ငါးနှင့် သဘာဝအဆိပ်သင့်ခြင်းများ- ၁(စီဂွာတရာ ငါးအဆိပ်)

10/08/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

အမျိုးမျိုးသောအစားအစာအန္တရာယ်များ 

လူတို့သည် အသက်ရှင်၊ ကြီးထွား၊ ခွန်အားများရရှိစေရေးအတွက် နေ့စဉ်အစားအစာများကို အာဟာရအဖြစ် သုံးစွဲကြရသည်။ အစားအစာများဆိုရာတွင် စိုက်ပျိုးရေးထွက်ကုန်များ၊ သားငါးများကို နေ့စဉ်နှင့်ရက်ခြားဆိုသလို စားသုံးလျက်ရှိကြပါသည်။ ယင်းတို့အနက် ငါးရိက္ခာသည် အခြေခံလူတန်းစားများအထိ စားသုံးနေကြပြီး တစ်နိုင်ငံလုံး ရေချို ၊ ရေငန်ငါးမျိုးစုံကို တွင်ကျယ်စွာ စားသုံးကြပါသည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေငန်ငါးမျိုးစုံအား အာဟာရပြည့်ဝစွာဖြင့် ပိုမိုနှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါသည်။

ရေငန်ငါးအများစုသည် အရသာရှိပြီး အာဟာရပေါကြွယ်ဝသလောက် အချို့ငါးမျိုးစိတ်များတွင် သဘာဝအားဖြင့် အဆိပ်အတောက်များပါလာတတ်ကာ စားသုံးမိသူကို အဆိပ်သင့်စေခြင်း (Food Poisoning ဖြစ်စေခြင်း) ဖြင့် အန္တရာယ်ပေးနိုင်ပါသည်။

အစားအစာများတွင် လူတို့စားသုံးမိခြင်းဖြင့် ပေးနိုင်သောအန္တရာယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • (၁) ဇီဝဗေဒဆိုင်ရာ အန္တရာယ်များ (Biological Hazards)
  • (၂) ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards)
  • (၃) ရူပဗေဒဆိုင်ရာ အန္တရာယ်များ (Physical Hazards)

အဆိုပါအန္တရာယ်များအား သင့်လျော်သော ထိန်းချုပ်သည့်စနစ်မရှိပါက စားသုံးမိသူတွင် ဖျားနာခြင်း၊ ထိခိုက်ခြင်းကို ဖြစ်စေပါသည်။ သဘာဝအဆိပ်အတောက်များ (Natural Toxins) သည်  ဓါတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards) တွင် ပါဝင်ပြီး တစ်နည်းအားဖြင့် ဇီဝအဆိပ်အတောက်များ (Biotoxins) ဟုလည်းခေါ်ပါသည်။

သဘာဝအဆိပ်အတောက်များ (Natural Toxins)ဆိုတာ ဘာလဲ?

ငါးနှင့်ပတ်သက်သည့် သဘာဝအဆိပ်အတောက်များတွင် အောက်ပါတို့ပါဝင်ပါသည်။

  • (က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)
  • (ခ) ဟစ်တမင်း (သို့) စကွန်ဗိုရို အဆိပ်ဖြစ်ခြင်း (Histamine Poisoning (or) Scombroid           Poisoning)
  • (ဂ) ငါးပူတင်း (သို့) တက်ထရိုဒို အဆိပ်ဖြစ်ခြင်း (Puffer Fish Poisoning – PFP (or) Tetrodotoxin)
  • (ဃ) အခွံမာရေသတ္တဝါအဆိပ်ဖြစ်ခြင်း (Shell Fish Poisoning (or) Biotoxin)

(က) စီဂွာတရာ ငါးအဆိပ်ဖြစ်ခြင်း (Ciguatera Fish Poisoning – CFP)

ငါးများအတွင်းသို့ CFP အဆိပ်ရောက်ရှိလာပုံ

အပူပိုင်းဇုန်နှင့်သမပိုင်းဇုန်ရှိ ငါးများသည် သဘာဝအလျောက် အဆိပ်များပါရှိသည့် ပင်လယ်သန္တာကျောက်တန်း(Coral reef) များရှိ ရေညှိ (Algae) များကို စားသုံးခြင်းဖြင့် ယင်းတို့၏ ကိုယ်ခန္ဓာတွင် အဆိပ်များစုပုံလာပါသည်။ ယင်းအဆိပ်ရှိရေညှိများကို စားသုံးထားသည့် ငါးသေးများကိုအခြားငါးကြီးများကစားသုံးခြင်းဖြင့်လည်း ငါးကြီးများတွင် ယင်းအဆိပ်စုပုံလာစေပါသည်။

အဆိုပါငါးများကိုစားသုံးမိပါက လူများဖျားနာခြင်း၊ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ CFP အဆိပ်မှာ များစွာသောရေညှိအမျိုးအစား (Microscopic dinoflagellate algae) များကြောင့် ဖြစ်နိုင်ပြီး အဓိကမျိုးရင်းမှာ Gambierdisuss toxicus ကြောင့် ဖြစ်သည်။

အထူးသဖြင့် ပင်လယ်ပြင်ညစ်ညမ်းမှု[ဒေသအခေါ် ပင်လယ်သွေးအန်ခြင်း (Red Tide)] ဖြစ်ပေါ်သည့်နေရာများတွင် ယင်း Algae များ တွေ့ရသည်။

Coral Reef Fish များဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးပါးနီ၊ ကျောက်ငါး၊ ပင်လယ်ငါးမြွေထိုး၊ ငါးလက်ဝါး၊ ငါးဝက်စပ်၊ ငါးထောပတ်၊ ဇာကြမ်း စသည့်ငါးများတွင် ယင်းအဆိပ်ပါဝင်တတ်သည်။

CFP အဆိပ်သင့်ခြင်းလက္ခဏာများ 

အဆိပ်ပါဝင်သောငါးကိုစားပြီး(၆)နာရီအတွင်း လက္ခဏာပြပါသည်။ လက္ခဏာအများစုမှာ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ယားယံခြင်း တို့ဖြစ်စေပါသည်။ တစ်ခါတရံ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

CFP အဆိပ်ပါဝင်မှုကို နိုင်ငံတကာသတ်မှတ်ချက်

အဆိပ်သင့်မှုဖြစ်ပေါ်သည့်နိုင်ငံတကာတွေ့ရှိမှု အချက်အလက်များအရ အဆိပ်သင့်မှုသည် (1 mg / kg body weight) ဖြစ်ကြောင်းသိရသည်။

 CFP အဆိပ်ဖြစ်ပေါ်မှုအပေါ် ထိန်းချုပ်ကာကွယ်မှုများ

အဆိပ်ကိုစမ်းသပ်ရန် တိကျလျင်မြန်သော နည်းလမ်းမရှိပါ။ အပူချိန်နှင့် အခြားပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများသည် အဆိပ်ကိုမဖယ်ထုတ်နိုင်ပါ။ သက်ဆိုင်ရာတာဝန်ရှိဌာနမှ သဘာဝ ပင်လယ်ပြင်တွင်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်၍ အချက်အလက်များကောက်ယူခြင်း၊ ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်နေသောနေရာများတွင် အဆိပ်ရှိငါးများရှိနိုင်၍ အဆိုပါဒေသတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်တားမြစ်ခြင်းစသည့် ထိန်းချုပ်မှုဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်