အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၂၁) အခန်း(၁၁) လယ်ယာသီးနှံစိုက်ပျိုးရေးပညာ (ခ)(မျိုးစေ့သိပ္ပံပညာ)

02/05/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

Chapter (11) Agronomy (B)

စိုက်ပျိုးရေးနှင့် သစ်တော (Agriculture and Forest) အောက် ဘာသာရပ်များ ဖြစ်သော လယ်ယာသီးနှံ (Field Crops)၊ တိရစ္ဆာန်မွေးမြူရေး (Animal Production) နှင့် ငါးလုပ်ငန်း (Fishery) များမှ လူသားအားလုံး၏ အခြေခံလိုအပ်ချက်များကို အောက်ပါအတိုင်းပံ့ပိုးပေးပါသည်။

၁။ အစားအစာ (Food)

လူသားအားလုံး အသက်ရှည်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်ပါသည်။

(က) ကာဘိုဟိုက်ဒရိတ် (Carbohydrates)

 နှံစားသီးနှံ (Cereals) များမှ ၇၀-၇၅ % ၊

 အာလူး၊ ကန်စွန်းဥ (Root Croops) မှ ၁၈-၂၀ %  ပေးစွမ်းနိုင်ပါသည်။

(ခ) ပရိုတင်း (Protein)

 အသား၊ ငါး (Meat and Fish) မှ ၁၈-၂၀%

 ကြက်ဥ၊ ဘဲဥ (Egg) မှ ၁၂-၁၃ %

 နွားနို့ (Milk) မှ ၃-၃.၅ %

 ပဲမျိုးစုံ (ပဲပုတ်၊ ပဲကြီး၊ ကုလားပဲ) မှ ၂၇-၂၈ %  ပေးစွမ်းနိုင်ပါသည်။

 (ဂ) ဆီနှင့်အဆီ (Oil and Fats)

 မြေပဲ ၄၄-၄၆ %

 နှမ်း ၄၁-၄၃ %

 နေကြာ ၄၂-၄၄ %

 ပဲပုတ် ၂၀-၂၅ %  ပေးစွမ်းနိုင်ပါသည်။

 (ဃ) ဗီတာမင်နှင့် အာဟာရဓါတ် (Vitamins and minerals)

 သစ်သီးဝလံ (Fruits)

 ဟင်းသီးဟင်းရွက်များ (Vegetables)

 နွားနို့ (Milk)

 ထောပတ်  (Butter) စသည်တို့မှ  ပေးစွမ်းနိုင်ပါသည်။

၂။ အဝတ်အထည် (Clothes)

ကမ္ဘာ့အမျှင်ထွက်အပင်များမှ ၇၀% ကို ဝါချည်မျှင် (Cotton) မှ ရရှိပြီး လူသားအားလုံး အဝတ် အထည်အတွက် ထုတ်လုပ်ပေးပါသည်။ တစ်ခြားစိုက်ပျိုးမွေးမြူရေးမှ အဝတ်အထည်အတွက် သိုးမွှေး (Wool)၊ ပိုးချည် (Silk)၊ ဂုန်လျှော် (Jute) မှ ကော်ဇော၊ ဂုန်နီအိတ်များ ရရှိပါသည်။ 

၃။ အိမ်၊ နေစရာများ (Houses) 

ကျေးလက်နေ၊ နေအိမ်များတွင် မိုးလေဒါဏ်၊ နေပူဒါဏ် လုံခြုံရေးအတွက် နေစရာလိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂစိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization - FAO) အဓိပ္ပါယ် သတ်မှတ်ချက်အရတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သစ်တောများပါ စုပေါင်း ပါဝင်ပါသည်။ 

စိုက်ပျိုးရေးနှင့် သစ်တော (Agriculture and Forest)  ရှိ သစ်သား (Timber)၊ ဝါး (Bamboo)၊ ကောက်ရိုး (Straw) စသည်တို့မှ နေစရာ နေအိမ်ရရှိပါသည်။

ကမ္ဘာ့ကုလသမဂ္ဂစိုက်ပျိုးရေးအဖွဲ့ (FAO) အောက်တွင် ဌာနအလိုက်ခွဲခြားထားရာ -

(က) စိုက်ပျိုးရေး (Agriculture)

(ခ) မွေးမြူကုသရေး (Animal Production and Health)

(ဂ) သွင်းကုန်၊ ပို့ကုန်ပစ္စည်းများနှင့် ကုန်သွယ်ရေး (Commodities and Trade)

(ဃ) ငါးလုပ်ငန်း (Fisheries)

(င) အစားအသောက် မူဝါဒနှင့် အာဟာရဓါတ် (Food Policy and Nutrition)

(စ) သစ်တော (Forestry)

(ဆ) ဗီဇအရင်းအမြစ်များ (Genetic Resources)

(ဇ) မြေနှင့်ရေဖွံ့ဖြိုးမှု (Land and Water Development)

(ဈ) အပင်များ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကာကွယ်ခြင်း (Plant Production and Protection)

(ည) စာရင်းအင်းပညာ (Statistics) စသည့်ဌာနခွဲများ ပါဝင်ပါသည်။

 

၄။ စက်မှုလက်မှုလုပ်ငန်းများ (Industry) ကိုအထောက်အကူပြုပါသည်။

ဥပမာ -(က) ဆေးဝါးလုပ်ငန်း (Medicine Industry)

(ခ) စက္ကူလုပ်ငန်း (Paper Industry)

(ဂ) ရာဘာလုပ်ငန်း (Rubber Industry) 

(ဃ) အဖျော်ယမကာလုပ်ငန်း (Beverage Industry)

(င) မုန့်ဖုတ်လုပ်ငန်း (Bakery)

(စ) သကြားလုပ်ငန်း (Sugar Industry)

(ဆ) သားရေလုပ်ငန်း (Leather Industry) စသည်တို့ဖြစ်ပါသည်။

၅။ လောင်စာ (Fuel ) ပေးစွမ်းနိုင်ပါသည်။

ဥပမာ - ထင်း (Timber)၊ မီးသွေး (Charcoal)၊ ဇီဝလောင်စာ (Bio-Fuel) - ကြံ၊ ပြောင်းချိုမှ မီသနော၊ အီသနောထုတ်ခြင်း။

 

လယ်ယာသီးနှံပညာ (Agronomy ) နှင့်ဆက်စပ်၍  မျိုးစေ့သိပ္ပံပညာ (Seed Science) ရှိပါသည်။ 

မျိုးစေ့သိပ္ပံပညာဆိုသည်မှာ မျိုးစေ့တစ်ခုလုံး၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကြီးထွားမှုကို လေ့လာသောပညာ (The study of the structure and development of seed) ဖြစ်ပြီး အခြေခံ အထက်တန်းအဆင့် (Grade-10, Grade-11, Grade-12) မှစ၍ ဇီဝဗေဒဘာသာ (Biology)  အောက်တွင် ရုက္ခဗေဒ (Botany) မှ စတင်၍ အသုံးချဇီဝသိပ္ပံ (Applied Biological Science) တွင် သီးနှံမျိုးစေ့ (Crop Seed)၊ စားကျက်မျိုးစေ့ (Pasture Seed)၊ သစ်တော၊ သစ်ပင်မျိုးစေ့ (Forest Tree Seed)၊ ပေါင်းမျိုးစေ့ (မလိုလားအပ်သောအရာ) (Weed Seed) စသည်ဖြင့် ဘာသာရပ်ပေါင်းစုံ ကျယ်ပြန့်စွာလေ့လာနိုင်သော မျိုးစေ့ပညာရပ်ဖြစ်ပါသည်။

မျိုးစေ့ (Seed) သည် အသစ်တစ်ဖန် ပြန်လည်စိုက်ပျိုးရန်အတွက် အသက်ရှိမျိုးပွားနိုင်သော ပန်းပွင့်နိုင်သည့် အစိတ်အပိုင်း (The Unit of Reproduction of a Flowering Plant) ဖြစ်ပါသည်။ 

မျိုးစေ့တွင် အခြေခံ (၃) ပိုင်း ပါဝင်ပါသည်။

(က) သန္ဓေသားလောင်း (An Embryo)

(ခ) ထိုသန္ဓေသားလောင်းကို အာဟာရဓါတ်ပေးနိုင်သောအပိုင်း (Endosperm - A supply of Nutrient for the Embryo) နှင့်

(ဂ) မျိုးစေ့အား ကာကွယ်ပေးထားသောအလွှာ (Seed Coat) တို့ ပါဝင်ပါသည်။

မျိုးစေ့ (Seed) သည်ပြန်လည်စိုက်ပျိုးရန်ဖြစ်ပါသည်။ စားသုံးရန် (Grain) မဟုတ်ပါ။ မူလ မျိုးစေ့အတိုင်း သတ်မှတ်မူလဗီဇသွင်ပြင်များနှင့် ထပ်တူကျအောင် စိုက်ပျိုးရရှိသော အစေ့ကို မျိုးစေ့ဟု ခေါ်ပါသည်။

‘မျိုးစေ့မမှန်၊ ပင်မသန်၊ ဖူးတန်ငုံကင်း၊ အသီးဖျဉ်း၏’ ဟူသောမျိုးစေ့မှန်မှ အပင်သန်မည် ဆို သည့် ရှေးဆိုစကားရှိပြီး ‘မျိုးကောင်းတစ်စေ့၊ ကျောက်ကောင်းတစ်ရာ’ ဟူသည့် မျိုးစေ့ကောင်း တစ်စေ့ရလျှင် ကျောက်ကောင်းတစ်ရာ ရသည်ထက် ပို၍ အဖိုးတန်နိုင်သည်ဆိုသော ဆိုးရိုးလည်းရှိပါသည်။ယခင်က စပါးရွှေတစ်ဆုတ်မျိုးသည် တောင်သူဦးကြီးတစ်ယောက်က မိမိလယ်ထဲမှ အနှံထွက် ကောင်းသော စပါးရုံကိုယူပြီး မျိုးပွား အောင်မြင်ခဲ့သည်ဟူ၍ ကြားဖူးပါသည်။

မျိုးစေ့သိပ္ပံနှင့် နည်းပညာ (Seed Science and Technology) သည် စိုက်ပျိုးရေးအခြေပြုသော နိုင်ငံအများစုရှိ တက္ကသိုလ်များတွင် အထူးပြုဘာသာအဖြစ် စနစ်တကျ သင်ကြား၊ သုတေသနပြုနေသော ဘာသာရပ်ဖြစ်ပါသည်။

ကမ္ဘာ့ QS World Ranking အဖွဲ့၏ သုံးသပ်ချက်အရ  ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး ဘာသာရပ် သင်ကြားရေးနှင့်သုတေသနပြုမှုတွင် အကောင်းဆုံးတက္ကသိုလ် (၁၀) ခု မှာ -

၁။ နယ်သာလန်နိုင်ငံ ဝက်ဂန်နင်ဂန်သုတေသနတက္ကသိုလ် (Wagenengen University and Research, the Netherlands) ပထမဘွဲ့ (ဘွဲ့ကြို) အတွက် အပင်သိပ္ပံပညာဘွဲ့ (Bachelor of Plant Science) အောက်တွင်မျိုးစေ့သိပ္ပံ အထူးပြုဘာသာရပ်ရှိပါသည်။ ဘွဲ့လွန်နှင့် မဟာဘွဲ့များလည်း ဆက်လက်တက်ရောက် သင်ကြားနိုင်ပါသည်။ မျိုးစေ့ပညာနှင့်အတူ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ မဟာစိုက်ပျိုးရေးသိပ္ပံ (အပင်မျိုးမွေးမြူရေးပညာ - Plant Breecing) ကို Online စနစ်ဖြင့် ဘွဲ့ပေးရန် လျှောက်လွှာခေါ်ယူနေပါသည်။ တက္ကသိုလ်၏ မှန်ခြံသုတေသန အခြေအနေများ (Glass House Facility) မှာ မဟာသိပ္ပံ၊ပါရဂူကျောင်းသား ဦးရေ (၁၀၀၀) ခန့်အထိ သုတေသန ပြုနိုင်ရန်ကြယ်ဝန်း ကြောင်း ၂၀၁၈ ခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်က်တာအောင်သူနှင့် ကျွန်တော်တို့အဖွဲ့ လေ့လာရေးခရီး သွားရောက်ခဲ့စဉ်က တွေ့ရှိခဲ့ရပါသည်။

၂။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတက္ကိသိုလ် ဒေးဗစ်နယ်မြေ (Universigy of California , Davis Campus, USA) တွင် စိုက်ပျိုးမွေးမြူရေးကောလိပ် (College of Agriculture) အောက်တွင် အပင်သိပ္ပံပညာအထူးပြုဘာသာ (Plant Science Major) အောက်၌ အပင်မွေးမြူရေးနှင့် ဗီဇဗေဒဘာသာခွဲ (Plant Breeding and Genetics Option) နှင့် လယ်ယာသီးနှံစိုက်ပျိုးရေး ဘာသာခွဲ (Field Crop Production Option) အောက်တွင် မျိုးစေ့ အထူးပြုဘာသာ လေ့လာနိုင်ပါသည်။

၃။ ဆွီဒင်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် (Swedish University of Agricultural Science-Uppsala, Sweden) တွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းကို ဂေဟဗေဒစိုက်ပျိုးရေး (Agroecology) အောက်တွင် မျိုးစေ့ အထူးပြု ဘာသာ သင်ယူနိုင်ပါသည်။

၄။ ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် (Agro Paris Tech, France) တွင်လည်း မျိုးစေ့ အထူးပြု ဘာသာကို  ဘွဲ့လွန်သင်တန်းများ သင်ကြားနိုင်ပါသည်။

၅။ ဆွစ်ဇာလန်နိုင်ငံ နည်းပညာတက္ကသိုလ် (Swiss Federal Institute of Technology {ETH. Zurich}, Switzerland) တွင် စိုက်ပျိုးရေးသိပ္ပံပညာ (Agricultural Science) အောက်တွင် မျိုးစေ့ အထူးပြု ဘာသာကို သင်ယူနိုင်ပါသည်။

၆။ အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ် (Cornell University, US) အောက်တွင် စိုက်ပျိုးရေးနှင့် သက်ရှိသိပ္ပံကောလိပ် (College of Agriculture and Life Science) တွင် မျိုးစေ့ပညာကို သင်ယူနိုင် ပါသည်။

၇။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ (University of California, Berkeley, US)

၈။ အမေရိကန်နိုင်ငံ ဝက်ကွန်ဆင်တက္ကသိုလ် (University of Wisconsin–Madison, US)

၉။ ဗြိတိန်နိုင်ငံ ရက်ဒင်းတက္ကသိုလ် (University of Reading, UK) နှင့်

၁၀။ တရုတ်နိုင်ငံ၊ တရုတ်စိုက်ပျိုးရေးတက္ကသိုလ် (China Agricultural University – Beijing, China) တို့တွင် မျိုးစေ့ပညာကို လေ့လာသင်ယူနိုင်ပါသည်။ သို့သော် အင်္ဂလိပ်စကားပြောနိုင်ငံများနှင့် ဘာသာရပ်ကို အင်္ဂလိပ်လို သင်ပေးသောနိုင်ငံများတွင် သင်ယူပါက ပိုမိုကောင်းမွန်ပါမည်။

ကမ္ဘာပေါ်မှာ မျိုးစေ့ပညာနှင့်ပတ်သက်၍ နှစ် ၁၀၀ ကျော်ကတည်းက နံမည်ကြီးနေသော အမေရိကန်နိုင်ငံ အိုင်အိုဝါးပြည်နယ်တက္ကသိုလ် မျိုးစေ့သိပ္ပံ ဌာန (Seed Science Center, Iowa State University, US ) တွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် မျိုးစေ့အကဲဖြတ်ခြင်း (Seed Analysis ) နှင့် မျိုးစေ့ဓါတ်ခွဲခန်း (Seed Laboratory) ရှိပါသည်။ မျိုးစေ့ဓါတ်ခွဲခန်းသည် ​နေ့စဉ် မျိုးစေ့ နမူနာ (Seed Sample) ၃၀၀ နှင့် မျိုးစေ့ဆောင်ရောဂါ  (Seed-bourne Disease sample) နမူနာပေါင်း ၃၅၀ ကျော် စစ်ဆေးပေးလျှက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲ (Workshops) နှင့် လက်မှတ်ရ သင်တန်းများ (Short Certificate Courses) ကို နှစ်စဉ်ကျင်းပလျှက်ရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှ လူငယ်များ၊ ပညာရှင်များကို ထိုတက္ကသိုလ်သို့ ဘွဲ့ကြို၊ ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ) သင်တန်းများ စေလွှတ်သင့်ပါသည်။  

နယူးဇီလန်နိုင်ငံ မက်ဆေးတက္ကသိုလ် (Massey University, New Zealand) နှင့် လင်ကွန်းတက္ကသိုလ် (Lincoln University, New Zealand) များသည် မျိုးစေ့သိပ္ပံပညာတွင် နာမည်ကြီးပါသည်။ စိုက်ပျိုးရေးဦးစီးဌာနတွင် လုပ်ဆောင်သွားခဲ့သော ဆရာကြီး ဒေါက်တာဝင်းဖေသည် မျိုးစေ့အထူးပြု ပါရဂူဘွဲ့ကို မက်ဆေးတက္ကသိုလ်မှ ရရှိခဲ့သည်ဟု ကြားသိခဲ့ရပါသည်။ ဆရာကြီး ဦးဖေနောင်သာမှာ သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ် (University of Sydney, Australia) မှ မျိုးစေ့ပညာဘွဲ့လွန်ဒီပလိုမာဘွဲ့ (Post-Graduate Diploma in Seed Technology) ရရှိခဲ့ပါသည်။ ယခု ဆရာကြီး များမှာ အငြိမ်းစား ယူသွားကြပြီဖြစ်ပါသည်။ ဖိလစ်ပိုင်တက္ကသိုလ် လော့စ်ဘာညိုး (University of Philippine – Los Banos) မှ ကျွန်တော့်အတန်းဖော်သူငယ်ချင်း ဒေါက်တာ ထက်ကြူ က (Rice Seed Vigour) သုတေသနနှင့် လယ်ယာသီးနှံပါရဂူဘွဲ့ (PhD Agronomy) ယူလာသည်ဟုပြောပါသည်။  ကျွန်တော်တို့နိုင်ငံအတွက် မျိုးစေ့ပညာရှင်များစွာလေ့ကျင့်သင်ယူကြရပါဦးမည်။

မျိုးစေ့နှင့်ပတ်သက်၍ အောက်ပါအချက်အလက်များကို စနစ်တကျ လေ့လာရပါမည်။

၁။ အပင်များ၏ ပန်းပွင့်ပုံကို အဆင့်ဆင့် လေ့လာခြင်း

(Flowering Processes in Plants)

၂။ မျိုးစေ့ဖြစ်ပေါ်လာခြင်းနှင့် ကြီးထွားဖွံ့ဖြိုးမှု

(Seed Formation and Development)

၃။ မျိုးစေ့၏ ဓါတုဗေဒ

(The Chemistry of Seeds)

၄။ မျိုးစေ့ဆိုင်ရာ ဂေဟဗေဒ (Seed Ecology)

၅။ မျိုးအစေ့အညှောက်ပေါက်ခြင်း 

(Seed Germination)

၆။ မျိုးစေ့ရှင်သန်နိုင်စွမ်းနှင့် ရှင်သန်နိုင်မှုကို စစ်ဆေးခြင်း

(Seed Viability and Viability Testing)

၇။ မျိုးစေ့ငုတ်ခြင်း 

(Seed Dormancy)

၈။ မျိုးစေ့အားကောင်းမှုစွမ်းရည်နှင့် အားကောင်းမှုကို စစ်ဆေးခြင်း

(Seed Vigor and Vigor Testing)

၉။ မျိုးစေ့ကို သိုလှောင်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း

(Seed Storage and Deterioration)

၁၀။ မျိုးစေ့များ ထုတ်လုပ်ခြင်း 

(Seed Production)

၁၁။ မျိုးစေ့များ တောင်သူလက်ဝယ်အရောက်ပို့ဆောင်နိုင်မှု စီမံကွပ်ကဲခြင်း

(Seed Conditioning and Handling)

၁၂။ မျိုးစေ့များ အခြောက်ခံခြင်း 

(Seed Drying)

၁၃။ မျိုးစေ့များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း

(Seed Certification)

၁၄။ မျိုးစေ့များ၏ အရည်အသွေးစစ်ဆေးခြင်း

(Seed Testing)

၁၅။ မျိုးစေ့ရောဂါဗေဒနှင့် ရောဂါဖြစ်ပွားမှု ရှိမရှိ စစ်ဆေးခြင်း

(Seed Pathology and Pathological Testing)

၁၆။ မျိုးစေ့များ ရောင်းဝယ်ဖောက်ကားခြင်း

(Seed Marketing)

၁၇။ မျိုးစေ့ဥပဒေများဆောင်ရွက်ခြင်း

(Seed Legislation and Law Enforcement) စသည်တို့ ဖြစ်ပါသည်။  

(ဆက်ရန်ရှိသေးသည်)

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်