သက်ခိုင် စုစည်းတင်ပြသည်။
ကမ္ဘာ့နိုင်ငံအတော်များများမှာ အသေးစားစိုက်ပျိုးမွေးမြူသူတွေဟာ အသေးစားစိုက်ပျိုးမွေးမြူရေးသမား အဖြစ်ကနေ 'လုပ်ငန်းကြီး” အဖြစ် ကြီးထွားလာဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုစွန့်ခွာသွားမလား' ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေကြပါတယ်။
အသေးစားစိုက်ပျိုးမွေးမြူသူတွေထုတ်လုပ်ပေးတဲ့ စားနပ်ရိက္ခာတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးကြီးတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိနေပေမဲ့လည်း ကမ္ဘာ့နိုင်ငံအများစုမှာတော့ အသေးစားမွေးမြူရေးသမားတွေရဲ့ ရှင်သန်ရေးကို အထောက်အကူပြုတဲ့ မူဝါဒတွေ ဖော်ဆောင်နိုင်တာကို မတွေ့ရပါဘူး။
အဲဒီအစား နိုင်ငံအစိုးရတွေရဲ့ အချို့သော မူဝါဒတွေဟာ လုပ်ငန်းငယ်သမားတွေ လုပ်ငန်းပြုတ်ထွက်သွားအောင် တွန်းပို့နေသလို ဖြစ်နေပါတယ်။ အဲဒီအခြေအနေအတွက် လတ်တလောမှာ သိသာထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အမေရိကန်အစိုးရရဲ့ ပို့ကုန်မူဝါဒတွေကြောင့် ဒုက္ခရောက်ကြရတဲ့ အမေရိကန်က အသေးစားနို့စားနွားခြံလေးတွေပဲ ဖြစ်ပါတယ်။
Food and Water Watch (FWW) လို့ခေါ်တဲ့ အစားအသောက်နဲ့ ရေသန့်ရှင်းမှုကို စောင့်ကြည့်လေ့လာတဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက “The Economic Cost of Food Monopolies: The Dirty Dairy Racket” ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ မှားယွင်းတဲ့ ပြည်ပပို့ကုန် ဦးစားပေးမူဝါဒကြောင့် မိသားစုလုပ်ငန်းအဖြစ် တပိုင်တနိုင် မွေးမြူကြတဲ့ အသေးစား နို့စားနွားမွေးမြူရေးခြံတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ဟာ များစွာထိခိုက်နစ်နာခဲ့ရပေမဲ့ တစ်ဖက်မှာတော့ သန်းကြွယ်ကြီးတွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာ အကျိုးအမြတ် အများကြီး ဖြစ်ထွန်းခဲ့တယ်လို့ အဲဒီစာတမ်းက ဆိုပါတယ်။
အစီရင်ခံစာရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ နို့ထုတ်လုပ်မှုက ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် နို့တွေ တိုးထွက်လာတာမို့ နို့စားနွားမွေးမြူသူတွေရဲ့ အမြတ်အစွန်းက အများကြီးတိုးတက်လာနိုင်မယ်လို့ ယူဆစရာပါ။ နောက်ပြီး နို့အထွက်နှုန်း တိုးလာတဲ့အတွက် စားသုံးသူတွေကလည်း နွားနို့တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲနိုင်မယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဖြစ်လာပါဘူး။
ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရက နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပြည်ပကို တင်ပို့ရောင်းချဖို့ မူဝါဒချထားလို့ပါ။ ပြည်ပကို တင်ပို့ရောင်းချရာမှာ ဈေးကွက်အသာစီးရဖို့အတွက် ပြည်ပဈေးကွက်မှာ ဈေးနည်းနည်းနဲ့ ရောင်းချနိုင်ဖို့ ကြိုးစားရပါတယ်။ အဲဒီအတွက် နို့စားနွားမွေးမြူသူတွေဆီက နွားနို့ကို တတ်နိုင်သမျှ ဈေးနည်းနည်းပဲပေးပြီး ဝယ်ပါတယ်။ ဒါကြောင့် နွားနို့ဈေးက ထိုက်သင့်သလောက် မမြင့်တက်လာပါဘူး။
အခြားတစ်ဖက်မှာက နွားနို့ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အစာ၊ ဆေးဝါး အစရှိတဲ့ သွင်းအားစုတွေရဲ့ဈေးနှုန်းက နှစ်စဉ်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုစရိတ်ကမြင့်ပြီး မိမိတို့ထုတ်လုပ်တဲ့ ထုတ်ကုန်အတွက် ထိုက်သင့်တဲ့ဈေးနှုန်းမရတဲ့အခါ မွေးမြူရေးသမားတွေ ဒုက္ခ ရောက်ကြရတော့တာပါပဲ။
အထူးသဖြင့် နွားတစ်ကောင်ချင်းစီကရရှိတဲ့ အမြတ်အစွန်း နည်းပါးလာတာနဲ့အမျှ နွားအကောင်ရေ နည်းနည်းလေးမွေးမြူကြတဲ့ အသေးစားမွေးမြူသူတွေ ဒုက္ခရောက်သည်ထက် ရောက်လာရတော့တာပါပဲ။ နွားအကောင်ရေများတဲ့ မွေးမြူရေး ခြံတွေက တစ်ကောင်ချင်းဆီက ရရှိတဲ့ အမြတ်အစွန်းနည်းပေမဲ့ အကောင်ရေများတော့ ခံသာပါတယ်။ လုပ်ငန်းကို ရေရှည်ဆက်ပြီး ထိန်းထားနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အမေရိကန်ရဲ့ နို့စားနွားမွေးမြူရေးကဏ္ဍမှာ မိသားစု တပိုင်တနိုင်လုပ်ငန်းတွေ ပျောက်သွားပြီး လုပ်ငန်းကြီးတွေက လက်ဝါးကြီးအုပ်လာတော့တာပါပဲ။
အဲဒီလို နို့စားနွားလုပ်ငန်းငယ်လေးတွေ ပျောက်ဆုံးသွားရတဲ့ အဓိကလက်သည်တရားခံကတော့ ပြည်ပပို့ကုန်မူဝါဒပါပဲ။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ အမေရိကန်ရဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတင်ပို့မှုဟာ ၈ ဆ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ပကို များများတင်ပို့လေ၊ ပြည်တွင်းက လုပ်ငန်းငယ်တွေ ထိခိုက်လေ ဖြစ်ခဲ့ရတာပါ။ ဒါကြောင့် အမေရိကန် နို့စားနွားမွေးမြူရေးသမားတွေအနေနဲ့ “ကြီးထွားလာဖို့ကြိုးစားမလား၊ လုပ်ငန်းစွန့်ပြီးထွက်ခွာသွားမလား (get big or get out)” ဆိုတာကို ရင်နာနာနဲ့ ရွေးချယ်ရတဲ့ အခြေအနေဆိုက်လာတာပါပဲ။
အထူးသဖြင့်တော့ ၁၉၉၇ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြားကာလအတွင်းမှာ အသေးစားမွေးမြူရေးလုပ်ငန်းတွေ သိသိသာသာ လျော့ကျသွားပြီး အမေရိကန်ရဲ့ နို့ထုတ်လုပ်ရေးကဏ္ဍကြီးဟာ လက်တစ်ဆုပ်စာမွေးမြူရေးခြံကြီးတွေနဲ့ ကုန်သည်ကြီးတွေလက်ထဲကို ရောက်သွားရတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA) ရဲ့ စာရင်းအင်းတွေအရ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အကြား အနှစ် ၂၀ အတွင်းမှာ နို့စားနွားခြံ အရေအတွက် ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ နို့စားနွားခြံ စုစုပေါင်း ၁၂၅၀၀၀ လောက် ရှိရာကနေ ၂၀၁၇ ခုနှစ်မှာတော့ နွားခြံအရေအတွက်က ၅၅၀၀၀ ဝန်းကျင်အထိ လျော့ကျသွားပါတယ်။
ဒါပေမဲ့ ခြံတစ်ခြံချင်းစီမှာ မွေးမြူထားတဲ့ ပျမ်းမျှနွားကောင်ရေကတော့ ၁၃၉% တိုးလာတယ်လို့ ဆိုပါတယ်။ ခြံတွေရဲ့ အရေအတွက်က ထက်ဝက်ကျော် လျော့ကျသွားပြီး ကျန်ရှိနေတဲ့ ခြံတွေက မွေးမြူထားတဲ့ ပျမ်းမျှ နွားကောင်ရေက ၂ ဆ ကျော် တက်လာတဲ့သဘော ဖြစ်ပါတယ်။
USDA ရဲ့ စာရင်းတွေအရ ၁၉၉၇ ခုနှစ်မှာ နွားခြံတစ်ခြံမှာ ပျမ်းမျှ နွားကောင်ရေ ၇၉ ကောင် မွေးမြူထားပြီး ၂၀၁၇ ခုနှစ်မှာတော့ နွားခြံတစ်ခြံရဲ့ ပျမ်းမျှမွေးမြူကောင်ရေဟာ ၁၇၅ ကောင် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ပျမ်းမျှမွေးမြူထားတဲ့ကောင်ရေက ခြံတစ်ခြံကို ၁၇၅ ကောင်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ အဲဒီလောက်မွေးမြူထားတဲ့ ခြံတွေက အရမ်းကို နည်းပါတယ်။ အများစုက ကောင်ရေ ထောင်နဲ့ချီမွေးမြူထားတဲ့ ခြံတွေပါ။
USDA ရဲ့ စာရင်းဇယားတွေအရ အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်တဲ့ နွားနို့စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ နွားအကောင်ရေ ၅၀၀ အထက် မွေးမြူထားတဲ့ နွားခြံတွေက နို့တွေပဲ ဖြစ်ပါတယ်။ အကြီးဆုံးနွားခြံကြီးတွေက အကောင်ရေ ၂၅၀၀၀ အထိ မွေးမြူထားတာ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ ကိန်းဂဏန်းတွေအရ မွေးမြူရေးခြံကြီးတွေက ကြီးလာပြီး ရင်းနှီးမြှုပ်နှံနိုင်သူတွေသာ နို့စားနွားမွေးမြူလာနိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ရင်းနှီးမြှုပ်နှံနိုင်သူတွေ လုပ်ငန်းကို လက်ဝါးကြီးအုပ်လာတာနဲ့အမျှ နည်းပညာကို ပိုမိုအသုံးချပြီး ထုတ်လုပ်မှု မြင့်မားအောင် ကြံဆောင်လာကြပါတယ်။ နို့စားနွားတွေရဲ့ မျိုးဗီဇမြှင့်တင်မှုတွေ ဆောင်ရွက်ခဲ့သလို၊ နို့စားနွားမတွေက နို့ထုတ်လုပ်မှု အမြင့်ဆုံးရရှိနိုင်မယ့် ပတ်ဝန်းကျင်အခြေအနေမျိုးတွေ၊ မွေးမြူရေးစီမံခန့်ခွဲမှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ တနည်းအားဖြင့် အသေးစားမွေး မြူရေးသမားတွေ မတတ်နိုင်တဲ့ ငွေကြေးပမာဏကို ရင်းနှီးမြှုပ်နှံလာကြတာပါ။
လက်တွေ့မှာလည်း နွားတစ်ကောင်ချင်းစီရဲ့ နို့ထုတ်လုပ်မှုက မြင့်တက်လာပါတယ်။ ၁၉၈၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်မှာ နွားတစ်ကောင်ချင်းစီက ပျမ်းမျှထုတ်လုပ်ပေးတဲ့ နို့ပမာဏဟာ ၂ ဆ ကျော် မြင့်မားလာပါတယ်။ ဒါပေမဲ့ အဲဒီလို ထုတ်လုပ်မှုမြင့်မားတဲ့အကျိုးစီးပွားကို အသေးစားမွေးမြူသူတွေ မခံစားကြရတော့ပါဘူး။ အများစုက နို့စားနွားမွေးမြူရေးလုပ်ငန်းကနေ စွန့်ခွာသွားကြပြီ မဟုတ်ပါလား။
တကယ်တော့ အထက်မှာတင်ပြခဲ့တဲ့ “ကြီးထွားလာဖို့ကြိုးစားမလား၊ လုပ်ငန်းစွန့်ပြီးထွက်ခွာသွားမလား (get big or get out)” အခြေအနေမျိုးဟာ အမေရိကန်မှာပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဖြစ်နေတာပါ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ နောက်ခံအကြောင်းအရင်းတွေ ကွာခြားနိုင်ပေမဲ့ သေချာတာတော့ အသေးစားလုပ်ငန်းတွေ ဆက်လက်ရှင်သန်ရပ်တည်ဖို့ ခက်ခဲနေတယ်ဆိုတာကတော့ အသေအချာပါ။ အထူးသဖြင့် သက်ဆိုင်ရာ အစိုးရနဲ့ လုပ်ငန်းကဏ္ဍဦးဆောင်သူတွေက မူဝါဒမှားယွင်းတဲ့အခါမျိုးမှာ အခြေအနေကို ပိုပြီး ဆိုးဝါးသွားစေနိုင်ပါတယ်။
ဒါကြောင့် မြန်မာ့မွေးမြူသူများအနေနဲ့လည်း မွေးမြူရေးကဏ္ဍထဲကနေ get out ဆိုပြီး ဖယ်ထုတ်မခံရဖို့ ဆိုရင် ဘယ်လိုကြီးထွားဖွံ့ဖြိုးလာအောင် လုပ်မလဲ “get big” ဆိုတာကို စဉ်းစားကြရမှာ အသေအချာပဲ ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။