အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၃၂) စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း

18/07/2022 12:40 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

‘ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း’ ဟု ဆိုလိုက်လျှင် ကြားရတာ ဆန်းတော့ဆန်းနေလိမ့်မည်။ သို့သော် လျှော့တော့မတွက်စေချင်။ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေသဲ့ရနေသော ထိုင်းနိုင်ငံမှာ ဒါကိုပြပြီး လုပ်စားနေသည်။ ကျေးလက်တောင်သူတွေအတွက် ဝင်ငွေအခွင့်အလမ်းတစ်ရပ်ပင်။

ခရီးသွားလုပ်ငန်း အတတ်ပညာ (Tourism) လက်အောက်တွင်..

  • ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား လုပ်ငန်း (Cultural Tourism)၊ 
  • အပန်းဖြေ ခရီးသွားလုပ်ငန်း (Leisure Tourism)၊ 
  • စီးပွားရေးနှင့်ဆိုင်သော ခရီးသွားလုပ်ငန်း (Business Tourism)၊ 
  • အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်း (Sport Tourism)၊ 
  • စွန့်စွန့်စားစား ခရီးသွားလုပ်ငန်း (Adventure Tourism)၊ 
  • ပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Eco-Tourism) နှင့် 
  • စိုက်ပျိုးရေးခရီးသွားလုပ်ငန်း (Agro-Tourism) ဆိုပြီး ရှိနေခြင်းဖြစ်သည်။

အဲ့ဒီအထဲကမှ  ကျွန်တော်တို့နှင့်ဆိုင်သော ‘ စိုက်ပျိုးရေးခရီးသွားလုပ်ငန်းအတတ်ပညာ' ဆိုသည့် ပညာရပ်မှာ ကျေးလက်ဒေသလူထုအတွက် စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အပိုဝင်ငွေ ရှာပေးနိုင်သည့်ကဏ္ဍတစ်ခုဖြစ်သည်။

သူက ပင်လယ်ကမ်းခြေ (Beach) အပန်းဖြေခရီးထွက်တာမျိုး အလည်အပတ်ဆွဲဆောင်သည့် သမားရိုးကျ ခရီးသွားလုပ်ငန်းမျိုးမဟုတ်။ ကျေးလက်တောင်သူများ၏ ဒေသများမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အလှတရားများဖြင့် ခရီးသွားများကို ဆွဲဆောင်ရသော လုပ်ငန်းမျိုး ဖြစ်သည်။ 

ဥပမာများအနေဖြင့်...

  • အပျော်စီးရန် မြင်းလှည်း၊ နွားလှည်း၊ မြင်း၊ ကျွဲ၊ ဆင်၊ လှေ စသည်တို့ စီစဉ်ထားခြင်း၊ 
  • သဘာဝအတိုင်း အပင်ကြီးများ၊ တောအုပ်များ၊ ရေကန်များ၊ မြစ်များ၊ ချောင်းများသို့ သွားလာလည်ပတ်စေနိုင်ခြင်း၊ 
  • မြန်မာ့ရိုးရာနှင့်တိုင်းရင်းသား အစားအစာ၊ ကျေးလက်မုန့်များဖြင့် တည်ခင်းဧည့်ခံခြင်း၊ စနစ်တကျထုပ်ပိုး ပြုပြင်၍ ရောင်းချခြင်းလုပ်ငန်းဖြစ်သည့်  အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Food Tourism) စသည်တို့ ပါဝင်သည်။

ကျွန်တော်တို့ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ မေဂျိုတက္ကသိုလ် (Maejo University) သို့လေ့လာရေးခရီး သွားရောက်ခဲ့စဉ်က နိုင်ငံခြားသား ခရီးသွားများအတွက် ကျွဲ၊ နွားများဖြင့် စပါးခင်းကို ထွန်ယက်နေသည့် သရုပ်ပြခင်းပြုလုပ်ပြီး ပြသခြင်း၊ ကျေးရွာများတွင်သုံးသည့် တံစဉ် (Sickle)၊ တောင်း၊ ဇကော၊ ဇကာ စသည်တို့ကိုပြသရှင်းလင်းခြင်း စတာမျိုးတွေပြုလုပ်ပြီး တက္ကသိုလ်ကပင် ဝင်ကြေးကောက်၊ နိုင်ငံခြားဝင်ငွေ ရှာနေသည်ကို ကြုံခဲ့ရသည်။ အရပ်စကားဖြင့်ပြောရလျှင် သူတို့ကောင်းကောင်းလုပ်စားတတ်သည်ဟု ဆိုရမလားပင် မသိတော့။

တကယ့်ကို လက်တွေ့ကျသည့် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း အတတ်ပညာ (Agricultural Tourism) ကိုတွေ့ခဲ့ရခြင်း ဖြစ်သည်။

ပုံမှန်ဆိုပါက မြန်မာတစ်နိုင်ငံလုံး တနှစ် ကမ္ဘာလှည့်ခရီးသွားဦးရေ ၃-၄ သန်းရှိချိန်တွင် ကျွန်တော်တို့ အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား တနှစ် သန်း ၃၀-၄၀ အထိရှိနေသည်။ ဟောင်ကောင်တွင်ဆိုပါက ၂၀၁၁ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား သန်း ၆၀ ထိ ဝင်ရောက်သည်ဟု သိရှိရသည်။ 

အကျယ်အဝန်းအားဖြင့် ရှမ်းပြည်နယ်လောက်သာရှိသည့် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် (Chiang Mai Province) တစ်ခုတည်းလျှင်ပင် ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းရှိနေသည်ဆိုတော့ သူ့တစ်နေရာတည်းခရီးသွားကပင် မြန်မာတစ်နိုင်ငံလုံး၏သုံးဆခန့်ရှိနေသည်။

ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Chaing Mai International Airport) သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ထက် သေးငယ်သော်လည်း လေယာဉ် အဝင်အထွက် ၃-၄ ဆ ပိုနေသည်ကို ၂၀၁၉ ခုနှစ် ကျွန်တော်တို့အဖွဲ့ သုတေသနဆွေးနွေးပွဲသွားရောက်ခဲ့စဉ်က သတိထားမိခဲ့သည်။

ချင်းမိုင်ရှိ တက္ကသိုလ် ၂ ခုသာဖြစ်သည့် ချင်းမိုင်တက္ကသိုလ် (Chiang Mai University) လက်အောက် လူမှုရေးမဟာဌာန (Faculty of Humanities)၊ ခရီးသွားလုပ်ငန်းဌာန (Department of Tourism) နှင့် မေဂျိုတက္ကသိုလ် (Maejo University) လက်အောက် ခရီးသွားလုပ်ငန်းပညာအဆင့်မြင့်ကျောင်း (School of Tourism Development) တို့တွင်ပင် ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုပညာဘွဲ့ရသူများမှာ မြန်မာနိုင်ငံထက်ပိုများနေသည်။ 

ထိုင်းနိုင်ငံတက္ကသိုလ် အားလုံးနီးပါးတွင် ခရီးသွားလုပ်ငန်းဌာန (သို့မဟုတ်) မဟာဌာန (Department of Tourism or faculty of Tourism) များ ရှိနေသည်ဆိုတော့ ဒီပညာရပ်နှင့်ပတ်သက်ပြီး ပညာရှင်ဘယ် လောက်များနေမည်ဆိုသည်ကို တွေးကြည့်ကြပါကုန်။

 ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အမြန်ဆုံး၊ ဝင်ငွေအကောင်းဆုံး မီးခိုးမထွက်စီးပွားရေးလုပ်ငန်း ဖြစ်သည်။ စိုက်ပျိုးရေးအခြေပြုခရီးသွားလုပ်ငန်းဆိုသည်က မြန်မာနိုင်ငံ၏အခြေခံလူတန်းစားဖြစ်သည့် ကျေးလက်ကို အခြေခံထားခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် ပြည်တွင်းမြို့ပြနေလူတန်းစားအများစုသည်ပင် မြို့ပြ၏မွန်းကျပ်မှုဒဏ်ကနေ ခဏတဖြုတ်ရုန်းထွက်ဖို့ ကျေးလက်သဘာဝခရီးသွားလာခြင်းကို အတော်လေးစိတ်ဝင်စားမှုပိုလာသည်ကို တွေ့နေရပြီ။ 

ဆိုတော့ ကျေးလက်သဘာဝစစ်စစ်များကို ဆွဲဆောင်မှုအနေဖြင့် အသုံးချပြီး စိုက်ပျိုးရေးခရီးသွားလုပ်ငန်းကို စနစ်တကျလုပ်နိုင်မည်ဆိုပါက တောင်သူများအတွက်လည်း အခွင့်အလမ်းများပိုရလာနိုင်မည်မှာ အသေအချာပင်။ 

ထို့အပြင် နိုင်ငံခြားခရီးသွားများကိုပါ ဆွဲဆောင်နိုင်မည်ဆိုပါက မြန်မာ့ကျေးလက်သဘာဝစစ်စစ်များကို အခြေခံပြီး ယဉ်ကျေးမှုကိုချပြနိုင်မည်ဖြစ်သလို နိုင်ငံခြားဝင်ငွေပါတိုးလာနိုင်စေသည့်အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် စီးပွားရေးဖြစ်၍ လေးလေးနက်နက် အကောင်အထည်ဖော်သင့်သည့် ခရီးသွားစီးပွားရေးလုပ်ငန်းတစ်ခုဟု ဆိုချင်ပါသည်။

ယခုအနေအထားများအရ ကိုဗစ်နှင့်အတူ ပုံစံအသစ်နှင့်ခရီးသွားကဏ္ဍကို လုပ်ရမည့်အချိန်တွင် ‘ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ခရီးသွားလုပ်ငန်းအတတ်ပညာ' ( Agrotourism or Agricultural Tourism) ဖြင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိပါသည်။ 

အကောင်အထည်ပေါ်လာမည်ဆိုပါက စိုက်ပျိုးရေးသိပ္ပံပညာကို အသုံးချ၍  စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု (Economic Development) နှင့်အလုပ်အကိုင်ရရှိရေး (Employability) အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည့် ပညာရပ်ခွဲတစ်ခုဖြစ်လာမည်ဖြစ်ပေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်