ယင်ကောင်နက် (BSF) မွေးမြူရေး(၇) အညစ်အကြေးများကို ရေဓာတ်လျှော့ချခြင်း

17/01/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အညစ်အကြေးလက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (အစိုဓာတ်လျှော့ချခြင်း)

BSF သားလောင်းအတွက် အစာအဖြစ်အသုံးပြုမည့် စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် (အစိုဓာတ်) ၆၀% မှ ၉၀% အတွင်း ရှိနေရမည် ဖြစ်သည်။ 

အကယ်၍ ကြိတ်ချေပြီး စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် ၆၀% အောက် လျော့နည်းနေပါက ရေထပ်ထည့်ပေးနိုင်သည်။ ယင်းမှာ ရိုးရှင်းလွယ်ကူလှသည်။

အကယ်၍ ကြိတ်ချေပြီး စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် ၈၅% အထက်တွင် ရှိနေပါက ၈၅% အောက်သို့ ရောက်ရှိအောင် လျှော့ချပေးရန် လိုအပ်သည်။ အစိုဓာတ်များနေခြင်းက အစိုဓာတ်နည်းနေခြင်းထက် ကိုင်တွယ်ပြုပြင်ရန် ပိုမိုခက်ခဲသည်။ များသောအားဖြင့် အညစ်အကြေးများကို ကြိတ်ချေပြီးပါက အစိုဓာတ်နည်းနေခြင်းထက် များနေခြင်းကို ပို၍ တွေ့ရတတ်သည်။ 

  • ရေဓာတ်ကို လျှော့ချရာတွင် ပေါပေါများများ ရရှိနိုင်ပြီး ခြောက်သွေ့သည့် စပါးခွံ၊ ဂျုံဖွဲကြမ်းများကို အညစ်အကြေးများထဲသို့ ရောနှောထည့်သွင်းအသုံးပြုခြင်းဖြင့် သတ်မှတ်ထားသည့် အစိုဓာတ်သို့ ရောက်ရှိနိုင်ပါသည်။
  • အရင်းအနှီးကြီးကြီးမားမားဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပါက horizontal screw press သို့မဟုတ် cider press ကဲ့သို့သော နည်းပညာများကို အသုံးပြု၍လည်း အစိုဓာတ်ကို လျှော့ချနိုင်ပါသည်။ 
  • အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနည်းလမ်းမှာ အညစ်အကြေးများကို ရေစစ်ချခြင်း (passive dewatering) ဖြစ်သည်။ 

ပုံ - ရေဓာတ်လျှော့ချသည့် နည်းစနစ်အမျိုးမျိုး (Passive dewatering (ဘယ်အစွန်ပုံ)၊ Screw press (အလယ်ပုံ)၊ cider press (ညာအစွန်ပုံ))

ရေစစ်ချခြင်း (Passive dewatering)

ရေစစ်ချခြင်းဆိုသည်မှာ ကမ္ဘာ့ဆွဲငင်အားဖြင့် ရေကိုဖယ်ထုတ်သည့်နည်းလမ်း ဖြစ်သည်။ 

(၁) ရှေးဦးစွာ ရေဓာတ်လျှော့သည့်ပုံးတစ်ခုကို ပြင်ဆင်ရပါမည်။ 

  • ပုံးအလွတ်တစ်ခုကိုယူပါ။ 
  • ပုံးအတွင်းသို့ ပလပ်စတစ်တန်း(ဖရိန်)ကို ပုံတွင်ပြထားသည့်အတိုင်း ထည့်ပါ။ 
  • အဝတ်စတစ်ခုကိုယူ၍ ပလပ်စတစ်ဖရိန်အပေါ်တွင်ထားပါ။ 
  • အဝတ်စ၏ အစွန်းပိုင်းကို ပုံးလွတ်၏ထိပ်ပိုင်းတွင် ချိတ်ဆက်တပ်ဆင်ပြီး ကြိုးဖြင့် ခိုင်မာစွာ ချည်ထားပါ။

ပုံစာ - ပလပ်စတစ်တန်း (Plastic frame)အား ရေစစ်ပုံးအတွင်း ရေစစ်ဝတ်အောက်တွင် ထားရှိခြင်းဖြင့်  အညစ်အကြေးအတွင်းမှအရည်များ အဝတ်အိတ်အတွင်းမှစစ်ကျရန် နေရာရရှိစေသည်။ 

 (၂)  ချေမွထားသော အညစ်အကြေးများကို အဝတ်စထဲသို့ ထည့်ပါ။ ထို့နောက် ပုံးကို အလေးချိန် ချိန်တွယ်ကာ မှတ်သားပါ။ ပြီးလျှင် အဖုံးအုပ်၍ ၂၄ နာရီ ထားပါ။

ပုံစာ - လိုအပ်မည့်ကိရိယာများ

  • (၁) ရေစစ်ပုံး(Dewatering buckets) – အညစ်အကြေးများအား အဝတ်ဖြင့် ရေစစ်ချရန် အသုံးပြုသည်။
  • (၂) ပလပ်စတစ်တန်း (Plastic frame) - ရေစစ်ပုံးအတွင်း ရေစစ်ဝတ်အောက်တွင် ထားရှိသည်။ ထိုသို့ ထားရှိခြင်းဖြင့် အညစ်အကြေးအတွင်းမှ အရည်များ စစ်ကျရန် နေရာကို ဖန်တီးပေးသည်။ 
  • (၃) ကတ္တား (bulk scale) – ၁၅၀ ကီလိုဂရမ်အထိ ချိန်တွယ်နိုင်ရမည်။ 

(၃) ၂၄ နာရီ ပြည့်ပြီးပါက အောက်ပါတို့ကို ဆောင်ရွက်ပါ။

  • ပုံးနှစ်ပုံးအတွင်းမှ အဝတ်စ နှစ်ခုအတွင်းရှိ ရေအထိုက်အလျောက်စစ်ပြီးသော အညစ်အကြေးများကို ပေါင်းထည့်ပါ။
  • ထို့နောက် ယခင်အတိုင်း နောက်ထပ် ၂၄ နာရီ ထပ်မံစောင့်ဆိုင်းပါ။ 
  • ရေလျော့သွားသဖြင့် ပုံးအပိုများ ထွက်လာပါမည်။ အပိုထွက်လာသည့် ပုံး၊ ပလပ်စတစ်တန်းနှင့် အဝတ်တို့ကို ဖိအားမြှင့်ရေပိုက်ဖြင့်ထိုး၍ ဆေးကျောသန့်စင်ပါ။

(၄) ၄၈ နာရီ ပြည့်သည့်အခါ  အောက်ပါတို့ကို ဆောင်ရွက်ပါ။

  • အဝတ်အိတ်ကို ထုတ်ယူပြီး ယင်းအထဲမှ ရေစစ်ပြီးအညစ်အကြေးများကို ထုတ်ယူပါ။ 
  • ထို့နောက် ပုံးအတွင်းကျန်ရှိနေသော အရည်များကို နောက်ထပ်ပြုပြင်ထုတ်လုပ်မှုများအတွက် ပြန်သုံးပါ။ သို့မဟုတ် စွန့်ပစ်ပါ။ 
  • ရေစစ်ထားသော အညစ်အကြေးများကို ပုံးအလွတ်ထဲသို့ ပြန်ထည့်ကာ အလေးချိန် ချိန်တွယ်ပါ။
  • ချေမွထားသော အညစ်အကြေးများ၏ အလေးချိန်နှင့် အစိုဓာတ်လျှော့ချထားပြီး အညစ်အကြေးများ၏ အလေးချိန်တို့ ခြားနားချက်သည် စွန့်ထုတ်ပစ်လိုက်သော ရေ၏ အလေးချိန် ဖြစ်သည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်