အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၅)

10/01/2022 10:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခန်း(၂) အပင်နှင့် အပင်ကြီးထွားမှု

Chapter(2) The plant and plant growth

အပင်ကြီးထွားမှုမှာ အပင်နှင့် ၎င်း၏အစိတ်အပိုင်းများ ဆက်တိုက်ကြီးထွား ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါသည်။ (The progressive development of an organism) အပင်၊ အရွက်၊ အပွင့်၊ အသီး စသည်တို့မှာ အခြောက်အလေးချိန် (Dry Weight)၊ အမြင့်(သို့)အလျား (Height or Length) နှင့် အချင်း (Diameter) စသည်တို့ နေ့စဉ်ဆက်တိုက် ကြီးထွားလာခြင်းကို ဆိုလိုပါသည်။ ထိုကြီးထွားမှုကို အပင်ဗီဇအချက်အလက် အကြောင်းအရင်း (Genetic Factors) နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်အကြောင်းအရင်း (Environmental Factors) (၂) ခုက လွှမ်းမိုးထားပါသည်။

(က) အပင်ဗီဇ (Plant Genetics)၊ သီးနှံပင်မျိုးစိတ် (Crop Species) နှင့် မျိုးပြား(သို့) မျိုးဖျား (Variety) များအပေါ်မှာမူတည်၍ အထွက်နှုန်းကောင်းသောမျိုးများ (High Yielding Varieties-HYV)၊ စပ်မျိုးများ (Hybrid Varieties)၊ ရေဝပ်ဒဏ်ခံနိုင်မျိုးများ (Flood Tolerant Varieties)၊ ရေငတ်ဒဏ်ခံနိုင်မျိုးများ (Drought Tolerant Varieties)၊ ဆားငံရေဒဏ်ခံနိုင်မျိုးများ (Salt Tolerant Varieties)၊ အင်းဆက်ဖျက်ပိုးရောဂါများ ဖျက်ဆီးမှုမှခံနိုင်ရည်ရှိမျိုးများ (Insect Pest and Disease Resistant Varieties) စသည်တို့ကို ရရှိအောင် အပင်အတွင်းအခြေအနေ (Internal condition)၊ အပင်ဗီဇ ပညာရှင်များ (Plant Geneticists)၊ အပင်မွေးမြူရေး ပညာရှင်များ (Plant Breeders) တို့ ပူးပေါင်း သုတေသနပြု ဆောင်ရွက်ကြပြီး မျိုးစေ့ထုတ်လုပ်သော ပညာရှင်များ (Seed Production Technologists) က တောင်သူများလိုအပ်သော မျိုးကောင်း မျိုးသန့်များက အမြောက်အမြား ထုတ်လုပ်ပေးကြပါသည်။

(ခ) ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များက ပြင်ပအခြေအနေ (External Condition) ကို မူတည်ပြီး ရာသီဥတု (Climate) က လွှမ်းမိုးနေသည့် အချက်များကိုလည်း သိရှိရပါမည်။ ပြောင်းလဲနေသောရာသီဉတု (Climate Change) နဲ့အတူ အပင်အတွက် အသင့်တော်ဆုံး မိုးရေချိန် (Rainfall)၊ အစိုဓာတ် (Moisture)၊ အပူချိန် (Temperature)၊ နေရောင်ခြည်ရရှိမှု (Solar Energy)၊  ကမ္ဘာ့လေထု (Atmosphere) အတွင်းရှိ ဓာတ်ငွေ့များ (ဥပမာ-အောက်ဆီဂျင်၊ နိုင်ထရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်)၊ မြေဆီလွှာရူပဗေဒ (Soil Physics) ဆိုင်ရာ လက္ခဏာများ (ဥပမာ-မြေဆီလွှာ၊ ရုပ်သွင်ပြင်၊ နှင့် ဖွဲ့စည်းပုံ (Soil Texture & Structure)၊ မြေဆီလွှာဓာတုဗေဒ (Soil Chemistry) ဆိုင်ရာ လက္ခဏာများ (ဥပမာ-မြေဆီလွှာ၊ အာဟာရဓာတ် (Soil fertility)၊ မြေဆီလွှာ ချဉ်ငံဓာတ် (Soil PH)၊ မြေဆီလွှာအတွင်းရှိ အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ (Soil Essential Nutrients) စသည်တို့နှင့် ဆက်စပ်နေပါသည်။

(ဂ) အပင်အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များ

   (ဂ) ၁။ အပင်အမြစ် (Roots)

အပင်အမြစ်က အပင်ကို ဖြောင့်မတ်ကြီးထွားနိုင်အောင် မြေကြီးအတွင်းမှာ ကုတ်တွယ်ထောက်ခံထားပါသည်။ မြစ်မွေး (Root fairs) များမှလည်း အပင်အစာအာဟာရဓာတ်နှင့် ရေကို စုပ်ယူပို့ဆောင်ပေးပါသည်။ အချို့အမြစ်များက အစာအာဟာရဓာတ်သိုလှောင်သည့် လုပ်ငန်းကိုပါ လုပ်ဆောင်ပေးပါသည်။ (ဥပမာ-ဝဥ၊ ပိန်းဥ၊ အာလူး၊ ကန်စွန်းဥ)

   (ဂ) ၂။ ပင်စည် (Stems)

အမြစ်မှနေ၍ အထက်ပိုင်းသို့ ဆက်သွယ်ပေးသော အစိတ်အပိုင်းဖြစ်ပါသည်။

   (ဂ) ၃။ အရွက် (Leaf)

အလင်းရောင်ရရှိမှုမှ အလင်းဖွဲ့မှီ အစာချက်လုပ်ခြင်း (photosynthesis) ကို ပြုလုပ်ပြီး အပင်ကြီးထွားမှုအတွက် ပြုလုပ်ပေးရသော အဓိကအစိတ်အပိုင်း ဖြစ်ပါသည်။

   (ဂ) ၄။ ပန်းပွင့် (Flowers)

အဖို (Male) နှင့် အမ (Female) အင်္ဂါများ စုပေါင်းပါဝင်ပြီး အပင်မျိုးပွားမှုအတွက် အဓိက အစိတ်အပိုင်းဖြစ်ကာ မျိုးစေ့ (Seeds) ထုတ်လုပ်ပေးပါသည်။

ရုက္ခဗေဒ (Botany) သင်ယူသော ကျောင်းသား၊ ကျောင်းသူများလည်း လေ့လာနိုင်ပါသည်။ ရုက္ခဗေဒဘာသာ- အခြေခံ (သို့) ရိုးရိုးသိပ္ပံ (Basic or Pure Science) မှ အသုံးချသိပ္ပံ (Applied Science)၊ စိုက်ပျိုးရေး (Agriculture)၊ သစ်တော (Forestry)၊ လယ်ယာသီးနှံ (Agronomy)၊ ဥယျာဉ်ခြံသီးနှံ (Horticulture)၊ ပန်းမန် (Floriculture)၊ သစ်သီးဝလံ (Pomology – Fruit Science) စသည်ဖြင့် အသေးစိတ် အသုံးချပိုင်းကို ပြောင်းလဲသွားရပါမည်။

ကျွန်တော်၏မိတ်ဆွေဖြစ်သူ ဂျပန်ပါမောက္ခတစ်ဦးက ဇီဝဗေဒ (Biology) ကိုတက္ကသိုလ်မှာ မသင်ပေးဘူးလားဟူ၍မေးရာ ကျွန်တော်ကအလွယ်တကူဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်  ရုက္ခဗေဒ (Botany) နှင့် သတ္တဗေဒ (Zoology) ပေါင်းပြီး ဇီဝဗေဒဘာသာ သင်ပေးတယ်ဟူ၍ ပြောလိုက်ရာ သူက မဟုတ်ကြောင်းနှင့် ဇီဝဗေဒက ဇီဝဗေဒ၊ ရုက္ခဗေဒ နှင့် သတ္တဗေဒ ကသီးသန့် တခြားစီပဲဟု ပြန်ပြောလေသည်။

မြန်မာနိုင်ငံတက္ကသိုလ်များတွင် ဇီဝဗေဒ (Biology) ဘာသာနှင့် ဇီဝဗေဒဌာန (Department of Biology) မရှိခဲ့သည်မှာ ၁၉၆၂ ခုနှစ် နောက်ပိုင်းတည်းက ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်က ဘာသာစုံသင်ကြားပေးနေသည့် (Comprehensive University) မှသည် ယခင်မဟာဌာန (Faculty) များအလိုက်ရှိရာမှ တစ်ဘာသာချင်း သင်ကြားပေးနေသည့်ပုံစံ (Stand Alone University) ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် စသည်ဖြင့် ကွဲပြားကုန်ကြပါသည်။ တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ သင်ကြားမှုမှ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင်စားမှုအလိုက် အဓိကဘာသာ (Major)၊ သာမန်ဘာသာ (Minor) ဟူ၍ မိမိလိုချင်သောဘာသာအလိုက် သင်ယူမှုတွေ ခက်ခဲကုန်ပါတော့သည်။ စနစ်သစ် (Credit Hours System) သင်ရိုးနာရီစနစ်များကို တက္ကသိုလ်များတွင် စတင်ကျင့်သုံးလာပါက ကျောင်းသား၊ ကျောင်းသူ စိတ်ကြိုက်ဘာသာတွဲများ ပြန်လည်စတင်လာနိုင်ပါသည်။ တချို့တက္ကသိုလ်များတွင် သင်ရိုးနာရီစနစ်ကို ကျင့်သုံးနေပါပြီ။

ဥပမာ-သစ်ခွ (Orchid) နှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ ရုက္ခဗေဒစသည်တို့ စိတ်ဝမ်းကွဲမနေတော့ဘဲ သစ်ခွ (Orchidology) ကိုပဲ သီးသန့်သင်ကြား၊ သုတေသနပြုသည့်တက္ကသိုလ်များ များစွာပေါ်ထွက်လာပြီး နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် သင်ကြား၊ သုတေသနပြုသည်မှအစ ပြည်တွင်းပြည်ပရောင်းချ စီးပွားဖြစ်နိုင်သည်အထိ ဆောင်ရွက်နိုင်ပါသည်။

ထိုင်းနိုင်ငံချင်းမိုင်ရှိ မေဂျိုတက္ကသိုလ် (Maejo University) သို့ ကျွန်တော်တို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်က ဧက ၁၀၀၀-ကျော် ကျယ်ဝန်းသော တက္ကသိုလ်ဝန်းကြီးထဲတွင် သစ်ခွကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကာ သစ်ခွတစ်ရှူး ​မွေးမြူရေး (Tissue Culture)မှ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့သင်ကြား သုတေသနပြုရင်း ထိုင်းနိုင်ငံအတွက် ဝင်ငွေရရှိစေရန် တက္ကသိုလ်များမှ လက်တွေ့လုပ်ဆောင်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဘာသာရပ် (Tourism) ကိုလည်း တက္ကသိုလ်တစ်ခုထဲတွင် သင်ကြားနေရာ စိုက်ပျိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း (Agrotourism) မှနေ၍ ပူးတွဲလုပ်ဆောင်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ တက္ကသိုလ်သို့လည်း ချင်းမိုင် (Chiang Mai) သို့ လာရောက်သော ကမ္ဘာလှည့်ခရီးသွား ၁၀-သန်းကျော်မှ တိုက်ရိုက် လာရောက် လေ့လာနေရာ ဝင်ငွေရနေသည်ကို တွေ့မြင်ရပါသည်။

မြန်မာနိုင်ငံတွင်လည်း သစ်ခွကို သင်ကြားသုတေသနပြုနေသူ ပညာရှင်များစုစည်း၍ ဤပန်းကို စနစ်တကျ တစိုက်မတ်မတ် အကောင်အထည်ဖော်မည်ဆိုလျှင် ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါမည်။ ထို့အတူ သစ်ခွကဲ့သို့ နှင်းဆီ၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ လီလီပန်းစသည်ဖြင့် အထူးပြုလေ့လာကာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်၊ ရောင်းချပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပါသည်။

ဒေါက်တာမျိုးကြွယ် (ဆင်​ပေါင်ဝဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်