နိုင်ငံတကာရှိ စိုက်ပျိုးရေးသုတေသနဌာနများ (အပိုင်း-၁)

12/08/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (135)  International Agricultural Research Centres (Part-1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၅) 

ပဲမျိုးစုံအကြောင်း ရေးသားရင်း စိုက်ပျိုးနေသောသီးနှံများကို နိုင်ငံတကာ သုတေသန ဌာနများ တွင် သုတေသနပြုလုပ်နေပုံများ ကြားဖြတ် ဆွေးနွေးလိုပါသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံတကာစိုက်ပျိုး မွေးမြူရေး သုတေသန ပညာရှင်များအဖွဲ့ (CGIAR – Consortium of International Agricultural Research Centres ယခင်က Consultative Group on International Agricultural Research) ကို သီးနှံနှင့် တိရစ္ဆာန်မွေးမြူရေး၊ သစ်တောကဏ္ဍများ အပါအဝင် ၁၉၇၁-ခုနှစ်မှ စတင်၍ ဖွဲ့စည်းထားပြီး ကမ္ဘာ့ဆင်းရဲမွဲတေမှု (Global Hunger) ကို တိုက်ဖျက်ရန် ရည်ရွယ်ပါသည်။

၁၉၄၅-ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ (UN – United Nations) လက်အောက် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO – Food and Agriculture Organization) နှင့်လည်း တွဲဖက်၍လုပ်ဆောင်ပါသည်။ ဤအဖွဲ့သည် အဓိပ္ပာယ်အရ (Agriculture) ဟူ၍ခေါ်သော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ(Crop and Livestock Sector)၊ သစ်တော (Forestry)၊ ငါး၊ ပုဇွန်၊ ရေလုပ်ငန်း (Fisheries)၊ ရေမြေ အရင်းအမြစ်များ (Land and Water Resources) စသည်တို့ အားလုံးပါဝင်ပါသည်။

ပုံ - ၁ ကမ္ဘာ့စိုက်ပျိုးရေးသီးနှံနှင့်မွေးမြူရေးသုတေသနဌာနများ

၂၀၁၁ ခုနှစ် တွင် အကျိုးတူပူးပေါင်းအဖွဲ့အစည်း (Consotium) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြင်သစ်နိုင်ငံ မွန်ပယ်လီယာမြို့ (Montpellier, France) တွင် ရုံးချုပ်တည်ရှိပါသည်။

ဤအဖွဲ့၏ ကမ္ဘာတဝှမ်း သုတေသန ဌာနများမှာ - 

(က) အပြည်ပြည်ဆိုင်ရာ အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသသီးနှံများ သုတေသနဌာန (ICRISAT – International Crop Research for Semi-Arid Tropics)

ဤဌာန၏ ရုံးချုပ်သည် အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့ (Hyderabad, India) တွင် ရှိပါ သည်။ 

သုတေသနပြုလုပ်နေသော သီးနှံများမှာ ကုလားပဲ (Chickpea)၊ ပဲစဉ်းငုံ (Pigeonpea)၊ မြေပဲ (Groundnut)၊ နှံစားပြောင်း (Sorghum) နှင့် ကုလားဆတ်၊ အခြားဆတ်များ (Pearl millet, Finger millet, other Millets) တို့ ဖြစ်ပါသည်။ 

ပုံ - ၂ သုတေသနဌာနရုံးချုပ်ရှိရာ အိန္ဒိယနိုင်ငံ ဟိုဒရာဘတ်မြို့

ဤဌာန ကို ၁၉၇၂-ခုနှစ်တွင် ဖို့နှင့်ရော့ကဖဲလားဖေါင်ဒေးရှင်း (Ford and Rockefeller Foundations) များမှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ပဋိဥာဏ် (Charter) ကို ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့မှ လက်မှတ်ရေးထိုးထားပါသည်။

သုတေသနဌာန၏ ဆောင်ရွက်ရန်အစီအစဉ်များ (Mandates) မှာ - 

(က) ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုကို ကျော်လွှားရန် (Overcoming Poverty and Hunger)

(ခ) အစာအာဟာရချို့တဲ့မှုကို လျှော့ချရန် (Reducing malnutrition)

(ဂ) ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန် (Preventing Environmental Degradation)

(ဃ) အမျိုးသမီးများစွမ်းရည်မြှင့်တင်ရန် (Empowerment of Women)၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် (Coping with Climate Change)၊ ဒီဂျစ်တယ်စိုက်ပျိုးမွေးမြူရေးစနစ်သို့ ပြောင်းလဲသွားရန် (Changing Digital Agriculture)  စသည်တို့ပါဝင်ပါသည်။

ကမ္ဘာပေါ်တွင် မိုးကောင်းသောက် အခြောက်သီးနှံ/ယာသီးနှံ (The Drylands) အပေါ်မှာ လူဦးရေ ၂.၁ ဘီလီယမ် (2.1 Billion People) အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့်၊ ဝင်ငွေနည်းပါးသော နိုင်ငံများ (Low- and middle-income countries) ၉၀ ရာခိုင်နှုန်း ကျော်ကျော် ပါဝင်ပါသည်။ ထိုအထဲမှ လူဦးရေ တဝက်ကျော်ကျော်က အရင်းအနှီးနည်း လုပ်ကွက်ငယ် တောင်သူများစွာ (Resource-poor and Smallholder Farmers) ပါဝင်နေပါသည်။ 

ဤသုတေသနဌာနက အာရှ၊ အာဖရိကတိုက်နိုင်ငံများရှိ အခြောက်သီးနှံများဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်ပါသည်။ ဤဒေသများရှိစိုက်မွေးနည်းစနစ်များ (Farming Systems) က စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငတ်မွတ်ခေါင်းပါးမှု (Hunger)၊ ဆင်းရဲမွဲတေမှု (Poverty)၊ အစာအာဟာရမလုံလောက်မှု (Food Insecurity)၊ ရာသီဥတုပြောင်းလဲမှု (Climate Change)၊ ရေမလုံလောက်မှု (Water Scarcity)၊ အာဟာရဓာတ်ချို့တဲ့မှု (Malnutrition)၊ မြေယာများ ပျက်စီးဆုံးရှုံးမှု (Land Degradation) နှင့်ကျား၊ မ အခွင့်အရေးမညီမျှမှု (Gender Inequality) တို့ ဖြေရှင်းရန်ပါဝင်ပါသည်။

 

ပုံ - ၃ သုတေသနဌာန ဆောင်ရွက်မည့် အစီအမံများ

ရည်ရွယ်ချက် (The Institute Aims) က တောင်သူများရေရှည်တည်တံ့ခိုင်မြဲမှု (Farmer Sustainability)၊ စားသုံးသူများကျန်းမာစေမှု (Consumer Health)၊ ပတ်ဝန်းကျင်ပျက် စီးမှုနည်းပါးပြီး ရေရှည်တည်တံ့မှု (Environmental Sustainability) များဖြစ်စေရန် ဦးစားပေးပြီး ဆောင်ရွက်နေပါသည်။ 

သုတေသနနည်းပညာ နယ်ပယ် ၃ ခု (Three Global Research Domains) မှာ 

(က) ရည်ရွယ်ပြဌာန်းထားသောသီးနှံများ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်လာစေခြင်း (Accelerated Crop Improvement)

သီးနှံများ ဗီဇကို ပြုပြင်ပြောင်းလဲပြီး ဒေသတွင်း သင့်တော်သော၊ အထွက်ကောင်း အကျိုးရှိနိုင် သီးနှံမျိုးသစ်နှင့် စပ်မျိုးများ (New Varieties and Hybrids available for Farmers) ရရှိနိုင်စေရန် လုပ်ဆောင်နေပါသည်၊ လိုလားအပ်သော လက္ခဏာများ (Desirable Traits) မှာ အထွက်ကောင်းခြင်း (Increased Yield)၊ အာဟာရဓာတ် အရည်အသွေးကောင်းမွန်မှု (Better Nutritional Quality)၊ ဇီဝနှင့် ဇီဝမဟုတ်သော ဖိအားဒဏ်များ ကိုကြံ့ကြံ့ခံနိုင်မှု (Enhanced Resilience to Biotic and Abiotic Stresses) စသည်တို့ကို မွေးမြူထုတ်လုပ် နေပါသည်။ ခေတ်မီနည်းပညာများဖြစ်သော ဂျီနုံးအခြေခံပြီးရွေးချယ်မှု (Genomic-Assisted Selection)၊ ဗီဇတည်းဖြတ်မှု (Gene Editing)၊ မြန် ဆန်သော အပင်မွေးမြူမှုများ (Speed Breeding) စသည်တို့ ကို အသုံးပြုနေပါသည်။

တစ်ခြားအစီအစဉ်များမှာ - ဗီဇဘဏ် (Gene Bank)၊ ဆဲလ်၊ မော်လီကျူးဇီဝဗေဒ နှင့်ဗီဇ အင်ဂျင်နီယာပညာ (Cell, Molecular Biology and Genetic Engineering)၊ သီးနှံ ဇီဝ ကမ္မဗေဒနှင့် သီးနှံပုံထုတ်ပညာ (Crop Physiology and Modelling)၊ ဂျီနုံး၊ ဇီဝဆိုင်ရာ အချက်အလက်ပညာ (Genomics and Bioinformatics)၊ အပင်ကာကွယ်ရေးနှင့် မျိုးစေ့ ကျန်းမာရေး (Crop Protection and Seed Health)၊ သီးနှံပင်မွေးမြူရေး (Crop Breeding) နှင့် မျိုးစေ့ထုတ်လုပ်မှုနည်းစနစ်များ (Seed Production Systems) စသည် တို့များစွာပါဝင်ပါသည်။

(ခ) စိုက်ကွင်းနှင့်အစားအသောက်များ စနစ်ကို ကြံ့ကြံ့ခံနိုင်စေခြင်း (Resilient farm and Food Systems)

ဤအစီအစဉ်သည် ကြံ့ခိုင်နိုင်သောကျေးလက်ဒေသစနစ်များ (Resilience of Rural Systems)၊ အလုပ်အကိုင်ပေးနိုင်သော အသုံးချအပင်သိပ္ပံပညာများ (Employing Plant Sciences)၊ လယ်ယာသီးနှံပညာ (Agronomy)၊ နည်းပညာဖွံ့ဖြိုးတက်မှု (Technology Development) တို့ နှင့် ခေတ်မီစိုက်ပျိုးမြေ၊ စိုက်ပျိုးရေတို့ စနစ်တကျစီမံခန့်ခွဲခြင်း မဟာဗျူဟာ (Advancing Agricultural Land and Water Management Strategies) တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

တစ်ခြား အစုအဖွဲ့အစီအစဉ်များ (Clusters) မှာ အကရီဆက် ဖွံ့ဖြိုးမှုဌာနခွဲများ (ICRISAT Development Centres)၊ ရာသီဥတုဒဏ်ကြံ့ခိုင်စေခြင်းနှင့် လျော့ပါးသက်သာစေခြင်း (Climate Adaptation and Mitigation)၊ မြေယာပြုပြင်ခြင်း၊ မြေဆီဩဇာပြည့်ဝခြင်းနှင့် ရေစီမံခန့်ခွဲခြင်း (Landscapes, Soil Fertility and Water Management)၊ ပထဝီဆိုင်ရာ သတင်းအချက်အလက်သုတေသနများ (Geospatial and Big data Sciences)၊ ဒစ်ဂျစ်တယ်စိုက်ပျိုးမွေးမြူရေးစနစ် (Digital Agriculture) တို့ ဖြစ်ပါသည်။

(ဂ) ပြုပြင်ပြောင်းလည်းနိုင်သောစနစ်များ ဖြစ်ပေါ်စေခြင်း (Enabling Systems Transformation)

ဤစနစ်က မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Policy Reforms)၊ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှု (Institutional Changes)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စွန့်ဦးတီထွင်မှု (Agri-Entrepreneurships Solution) စသည်တို့ပါဝင်ပါသည်။ 

အောက်ဖော်ပြပါ အစုအဖွဲ့ အစီအစဉ်များ (Clusters) မှာ - ဈေးကွက်၊ အဖွဲ့အစည်းနှင့်မူ ဝါဒများ (Markets, Institutions and Policies)၊ ကျားမနှင့်လူငယ်များ (Gender and Youth)၊ စိုက်ပျိုးကူးသန်းရောင်းဝယ်ရေးနှင့် တီထွင်မှုဆိုင်ရာစင်္ကြန် (Agribusiness and Innovation Platform)၊ ဗဟုသုတနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု (Knowledge and Capacity Development)၊ အာဟာရဓာတ်၊ အတိုင်းအချင့်အမူအကျင့်များနှင့် ခေတ်မီအစားအစာများ (Nutrition, Dietary Behaviors and Smart Foods)၊ နည်းပညာ လက်ခံနိုင်မှုနှင့် ထိရောက်သောစီစစ်ချက်များ (Technology Adoption and Impact Analysis)  စသည်တို့ဖြစ်ပါသည်။

ဤဌာန၏မျိုးဗီဇဘဏ် (ICRISAT Gene Bank) တွင်

(က) ကုလားပဲ မျိုးပြားပေါင်း (Chickpea Accessions) - ၂၁၅၉၄-ခု

(ခ) မြေပဲ မျိုးပြားပေါင်း (Groundnut Accessions)  - ၁၅၄၄၅-ခု

(ဂ) ပဲစဉ်းငုံ မျိုးပြားပေါင်း (Pigeonpea Accessions) - ၁၃၆၃၂-ခု စသည်တို့ရှိပါသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနဌာန၏ မျိုးစေ့ဘဏ် (Seed Bank) တွင်လည်း မြန်မာနိုင်ငံရှိ ပဲမျိုးစုံ ဒေသမျိုးများ အပါအဝင် မျိုးရိုင်းများ (Wild Types) ထိန်းသိမ်းထား ရှိပါသည်။

ပုံ - ၄ ဗီဇဘဏ် ထဲရှိသိုလှောင်ထားသောမျိုးစေ့များ

 

ဤဗီဇမျိုးများစွာကို အသုံးပြု၍ အပူပိုင်းနှင့်အပူလျော့ပိုင်းရှိ လုပ်ကွက်ငယ်၊ အရင်းအနှီး နည်း တောင်သူယာသမားများအတွက် အောက်ပါသုတေသနများစွာ ပြုလုပ်ပေးနေပါသည်။

(၁) အထွက်ကောင်း၊ အဆင့်မှီမျိုးများ မွေးမြူပေးခြင်း (Breeding for Improved Varieties) ဥပမာ - အထူးသဖြင့် ရာသီဥတုပြောင်းလည်းမှုကြောင့် မိုးရွာသွန်းမှုနည်းပါးလာသော အပူပိုင်းဒေသများ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများ (Drought Tolerance)၊ ပိုးမွားရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများ (Disease and pest Resistance) စိစစ်ရွေးချယ်ပေးခြင်း - ကုလားပဲပင်ဖျူစေရီယမ်အပင်ညှိုးရောဂါ (Chickpea Fusarium Wilt)၊ မြေပဲသံချေးမှိုရောဂါ (Groundnut Rust)၊ ပဲစဉ်းငုံမိုစိတ်ဗိုင်းရပ်စ်ရောဂါ (Pigeonpea Sterility Mosaic) စသည့် ဒေသတွင်းတွင် ဆိုးဝါးစွာကျရောက်သော ရောဂါများကို ခံနိုင်ရည်ရှိသောမျိုးများ ၊ အထွက်ကောင်း သက်တန်းတိုသော မျိုးများ (High Yield and Early Maturity) ဖော်ထုတ်ပေးနိုင်ခဲ့ခြင်း၊ 

ပုံ - ၅ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများရွေးချယ်ခြင်း

(၂) ဂျီနုံးမစ်နှင့် မော်လီကြူးဆိုင်ရာအပင်မွေးမြူရေး (Genomics and Molecular Plant Breeding) ဗီဇအပေါ်အခြေခံပြီး လိုအပ်သောလက္ခဏာများကို ဆွဲယူထုတ်လုပ်ကာ မြေပုံထုတ်လုပ်ခြင်း (Genome Mapping)၊ ညွှန်မှတ်အကူအပင်ရွေးချယ်ခြင်း (MAS – Marker-Assisted Selection) စသည်တို့ဆောင်ရွက်ပေးနိုင်ခြင်း၊

(၃) ကျန်းမာရေးကောင်းစေနိုင်သည့်အာဟာရဓာတ်များ အပင်များတွင်ပိုမိုဖြစ်ထွန်းစေခြင်း (Nutritional Improvement) ဇီဝနည်းအားဖြင့် အာဟာရဓာတ်များပံ့ပိုးပေးနိုင်မှု (Biofortification) ဥပမာ - ကုလားပဲ၊ ပဲစဉ်းငုံတို့တွင် ပရိုတင်းဓာတ်များစွာ ပါဝင်နိုင်စေခြင်း (Increasing Protein Content in Chickpea and Pigeonpea)၊ မြေပဲတွင် အ‌ရေအသွေးကောင်းဆီပါဝင်မှုများစေခြင်း (Enhancing Oil Quality in Groundnut)

(၄) ပြောင်းလဲနေသောရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေခြင်း (Climate Change Adaptation) အပူဒဏ်၊ ဆားငံဒဏ်ခံမျိုးများ (Heat and Salinity Tolerance) မွေးမြူခြင်း၊ သီးနှံပုံစံတု ဖန်တီးမှုပုံစံများ (Crop Simulation Models) ဆောင်ရွက်၍ အပင်မွေးမြူနေခြင်း၊

(၅) ဗီဇကွဲပြားမှုပြုပြင်ထိန်းသိမ်းခြင်းနှင့်အသုံးချခြင်း (Conservation and Utilization of Genetic Diversity) ဗီဇမျိုးကွဲများစွာစုဆောင်းမှု (Core and Mini-core Collection)၊ အပင်မွေးမြူရန် ကြိုတင်လုပ်ငန်းများဆောင်ရွက်မှု (Pre-Breeding procedures) တို့ပြုလုပ်ခြင်း၊

(၆) ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးမွေးမြူရေး (Sustainable Agriculture) စိုက်ပျိုး မွေးမြူရေးဆိုင်ရာဂေဟဗေဒလေ့လာမှု (Agroecological Studies)၊ သီးညှပ်စိုက်ပျိုးမှု နည်းစနစ်များ (Inter-cropping Systems) ဆောင်ရွက်ပေးခြင်း၊

(၇) မျိုးစေ့ထုတ်လုပ်မှုစနစ်နှင့်တောင်သူကိုယ်တိုင်ပါဝင်သောနည်းစနစ်များ (Seed Systems and farmer-Participatory Research) တောင်သူပါဝင်သော မျိုးရွေးချယ်မှု နည်းစနစ်များ (PVS – Participatory Variety Selection)၊ မျိုးကောင်းမျိုးသန့်များ ဖြန့် ဖြူးပေးမှုများ (Seed Multiplication and Distribution) စသည်တို့ဆောင်ရွက်နေပါ သည်။

(မှီငြမ်းစာအုပ်များ/စာတမ်းများ) References

Gaur, P.M.; Tripathi, S.; Gowda, C.L.L.; Rao, G.V.R.;; Sharma; H.C.; Pande, S. and Sharma, M. (2010) Chickpea Seed Production Manual. ICRISAT. 22p.

ICRISAT (1997) Growing Chickpea in India. ICAR and ICRISAT. 55p.

Milliano, W.A.J.; Frederiksen, R.A. and Bengston, G.D. (1992) Sorghum and Millets Diseases: A Second World Review. ICRISAT. 370p.

Pande, S.; Stevenson, P.C.; Neupane, R.K. and Grzywacz, D. (2005)  Policy and Strategy for Increasing Income and Food Security through Improved Crop Management of Chickpea in Rice fallows in Asia. ICRISAT. 256p.

Poorran, M.G. (2010) Chickpea Seed Production Manual. ICRISAT. 22p.

Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.

ကိုကို, ဒေါက်တာ (၂၀၁၇) ပဲမျိုးစုံတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ရောဂါများအား ကာကွယ်နှိမ်နှင်းနည်း၊ ဖြူသဇင်စာပေ၊ ၁၃၆-မျက်နှာ 

(ဦးစိုးဝင်းမောင်၊ အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းဇယားများ အတွက်၎င်း၊ ဒေါက်တာ ကြည်မိုး၊တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဒေါက်တာကျော်စွာဝင်း၊ ဒုညွန်ကြားရေးမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား၎င်း ကျေးဇူးတင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်