အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၀) စိုက်ပျိုးရေးပညာအတွက် အရေးပါသည့်စာကြည့်တိုက်များ(၂)

21/11/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 50  Agricultural Libraries

စာကြည့်တိုက်တွေ လေ့လာမှုမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာကတော့ ၁၉၈၆ ခုနှစ် ကျွန်တော် ကိုလံဘိုစီမံကိန်း ပညာသင်ဆု (Colombo Plan Scholarships) ရပြီး ဩစတေးလျနိုင်ငံသို့ သွားရန်ပြင်ဆင်ချိန်ကတည်းက စခဲ့ပါသည်။

ပညာသင်ဆု အရွေးချယ်ခံရတော့ ထိုအချိန်က ပညာရေးဝန်ကြီးဌာနအောက်ဖြစ်၍ အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာဌာန (IFL – Institute of Foreign Languages  ယခု နိုင်ငံခြားဘာသာတက္ကသိုလ် UFL - University of Foreign Languages) တွင် ၃ လ၊ တက္ကသိုလ်များကွန်ပျူတာဌာန (University Computer Center – UCC ယခုကွန်ပျူတာတက္ကသိုလ်) တွင် တစ်လသင်တန်းများကို  အခြားတက္ကသိုလ်က ပညာသင်များနှင့်အတူ သင်တန်းတက်ခဲ့ရပါသည်။

သင်တန်း အမျိုးမျိုးကိုလည်း အထက်တန်းကျောင်းသားဘဝကတည်းက တက်ခဲ့ရသည်မှာ ယခု အသက် ၆၄ နှစ် ရောက်သည်အထိ သင်တန်းတက်နေရဆဲပါ၊ ယခုကျွန်တော်တက်နေသည့် အများပြည်သူရှေ့ဟောပြောနည်းပညာ (Public Speaking)၊ စောင့်ကြည့်၊ မှတ်သား၊ စစ်ဆေးခြင်းနှင့် တန်ဖိုးဖြတ်၊ ဆန်းစစ်ခြင်း (Monitoring and Evaluation – M&E) သင်တန်းဆရာ၊ ဆရာမများမှာ ကျွန်တော်၏ သား၊ သမီး အရွယ်တွေဖြစ်သော်လည်း ကျွန်တော်မသိသည့် ခေတ်မီပညာများဖြစ်နေသည့်အတွက် အလွန်အကျိုးရှိပါသည်။ တကယ့် ရာသက်ပန်သင်ယူမှု (Real Life-long Learning) ပါပဲ။ ထိုစဉ်က နိုင်ငံခြားဘာသာဌာနရှိ စာကြည့်တိုက်မှာ အင်္ဂလိပ်ဘာသာ မူရင်းစာအုပ်များ (Original Text and Reference Books from Cambridge University Press, Oxford University Press) ငှားရမ်း၍ ရပါပြီ။ တက္ကသိုလ်များကွန်ပျူတာဌာနတွင် ပထမဆုံး စတင်အသုံးပြုရသော သေတ္တာပုံ ကွန်ပျူတာကြီးများကစ၍ မမြင်ဖူး၊ မကြားဖူးတာတွေ သင်ကြားရေး စခဲ့ရပါသည်။

ကျွန်တော်တို့နှင့်အတူပါလာသော ဆရာဦးအောင်သန်းက ‘ထို့ကြောင့်ဤအရာကို ကွန်ပျူတာဟုခေါ်သည်’ ဆိုပြီးတော့ တင်စားခဲ့ပါသည်။  ပြီးလျှင် ဩစတေးလျသံရုံးတွင် အင်္ဂလိပ်ဘာသာစကားစွမ်းရည် (English Language Skills) စာမေးပွဲ ဖြေခဲ့ရပြီး အင်္ဂလိပ်စာ လိုအပ်ချက်ရှိ၍ ဆစ်ဒနီမြို့ အင်္ဂလိပ်စာသင်ကြားရေးဌာန (English Preparation Centre - EPC) တွင် အခြားနိုင်ငံမှသူငယ်ချင်းများ၊ မြန်မာပြည်မှ ဆရာ၊ ဆရာမများနှင့်အတူ ကွင်းစလန်တက္ကသိုလ် (The University of Queensland) မသွားခင် အင်္ဂလိပ်စာ သင်တန်းတက်ရောက်ခဲ့ရပါသည်။

ကျွန်တော်တို့ကနယ်ကဆိုတော့ အင်္ဂလိပ်စာ ညံ့ပါသည်။ ဆင်ပေါင်ဝဲမှာ အင်္ဂလိပ်စာ ၉ တန်းကျမှ ဆရာဦးဇော်ဝင်းကျူရှင် သင်ဖူးပါသည်။ မကွေး နံမည်ကြီး ဆရာဦးဆုမြိုင်ကျောင်းတက်ဖို့ ၁၀ တန်းမှာ ပြောင်းလာရာ ဘာကြောင့်မှန်းမသိ တက်ခွင့် မရခဲ့ပါ။ အဲဒါနဲ့ ဖွင့်ခါစ ဦးနန်းလှိုင်၏ စတားကျူရှင်တက်ခဲ့ရပါသည်။ အဲဒါနဲ့ ၁၀ တန်းအောင်ပြီး ရေဆင်းစိုက်တက္ကသိုလ် ရောက်လာပါတော့သည်။

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ အင်္ဂလိပ်စာ သင်ကြားရေးဌာန (English Preparation Centre - EPC) မှာ ကျွန်တော်တို့ပုံမှန်သင်ကြားနေရသည့် သဒ္ဒါ (Grammar)၊ အသံထွက် (Pronunciation)၊ ဝေါဟာရ (Vocabulary) များကို သင်ကြားခြင်းမဟုတ်ပါ။ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားများ အတွက် လိုအပ်မည့်အင်္ဂလိပ်စာများ (English for Academic Purposes) ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

ဥပမာ - စာကြည့်တိုက်အသုံးချပုံ (Use of University Library)၊ သင်ခန်းစာအလုပ်နှင့်သိပ္ပံ (Assignment and Scientific Writing Skills) ရေးပုံရေးနည်း၊ မြို့ထဲသို့သွားရာတွင် တွေ့ကြုံရမည့် အခက်အခဲများ (Out and About)၊ ဈေးဝယ်ပုံ ဈေးဝယ်နည်း၊ ဘဏ်တွင်ငွေသွင်း၊ ငွေထုတ်နည်း၊ ထိုစဉ်က (Automated Teller machines – ATM)  ကဒ်ကို မြင်တောင်မမြင်ဖူးပါ။   အင်္ဂလိပ်စကားပြောရုပ်ရှင်ကြည့်ရှု၍ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာနည်း (Using Movies for English Language Skill)၊ နားထောင်နိုင်မှု စွမ်းရည်လေ့လာခြင်း (Listening Skill) စသည်တို့ဖြစ်ပါသည်။ ဆစ်ဒနီတက္ကသိုလ်စာကြည့်တိုက် (Sydney University Library) သို့ သွား၍ စာကြည့်တိုက်အသုံးပြုနည်းများကို လေ့လာခဲ့ရပါသည်။ 

ထိုမှ ၁၉၈၇ ခုနှစ် ဖေဖေါ်ဝါရီလ  ကျွန်တော် တကယ်မဟာစိုက်ပျိုးရေးပညာ သင်ကြားမည့် ကွင်းစလန် တက္ကသိုလ် (The University of Queensland, Brisbane - UQ) သို့ ရောက်ရှိသောအခါမှ ကြိုတင်ပြင်ဆင် နေသည့် ရက်သတ္တပတ်များ (Orientation Weeks) တွင် စာကြည့်တိုက်လေ့လာရေး (Library Tour) ကို အချိန်ပေးပြီး သင်ကြားခဲ့ရပါသည်။ ကွင်းစလန်တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အဉီပေါင်း (Library Branches) ၇ ခုလောက်ရှိပြီး စိုက်ပျိုးရေးနှင့်ဆိုင်သော ဇီဝသိပ္ပံစာကြည့်တိုက် (Biological Science Library)၊ ဘွဲ့ကြိုစာကြည့်တိုက် (Undergraduate Library)၊ ပင်မစာကြည့်တိုက် (Main Library) တို့ကိုသာ မကြာခဏ သွားရောက်ခဲ့ရပါသည်။ 

ထိုစဉ်က ပထမဆုံး အတွေ့အကြုံမှာ မိတ္တူကူးခြင်း (Photocopying) ပါ၊ မိတ္တူကူးစက် (Photocopiers) ပေါ်နေပြီ ဖြစ်သော်လည်း ကျွန်တော်တို့အဖို့ ပထမဆုံးအတွေ့အကြုံပါ။ ကွန်ပြူတာ ပရင်တာမှာ (Dot Printer) ဖြစ်ပြီး လေဆာပရင်တာ (Laser Printer)၊ အင်တာနက် (Internet)၊ လက်ပ်တော့ (Laptop)၊ မောက်စ်၊ ကွန်ပြူတာအမိန့်ပေးခလုတ် (Mouse)၊ မိုဘိုင်း၊ လက်ကိုင်ဖုံး (Mobile or Cell Phone) တို့ မပေါ်သေးပါ။ သို့သော် လေ့လာရမည့် ပြဌန်းစာအုပ် (Textbooks)၊ ရည်ညွန်းစာအုပ် (Reference Books)၊ စိုက်ပျိုးရေးဆိုင်ရာဂျာနယ် (Agricultural Journals)  များမှာမူ စုံလင်လှပါသည်။

စာကြည့်တိုက်မှာ ကျောင်းဖွင့်ရက်၌ နေ့တိုင်း (တပတ် ၇-ရက်) နံနက် ၈-နာရီမှ ည ၁၀-နာရီ၊ စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိဖွင့်လှစ်ပေးပါသည်။ (ဂျာမနီနိုင်ငံ စာကြည့်တိုက်များမှာ တနင်္ဂနွေပိတ်ပါသည်၊  ကျွန်တော့်မှာ မိသားစုနှင့်ဝေး၊ တစ်ဦးတည်း ကျောင်းသားဘဝပြန်ရောက် သည်နှင့် အချိန်အားသရွေ့ စာကြည့်တိုက်သို့ ရောက်ဖြစ်ပါသည်။

နေသည့်နေရာမှာ ကျောင်းနှင့် ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်လို့ရသည့် အမျိုးသားများအဆောင် (Landon (Not London) Boarding House) တွင် ဆရာ ဦးသန်းအောင်၊ ဆရာ ဉီးညွန့်ရွှေ၊ ကျွန်တော့် ထက် အတန်းကြီးသောမိတ်ဆွေ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာ တင်ဝင်းတို့နှင့် အတူတူ နေရပါသည်။ မီးဖို (Kitchen)၊ ဧည့်ခန်း (Living Room)၊ အိမ်သာ (Toilet) တို့မှာ စုပေါင်းသုံးရပြီး အပန်းဖြေစရာ ရေကူးကန်၊ ဘိလိယက်ခုံတို့ ရှိပါသည်။ ဩစတေးလျ၏ နေထိုင်စရိတ်မှာ အလွန်ကြီးပြီး ထိုစဉ်ကတည်းကပင် တပတ်လျှင် အိမ်လခ ဩစတေးလျဒေါ်လာ (၄၅) ဒေါ်လာ ပေးရပါသည်။ (ယခု တပတ်လျှင် ၂၅၀-၃၀၀ ဒေါ်လာရှိသည်ဟု ကျောင်းသွားတက်သူများက ပြောပါသည်)

မန္တလေးတက္ကသိုလ်မှ ဆရာမ ဒေါ်ဝင်းကြည်နှင့် စိုက်ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနမှ  ဒေါ်ဝင်းဝင်းမြင့်တို့က ကာမောဒီလမ်း (Carmody Road) တွင် သီးခြား ပုဂ္ဂလိက အဆောင် (Private Apartment) တွင်နေကြပါသည်။ ကျောင်းဖွင့်ရက် ပထမဆုံးစာသင်ချိန် ဖြစ်သည့် အပင်ပတ်ဝန်းကျင် ဆိုင်ရာ ဇီဝကမ္မဗေဒ (Plant Ecophysiology) တွင် ဆရာမဒေါ်ဝင်းကြည်နှင့် အတူတူ ၊ ဩစတေးလျ ဘွဲ့ကြို ဒုတိယနှစ်အတန်းကို တက်ရောက်ရာ ကျောင်းစာသင်ခန်းစာ စာရွက်များ ဝေငှရာတွင် တွဲဖက် ဖတ်ရှုရန် ရည်ညွန်းစာအုပ်များစာရင်း (Reference Lists) ပါလာပါသည်။

ကျွန်တော့်မှာ အလေ့အကျင့် မရှိ၊ နားမလည်သဖြင့် ၂-၃ ရက်နေမှ စာကြည့်တိုက်သို့ သွားရောက်ငှားရမ်းရာ တစ်ချို့စာအုပ်မှာ ကျွန်တော့်အရင် ကျောင်းသားများက ငှားရမ်းထားသဖြင့် ၂-၃ ပတ်နောက်ကျပြီးမှ ဌားရမ်းခွင့် ရပါတော့သည်။ တစ်ချို့ ရှားပါးစာအုပ် (Rare Books; Reference Books) များမှာ ကျောင်းသားတစ်ဉီးလျှင် ၃-၅ ရက်ခန့်သာ ငှားပေးပါသည်။ ထိုခေတ်က အင်တာနက် (Internet) မရသေးသဖြင့် စာတမ်းအကျဉ်း (Abstracts – Agriculture Abstracts, Horticulture Abstracts, Soil Science Abstracts, etc.) စာအုပ်များတွင် လိုအပ်သော စာတမ်းအကျဉ်း (Abstract/Summary of the Paper) ကို ရှာဖွေပြီးမှ ဂျာနယ် စာအုပ်စင်များတွင် လိုအပ်သော စာတန်းများကိုရှာ မိတ္တူကူးခဲ့ရပါသည်။ ယခုခေတ်လို အွန်လိုင်းဂျာနယ် (Online Journals)၊ ပရင်တာ (Printers) များ မပေါများသေးပါ။ 

အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်၏ပါရဂူဘွဲ့သင်တန်း (D.Agr.Sc. Ph.D. Program) ကို ၂၀၀၁ ခုနှစ် အောက်တိုဘာလ (အသက် ၄၃ နှစ်) ရောက်မှ ဂျာမနီနိုင်ငံ ကတ်ဆဲလ်တက္ကသိုလ် (The University of Kassel, Germany) တွင် စတင်ခဲ့ရပါသည်။ ကျွန်တော် ဘွဲ့ကြို၊ ဘွဲ့လွန် သင်ပေးခဲ့ရသော တပည့်များ က ပါရဂူဘွဲ့ ဦးစွာရပါသည်။ ကျွန်တော်ကြည်နူးပါသည်၊ မုဒိတာပွားပါသည်၊ တပည့်များ ဆရာထက်လက်စောင်းထက်တာ မြင်ရပြီ ဟူ၍ပါ။

ကျွန်တော်ပါရဂူဘွဲ့ရခဲ့ပုံက ဆန်းပါသည်။ ၁၉၉၂ ခုနှစ် ကျွန်တော် ဩစတေးလျကပြန်လာပြီး ၃ နှစ်အကြာမှာ ဂျပန်ကို စကောလာရှစ်ရဖို့ အကြောင်းဖန်လာပါသည်။ ထိုတုန်းက ပညာရေးဝန်ကြီးဌာန အောက်မှာပါ၊ ကျွန်တော်သူငယ်ချင်း ဦးကြည်ဝင်းနှင့် အတူတူပေါ့။ သို့သော် ပေးသောစကော်လာရှစ်မှာ ကြိုက်ရာဘာသာဖြစ်သဖြင့် ကျွန်တော်တို့မရဘဲ ပညာရေးတက္ကသိုလ်မှ ဆရာမနှစ်ဉီး ရသွားပါတော့ သည်။ (ဩစတေးလျပညာသင်ဆုမှာလည်း ဘာသာရပ်က မဟာစိုက်ပျိုးရေးပညာ - အပူပိုင်းဒေသ သီးနှံသိပ္ပံ (M.Agr.St. (Tropical Crop Science)) ဟူ၍ တိုက်ရိုက်ခေါ်၍သာ ကျွန်တော်တို့ ရသလား မသိပါ)

ကျွန်တော် မဟာသိပ္ပံပြီး တက္ကသိုလ်ပြန်ရောက်ကတည်းက ကျွန်တော်တို့ ဩစတေးလျမှာ သင်ယူခဲ့ရတဲ့ အင်္ဂလိပ်စာဘာသာရပ်အချို့ကို ဆရာ၊ ဆရာမ အငယ်များကို သင်ကြားပေးနေခဲ့ပါသည်။ ထိုစဉ်က ဖယောင်းတွင် လက်နှိပ်စက်နှင့်ရိုက်၊ စာကူး စက်လှည့် (သို့) စာရွက်အပါးများကို ကာဘွန်စာရွက် (Carbon Paper) ခံ၍ ၃-၄ ရွက် အကြိမ်ကြိမ် ရိုက်ခဲ့ရပါသည်။ ဌာနမှ အလွန်ကျွမ်းကျင်သော လက်နှိပ်စက် စာရေးမကြီး ဒေါ်အေးသိန်းကို သတိရမိပါသည်၊ သူမ ကွယ်လွန်သွားပါပြီ။ ထို့ကြောင့်ထင်သည်၊ ကျွန်တော့်ပညာရေးက ဆုံးခန်းမတိုင်ဘဲ အသက်ကြီးမှ ပါရဂူဘွဲ့ သင်ကြားရန် နိုင်ငံခြားသို့ သွားရပါတော့သည်။

၁၉၉၂-၉၃ ခုနှစ်မှစတင်၍ (ထိုအချိန်က အီးမေးလ် (Email) သုံး၍မရသေးပါ) စာတိုက်မှစာများဖြင့် ကျွန်တော်ဝယ်လာသည့် လက်နှိပ်စက်ကလေးဖြင့် ရိုက်ကာ စကော်လာရှစ်ကို ဇွဲရှိရှိနဲ့ စာတိုက်မှ ပေးပို့ရှာဖွေခဲ့ပါသည်။ အဲဒီလို စာရေးဆက်သွယ်မှု အကျိုးဆက်ကြောင့် ထင်ပါသည်။ ၁၉၉၉ ခုနှစ် ဒေါက်တာစိုးစိုးသိန်းတို့ ပါရဂူဘွဲ့သင်တန်းသွားတက်ပြီး ကျွန်တော့်ကြီးကြပ်ဆရာ (Supervisor) ဖြစ်လာမည့် သူ့ဆရာ ပါမောက္ခ အင်ဒရီယာဘူးကပ်စ် (Professor Dr. Andreas Buerkert) သည် သူတို့နှင့်အတူ မြန်မာပြည်ကို ပထမဆုံးအကြိမ်အဖြစ် လိုက်လာရင်း ကျွန်တော်ရေးသောစာရရှိ၍ ကျွန်တော့်ကို ခေါ်တွေ့ ကာ သူသိလိုသည်များကိုမေးမြန်းခဲ့ပါသည်။ နောက်ဆုံးတော့ ကျွန်တော့်ကို ပါရဂူဘွဲ့သင်တန်းကြီးကြပ်ဖို့ သဘောတူပါတော့သည်၊ ဒေါက်တာစိုးစိုးသိန်း ကျေးဇူးကို မမေ့ပါ။ (စာကြည့်တိုက်အကြောင်း နောက်ဆုံးအပိုင်းဆက်ရန်ရှိပါသေးသည်)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်