်ဂျင်နီယာဘွဲ့ရပြီးခါမှ ဘွဲ့လွန် ဆက်တက်နိုင်သည်ဟူ၍ ပြောကြလေမလားဟု ယူဆမိပါသည်။
ဂျပန်အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သူတို့လိုချင်သည့်ပန်းတိုင်နှင့် သူတို့နိုင်ငံတွင် ဖြစ်ပေါ်နေ သော အရေးပေါ်ပြဿနာများကို တက္ကသိုလ်သုတေသနများက ထဲထဲဝင်ဝင် အကျိုးပြုပေးနိုင်ခြင်းသည် သာလျှင် အဓိကဖြစ်ပါသည်။ မည်သည့်ဘွဲ့ ရရှိထားရမည်၊ မိမိတို့၏ ဌာနေလူမျိုးဖြစ်ရမည်၊ အမျိုးသားဖြစ် ရမည်၊ အမျိုးသမီးဖြစ်ရမည် စသည်ဖြင့် ကန့်သတ်ချက်များစွာမရှိကြချေ။
(ဆက်ရန်ရှိပါသေးသည်။)
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်