အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၅၁) စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်များ - ၃

28/11/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 51  Agricultural Libraries (Part – 3)

၂၀၀၁ ခုနှစ် အောက်တိုဘာလ ဂျာမနီနိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်စဉ်က ဂျာမန်ဘာသာရပ်နှင့်စကားပြော  (German Language) ကို တလုံးတပါဒမျှနားမလည်သေးပါ၊ သို့သော် ကျွန်တော့်ကို ဂီးဆန့်တက္ကသိုလ် (Giessen University) တွင် ပါရဂူဘွဲ့သင်တန်းတက်နေသော ဒေါက်တာခင်မာချို (ယခုတော့ အမေရိကန်နိုင်ငံ ကော်နဲလ်တက္ကသိုလ် - Cornell University, US မှာ အလုပ်လုပ်နေပါပြီ) က ဖရန့်ဖွတ်အပြည်ပြည်ဆိုင်ရာလေဆိပ် (Frankfurt International Airport) အထိ လာကြိုပေးပြီး ကျွန်တော်ကျောင်းတက်မည့် ကက်ဆယ်တက္ကသိုလ်၊ ဗစ်ဆင်ဟောက်စင်နယ်မြေ (Kassel University, Witzenhausen Campus) အထိ လိုက်ပို့ခဲ့ပါသည်။

မီးရထားဘူတာကို ကျွန်တော့်ဆရာကိုယ်တိုင် (ကျွန်တော့်ထက် အသက် နှစ်နှစ်ငယ်ပါသည်)  စက်ဘီးနဲ့လာကြိုပြီး  ကျွန်တော့်ခရီးသွားအိတ်(Luggage) ကို သူ့စက်ဘီးနောက်ကတင်ကာ နေထိုင်မည့်အဆောင်အထိ လမ်းလျှောက်လာခဲ့ရတာကို အမှတ်တရ ရှိနေပါသည်။ ကျွန်တော်တို့နယ်မြေ (Campus) ရှိသော ဝပ်ဆင်ဟောင်ဆင်မြို့ (Witzenhausen) ကလေးက အလွန်ငြိမ်သက်ပြီး ချစ်စရာကောင်းသော မြို့ငယ်ကလေးပါ။

ဈေးကအစ မဝယ်တတ်တော့ သူတို့ဆီကနာမည်ကြီး အာဒီ (ALDI Shopping Centre) ဈေးဝယ်သည့် နေရာမှာ  ဒေါက်တာခင်မာချိုကိုပဲ နှိပ်စက်အကူအညီတောင်းပြီး ဈေးဝယ်ပြီးမှ ဂီးဆင့် (Giessen) ကိုပြန်ဟူ၍ ပြောခဲ့ရပါသည်။

ဒီတခါ ပါရဂူဘွဲ့ စာကြည့်တိုက်က အသုံးပြုပုံကတော့ ပုံစံ တစ်မျိုး ဖြစ်သွားပါပြီ။ ကက်တလောက်ကို အင်တာနက်အွန်လိုင်းမှ မှာယူကြည့်၍ ကျွန်တော်နေထိုင်ရာဌာန သီးနှံသိပ္ပံဌာန (Institute of  Crop Science - ယခုတော့ အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသဩဂဲနစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် သီးနှံပတ်ဝန်းကျင်စနစ်ဆိုင်ရာသုတေသနဌာန - Organic Plant Production and Agroecosystems Research in the Tropics and Sub-Tropics)  သို့ အရောက်ပေးပို့သည့်စနစ် ဖြစ်ပါသည်။ စာကြည့် တိုက်သို့ လူကိုယ်တိုင်သွားစရာ မလိုတော့ပါ။ 

 

ပုံ(၁) - ဂျာမနီနိုင်ငံ ကက်ဆယ်တက္ကသိုလ်စာကြည့်တိုက်

နောက်တစ်ခုက ကတ်ဆယ်တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အဦခွဲ (Branches  of  Kassel University Library) ပေါင်း ၇ ခု ရှိပါသည်၊ ဂျာမနီနိုင်ငံ တနိုင်ငံလုံး ပို့ဆောင်ရေးစနစ်က အလွန်ကောင်းမွန်သဖြင့် ကက်ဆယ်နှင့် ဂိုတင်ဂန်တက္ကသိုလ် (Gottingen University) ရှိ စာကြည့်တိုက်များသို့ သွားရောက်ရာတွင် ကျွန်တော်တို့အား နှစ်ဝက်လက်မှတ် (Semester Tickets for Students) ပေးထားသဖြင့် ကြိုက်သည့်ဒေသရထား (Regional Trains)၊ မြိုပတ်ရထား (Tram – ဂျာမန်အခေါ် - Strassenbahn ) တက်စီးစီး ပိုက်ဆံထပ်ပေးစရာ မလိုတော့ပါ (ဂိုတင်ဂန်တက္ကသိုလ် ရှိရာပြည်နယ်တွင်တော့ မရပါ)။ 

 

ပုံ (၂) ဂျာမနီနိုင်ငံ ကက်ဆယ်တက္ကသိုလ်သို့ သွားရောက်နိုင်သည့် ဓာတ်ရထား

ဂိုတင်ဂန်တက္ကသိုလ်စာကြည့်တိုက်ကလည်း အကြီးကြီးဖြစ်ပြီး အဆောင်ငါးဆောင်၊ အထပ် ၇ ထပ်ရှိပါသည်။ မြေအောက်ထပ်တွင် စာအုပ်အသစ်များ ထားပါသည်။ ကျွန်တော်တို့မြို့ကလေးနှင့်နီး၊ ရထားခလည်း ပေးစရာမလိုတော့သဖြင့် စနေတင်္ဂနွေ အားလပ်ရက်တိုင်း ရောက်ဖြစ်ပါသည်။

ပုံ (၃)ဂျာမနီနိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်စာကြည့်တိုက်

ဂိုတင်ဂန်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် အခြားတက္ကသိုလ်မှ မြန်မာ ကျောင်းသား, ကျောင်းသူ များစွာရှိ၍လည်း မကြာခဏ ရောက်ရှိညအိပ်ကာ အပန်းဖြေဖြစ်ပါသည်။ စနေနေ့ သူတို့တက္ကသိုလ်၏ စားသောက်ခန်းမ (Student Cafeteria  ဂျာမန် အခေါ် Mensa) မှာ နေ့လည်စာစားရာ တစ်ယူရိုကျော်ကျော်နှင့် စားသောက်ဖွယ်ရာ (One-set for Lunch)  တစ်ပွဲမှာ ကြိုက်နှစ်သက်ရာ အသားငါးတစ်ပွဲ၊ အာလူး၊ အသီး၊ ဒိန်ချဉ် (Yoghurt) စသည်ဖြင့် စနစ်တကျ အာဟာရဓာတ်ကို တွက်ချက်စီမံထားသဖြင့် တစ်နပ်စာ ပြီးပြည့်စုံပါသည်။ 

 

ပုံ(၄) - ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာစားရန်နေရာ

စနေနေ့တိုင်းလောက်နီးနီး ထိုတက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းလောက်မှစတင်၍ ဂျာနယ်မှသုတေသနစာစောင်များ၊ အကြံပြုစာတမ်းများ (Research and Review Articles from the Journals ) ကို တက္ကသိုလ်တိုင်း ကျောင်းသားအဖြစ်မှတ်ပုံတင်ပြီးလျှင် (Student Registration) ထိုတက္ကသိုလ်မှ အွန်လိုင်းဂျာနယ်များကို ပုံမှန်လစဉ်ကြေး၊  နှစ်စဉ် ကြေး (Journal Annual and Monthly Subscription)ပေးသွင်းပြီးပါက မိမိအခန်းရှိ ကွန်ပျူတာမှနေ၍ တက္ကသိုလ်ကိုယ်ပိုင်အီးမေးလ်နှင့် ကျောင်းသားမှတ်ပုံတင်အမှတ်(University email and student ID) သုံးပြီး လွှဲပြောင်းကူးယူ၍ မိမိအခန်းမှာတင် ပုံနှိပ် (Print) ထုတ်ယူဖတ်ရှုနိုင်ပါသည်။ မြန်မာပြည်သို့ပြန်ရောက်သည့်အခါ ထိုအခွင့်အရေးမျိုး မရရှိတော့ပါ။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်တော့ စာကြည့်တိုက်မှူး ဒေါ်ဝင်းလဲ့လဲ့သန်း ကြီးကြပ်မှုအောက်တွင် ကိုရီးယားအစိုးရ အထောက်အပံ့ (Korean International Development Agency - KOICA) ဖြင့် စာကြည့်တိုက်ရှိစာအုပ်များကို ဒစ်ဂျစ်တယ်ကက်တလောက်  (Digital Catalogue) ထဲတွင်သွင်းပြီး အင်တာနက်မှ လိုချင်သောစာအုပ်ရှိမရှိ ရှာဖွေနိုင်ပါသည်။ စာအုပ်ငှားရင်တော့ စာကြည့် တိုက်သို့ ကိုယ်တိုင်သွားရောက်ရပါမည်။ 

နောက်ပိုင်း ၂၀၁၈ ခုနှစ်က ကျွန်တော် ဩစတေလျနိုင်ငံ၊ ကွင်းစလန်တက္ကသိုလ် ပြန်ရောက်သွားရာ ဇီဝသိပ္ပံစာကြည့်တိုက် (UQ Biological Science Library) မှာ ပုံနှိပ်စာအုပ် (Printed Books) တစ်အုပ်မှ မရှိတော့ပါ။ အဆောက်အဦတစ်ခုလုံး ဒီဂျစ်တယ်စာကြည့်တိုက်  (Digital Library) ဖြစ်သွားပါပြီ။ အကုန်လုံး အွန်လိုင်းမှငှားရမ်း၊ မိမိကွန်ပျူတာထဲသို့ထည့်သွင်း၊ သို့မဟုတ် တီဗွီလောက်ကြီးကြီး ကွန်ပြူတာ ဖန်သားပြင်မှာဖတ် ကြိုက်သလိုလုပ်၍ရပါသည်။ ကျောင်းသားတိုင်း ဘက်ထရီသုံး လက်ဆွဲကွန်ပျူတာ (Laptop Computer) တစ်လုံးစီတော့ ဝယ်ကြရပါသည်။ အောက်တွင် စားသောက်ဆိုင်ရှိပြီး ဆာလျှင် ကော်ဖီသောက်၊ အဆာပြေမုန့်  (Snack) စား၊  စာဆက်တိုက်ဖတ်၍ ပင်ပန်းသွားပါက ဆိုဖာသဖွယ်နေရာမှာ သီချင်းသံလေးနှင့် အနားယူနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်များမှာ အွန်လိုင်းဂျာနယ်မရသေးပါ။ ၂၀၁၅ ခုနှစ်လောက်က ကော်နယ်တက္ကသိုလ်မှ တီထွင်ထုတ်လုပ်သော စိုက်ပျိုးရေးဆိုင်ရာ အီလက်ထရွန်နစ်စာကြည့်တိုက် (TEEAL – The Essential Electronic Agricultural Library) သည်အင်တာနက်မလိုဘဲ စိုက်ပျိုးရေးဆိုင်ရာ ဂျာနယ်များ အရေအတွက် ၂၀၀ ခန့်ကို ကူးယူနိုင်သော စီမံကိန်းတစ်ခု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိခဲ့ပါသည် ။ ဤစနစ်က ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် ၂၀၂၀ ခုနှစ်ကလောက်အထိ ကူးပေးထားပါသည်။ နှစ်နှစ်လောက်တော့နောက်ကျပါသည်။ အလွန်အဖိုးတန်သော စာတမ်း၊ သုတေသနတွေ့ရှိချက်များပါ။ ယခုတော့ စီမံကိန်းရပ်သွားပြီဟု ကြားသိရပါသည်။ 

နယ်သာလန်နိုင်ငံ ဝက်ဂံနီဂန်တက္ကသိုလ်နှင့် သုတေသနဌာန (Wageningen University and Research - WUR) ကဲ့သို့ ပုံစံမျိုး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန (Department of Agricultural Research) တို့ ပြုလုပ်လျှင်လည်း ရပါသည်။ တက္ကသိုလ်ဘက်က ဂျာနယ်တစ်ချို့မှာယူ၊ သုတေသနဘက်က ဂျာနယ်တစ်ချို့ မှာယူပြီးလျှင် စာကြည့်တိုက်ပေါင်းစည်းရေးစနစ်ပုံစံ (Inter-Library Loan) နှင့် ကျောင်းဆရာ၊ ဆရာမ၊ သုတေသနပညာရှင်၊ ကျောင်းသား၊ ကျောင်းသူဟူ၍ မခွဲခြားတော့ဘဲ  ရှိသောအရင်းအမြစ်များ (Resources) ကို အတူ တကွ မျှဝေအသုံးပြုခြင်းပါ။ 

ကျွန်တော် အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission - NEPC) ကို ရောက်ရှိသွားတော့ ရန်ကုန်မြို့ တက္ကသိုလ်အသီးသီးရှိ စာကြည့်တိုက်များသို့ လေ့လာရေး သွားခဲ့ပါသည်။ စာကြည့်တိုက်ဆိုတာ သုံးစွဲသူ (Users) များနေမှ သူ့ရဲ့ တန်ဖိုးကတက်တာပါ။ ကျွန်တော် သဘောအကျဆုံး စာကြည့်တိုက်ကတော့ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ပါ။ ကျွန်တော်တို့သွားလေ့လာသည့်အချိန် ညနေပိုင်း ၄-၅ နာရီ လောက်အထိ စာကြည့်သူ၊ စာဖတ်သူ၊ စာဆွေးနွေးနေသူ (စာဆွေးနွေးခန်းလေး - Discussion Room တွေလည်း မှန်အကြည်အကာနဲ့ ပြုလုပ်ပေးထားသဖြင့်)  ကျောင်းသား၊ ကျောင်းသူများ ဆွေးနွေးနေသည်ကို လှမ်းမြင်နေရပါသည်။ သို့သော် စာကြည့်တိုက်အခန်းနှင့် အဆောက်အဦကတော့ နိုင်ငံတကာတက္ကသိုလ်များနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပါသေးသည်။

ကျွန်တော်တို့ အများကြီး ခြေလှမ်းလှမ်းရပါဦးမည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်