စပါးစိုက်မြေတွင် ပဲပုပ်စိုက်ပျိုးလျှင်

22/01/2021 11:45 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

      လယ်မြေပေါ်တွင် စပါးရိတ်သိမ်းပြီးနောက် မတ်ပဲ၊ ကုလားပဲသီးနှံတို့ကဲ့သို့ ပဲပုပ်သီးနှံကို စိုက်ပျိုးနိုင်သည်။ ကောင်းမွန်စွာစိုက်ပျိုးပြုစုပါက အထွက်နှုန်းကောင်းပြီး ဝင်ငွေလည်း ကောင်း နိုင်ပါသည်။ 

အထွက်နှုန်းနှင့်အထွက်နှုန်းမိတ်ဖက်

ပဲပုပ်သီးနှံအထွက်နှုန်းနှင့်အထွက်မိတ်ဖက်များမှာ-

၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိအပင်ဦးရေ

၂။ တစ်ပင်ပါသီးတောင့်အရေအတွက်

၃။ တစ်တောင့်ပါအစေ့အရေအတွက်

၄။ အစေ့(၁၀၀)အလေးချိန်တို့ဖြစ်သည်။

      အထွက်နှုန်းမိတ်ဖက်ကောင်းမှ အထွက်ကောင်းမည်ဖြစ်ရာ အထွက်နှုန်းမိတ်ဖက်(၄)ချက် လုံးကောင်းရေး ကြီးထွားမှုအဆင့်ဆင့်၌ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါ သည်။

ဆောင်ရွက်ရန်နည်းစနစ်များ

       ပဲပုပ်သီးနှံစိုက်ပျိုးသူများ လိုက်နာဆောင်ရွက်သင့်သည့် အရေးကြီးသောအချက်များကို အသိပေးလိုပါသည်။

       မြေဆီလွှာထက်သန်သောလယ်မြေတွင် စိုက်သင့်သည်။ အပင်ငယ်များလျင်မြန်စွာ ကြီးထွားနိုင်ရန်အတွက် အလွယ်တကူစားသုံးနိုင်သော သြဇာဓာတ်များကို လိုသည်။ မြေဆီ သြဇာညံ့ဖျင်းသောမြေတွင် စိုက်ပျိုးပါက လျင်မြန်စွာကြီးထွားနိုင်ရန် ဓာတ်မြေသြဇာထည့်ပေး ရန်လိုပါသည်။

      ပဲပုပ်သည် ရေကောင်းစွာစစ်လွယ်၍ အစိုဓာတ်ကိုလည်း ကောင်းစွာထိန်းထားနိုင်သော မြေဆီမြေသားထူသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ ရေစစ်နှုန်းကောင်းသော စပါးစိုက် လယ်မြေများတွင် ပဲပုပ်စိုက်ပျိုးသင့်ပါသည်။

      ချဉ်သောမြေတွင် ပဲပုပ်စိုက်ပျိုးရန် မသင့်တော်ပါ။ အချဉ်အငန်ဓာတ်အနေဖြင့် ပီအိပ်ချ် ၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်း ရှိသင့်သည်။ ချဉ်သောမြေတွင် ထုံးမှုန့်ထည့် မြေပြုပြင်ပေးနိုင်ပါ က ကောင်းမွန်လာပြီး ပဲပုပ်သီးနှံကို ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။

       အပင်ပေါက်မှုနှင့် ကြီးထွားမှုညီညာရန် မြေဆီလွှာတွင် အစိုဓာတ်ရှိရန်လိုသည်။ ခြောက် သွေ့သောမြေတွင် အမြစ်ကြီးထွားမှု ညံ့ဖျင်းသည့်အပြင် အပင်အတွက် အာဟာရများကို စုပ်ယူ ခြင်းမပြုနိုင်ပါ။  အစိုဓာတ်များလွန်းသည့် မြေတွင်စိုက်ပျိုးပါကလည်း ကြီးထွားမှုဆုတ်ယုတ် သည့်အပြင် အပင်ငယ်များကို သေစေနိုင်ပါသည်။

       ပဲပုပ်အထွက်နှုန်းသည် မျိုးနှင့် ကြီးထွားရန်အခြေအနေများအပေါ်မူတည်သည်။ ရနိုင် သည့် အစိုဓာတ်နှင့် သီးနှံစိုက်စနစ်အပေါ်မူတည်၍ အသုံးပြုမည့်မျိုးကို ရွေးချယ်ရန်ဖြစ်သည်။ ယေဘုယျအားဖြင့်တော့ သက်လျင်အထွက်ကောင်းမျိုးကို စိုက်ပျိုးရန် ဖြစ်ပါသည်။ 

      ထို့ပြင် စိုက်ပျိုး မည့်ဒေသတွင် အများဆုံးဖျက်ဆီးတတ်သည့် ပိုးမွှားနှင့် ရောဂါများကို ခံနိုင်ရည်ရှိသည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။

      ပဲပုပ်ပင်တွင်မြစ်ဖုများ ကပ်ရောက်ကြီးထွားစေရန် မှန်ကန်သော ဘက်တီးရီးယားမျိုး လိုအပ်သည်။ သို့ဖြစ်၍ ပဲပုပ်စေ့များကို မစိုက်ပျိုးမီ ပဲပုပ်သီးနှံအတွက် ထုတ်လုပ်ထားသော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်ပေးသင့်ပါသည်။

       အပင်ငယ်များ လျင်မြန်စွာကြီးထွားရန်အတွက် နွေးသောရာသီတွင် စိုက်ပျိုးရန်လိုသည်။ သို့ရာတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်အောင် ပူနွေးလျင် ကြီးထွားမှုလျော့ နည်းသည့်အပြင် အပင်ငယ်များသေစေနိုင်ပါသည်။

       စိုက်ပျိုးသင့်သည့် အပင်အတန်းအကွာအဝေး(သို့မဟုတ်) တစ်ပင်နှင့်တစ်ပင်ကို ဒေသ အလိုက် ဆုံးဖြတ်စိုက်ပျိုးရန် ဖြစ်သည်။ တစ်ပင်နှင့်တစ်ပင် အလွန်နီးကပ်စွာ‌ပေါက်ရောက်ပါက အပင်များသည် လှီပြီး ယိုင်လဲလွယ်သည်။ အလွန်ကျဲစွာ ပေါက်ရောက်ပါက ပေါင်းပင်အများ အပြားပေါက်ရောက်ပြီး ဖျက်ဆီးနိုင်သည်ကိုတော့ သတိပြုသင့်ပါသည်။

       ပဲပုပ်သီးနှံကို ပေါင်းပင်များက ပဲပုပ်ပင်အတွက် သြဇာများကို လုယူနိုင်သလို ပိုးမွှား ကလည်း အရွက်နုများ၊ ပင်စည်များကိုစားသဖြင့် အပင်ငယ်များ သေစေနိုင်သည်။ ထို့ပြင် မြေ၌ ခိုအောင်းနေသော ရောဂါများကလည်း ပဲပုပ်ပင်ကြီးထွားမှုကို ရပ်တန့်စေသည်။ သေလည်း သေ စေနိုင်ပါသည်။

      ပဲပုပ်ပင် အပင်‌ပေါက်ချိန်၊ အပင်ငယ်ကြီးထွားစအချိန်နှင့် အတောင့်စတင်ဖြစ်ပေါ်ချိန်မှ အ‌စေ့များကြီးထွားချိန်အတွင်း အစိုဓာတ်လိုအပ်သည်။ အဆိုပါ အရေးကြီးသောအချိန်များတွင် အစိုဓာတ်လိုနေပါက ပဲပုပ်အထွက်နှုန်းများ လွန်မင်းစွာ ကျဆင်းသွားနိုင်ပါသည်။

       သို့ဖြစ်၍ အစိုဓာတ်လိုအပ်ချိန်များတွင် ရေသွင်းပေးရန်လိုသည်။ ရေနည်းနည်းနှင့် အကြိမ်ကြိမ်သွင်းခြင်းထက် ရေများများနှင့် နှစ်ကြိမ်ကို မှန်ကန်သောအချိန်၌ ပေးသွင်းခြင်းက ပို၍ကောင်း သည်။ ရေဝပ်နေခြင်းမျိုးမဖြစ်ရန်သတိပြုသင့်သည်။ ရေဝပ်လျင် သီးနှံအထွက် မကောင်းနိုင်ပါ။

      အပြင်လိုက်ရေသွင်းပါက ရေမြောင်း အနည်းငယ်သာ လိုမည်။ သို့ရာတွင် ရေရရှိမှု မညီညာ၊ အလေအလွင့်များနိုင်သည်။ ပေါင်လိုက်မြောင်းဖြင့် ရေသွင်းနည်းစနစ်သည် အစပိုင်း၌ စရိတ်ကုန်ကျမှုပိုသည်။ သို့ရာတွင် ရေရရှိမှုညီညာပြီး အလေအလွင့်မရှိနိုင်ကြောင်း ဖေါ်ပြလို ပါ သည်။

       စပါး-ပဲပုပ်သီးနှံပုံစံစိုက်ပျိုးသူများကို တိုက်တွန်းလိုသည်မှာ  စပါးသီးနှံမှအထွက်ရရှိပြီး ဝင်ငွေအကျိုးအမြတ်လည်းကောင်းပြီးဖြစ်ရာ သီးနှံပုံစံတစ်ခုလုံး၏ ဝင်ငွေအကျိုးအမြတ်ကောင် ရေးနှင့် တောင်သူအကျိုးပြုသီးနှံပုံစံဖြစ်ရေး ပဲပုပ်သီးနှံကိုအောင်မြင်အောင် စိုက်ပျိုးကြစေလိုပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်