ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)

30/03/2023 13:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြန်မာ့စပါးစိုက်တောင်သူလယ်သမားတွေဟာ မျိုးကနေ ဓာတ်မြေဩဇာဈေးနှုန်းထိ၊ နောက်ဆုံး သီးနှံဈေးကွက်ထိ စသဖြင့် ရိုက်ခတ်မှုပေါင်းစုံကို ခံစားကြရပါတယ်။ ဒီထဲမှာ ရာသီဥတုဒဏ်ကလည်း မဖြစ်မနေ ရင်ဆိုင်ကြရတဲ့ပါဝင်နေတာပါပဲ။ 

စစိုက်တဲ့အချိန်ကနေ စပါးဖြစ်ပြီး ရိတ်သိမ်းပြီးချိန်အထိ ရာသီဥတုဒဏ်ကို ခံကြရတာပါပဲ။ စိုက်ပျိုး ထုတ်လုပ်ချိန်အတွင်း ဆုံးရှုံးမှုတွေဟာ သိသာထင်ရှားလို့ သတိပြုကာကွယ်တတ်ကြပေမဲ့ ရိတ်သိမ်း ချိန်လွန်ကာလနောက်ပိုင်း တချို့ဆုံးရှုံးမှုတွေကိုတော့ သိသိသာသာ သတိမပြုမိကြတော့ပါဘူး။ ဒီထဲ မှာ စပါးကနေ ဆန်အဖြစ်ကြိတ်ခွဲချိန်မှာ လေလွင့်ဆုံးရှုံးမှုတွေဟာလည်း ပြဿနာကြီးကြီးမားမား တစ်ခုအဖြစ် ပါဝင်နေပါတယ်။

ဆိုတော့ ဒီပြဿနာကိုကျော်လွှားပြီး ဆန်ထွက်ကောင်းဖို့၊ အရည်အသွေးကောင်းဖို့ဆိုရင် စပါးအခြောက်ခံစက်တွေကလည်း အရေးပါလာပါတယ်။ ဆိုတော့ ဒါတွေဟာ ဘယ်လောက် အရေး ကြီးသလဲ၊ လေလွင့်ဆုံးရှုံးမှုတွေကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲဆိုတာတွေအပေါ်  အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနရဲ့ မြန်မာပြည်အတိုင်ပင်ခံအဖြစ်တာဝန်ယူခဲ့သူ၊ လက်ရှိမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဌဖြစ်သူ၊ ပိုင်အိုးနီးယားသီးနှံအခြောက်ခံစက်လုပ်ငန်းကို မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ကျော်ရဲ့အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

အပိုင်း(၁) မှာတော့ အခြောက်ခံစက်တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒေါက်တာမျိုးအောင်ကျော်က သူ့ရဲ့နိုင်ငံတကာအတွေ့အကြုံ တွေနဲ့ ယှဉ်တွဲပြောပြထားပါတယ်။ အောက်ပါလင့်ကနေ ဝင်ရေောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Interview_U_Myo_Aung_Kyaw_1

အခု အပိုင်း(၂) မှာတော့ နောက်ထပ်မေးခွန်းအချို့ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မေး။ မြန်မာနိုင်ငံတစ်ဝန်းက ကုန်သည်စက်ပိုင်တွေရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းအရ အခြောက်ခံစက်တွေ လိုအပ်တဲ့အနေထားမျိုးတွေ တွေ့ရလား။

ဖြေ။ စက်တွေကတော့ လိုကိုလိုတယ်။ ဥပမာလေးတစ်ခုပြောရရင် ဆရာဗီယက်နမ်မှာသွားပြီး သင်ခဲ့စဉ်တုန်းကဆိုလို့ရှိရင် ဗီယက်နမ်ရဲ့ မဲခေါင်ဒေသမှာတင် အလုံးပေါင်း ငါးတန်ကျစက်ကြီးပဲ ခုနှစ်ထောင်၊ ရှစ်ထောင်လောက်ရှိတယ်။ အဲ့ဒါက သူတို့နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို ဆွဲတင်သွားတဲ့ပစ္စည်းပဲ။ ဘာကြောင့်လဲ၊ သူ့ဒေတာအရ ဆရာပြောရရင် ၁၉၈၀ မှာ သူတို့နိုင်ငံရဲ့ Political Change ပေါ့။ ဒွိုင်မွိုင်းဆိုတဲ့ စီးပွားရေးပေါ်လစီအပြောင်းမှာ အဲ့ဒီဟာကြောင့်တိုးတက်မှုလမ်းကြောင်းကမှန်သွားတာ။

ရှေးခေတ်ကဆိုရင် ၁၉၈၀ မတိုင်ခင်က ပြည်တွင်းစစ်တွေဖြစ်တယ်။ အမေရိကန်နဲ့လည်း ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့စားနပ်ရိက္ခာတွေမလောက်လို့ မြန်မာပြည်ကဆန်တောင် ရောင်းခဲ့ရဖူးတယ်။ အဲ့လောက်အထိ ဖြစ်ခဲ့တယ်။ ၈၀ လည်းကျရော သူတို့က ပေါ်လစီပြောင်းသွားပြီးတဲ့အခါကျတော့ သူတို့နိုင်ငံကဒီ Research နဲ့ R and D အပိုင်းတွေကို ဟိုဟာဖြစ်ရင်းနဲ့ စပါးအခြောက်ခံစက်တွေရဲ့ Drying အပိုင်းတွေ Research လုပ်ဖို့ကို Ph.D လည်း ဂျာမန်ကိုလွှတ်တယ်။ ပြီးရင် ဒီမှာလည်း သုတေသနတွေလုပ်တယ်။ အဲ့ဒီ အင်စတီကျုကတော့ ဒါ ဟိုချီမင်းစီးတီးမှာရှိတယ်ပေါ့။

အဲ့ဒီဌာနက လေ့လာမှုအရတော့ ၁၉၈၀ မှာ အခြောက်ခံစက်တစ်လုံးမှ မရှိဘူး။ သူတို့ရဲ့ ဆန်စပါးထုတ်လုပ်မှုက မဲခေါင်ဒေသရဲ့ ဆန်စပါးထုတ်လုပ်မှုက ၅.၆ သန်းလောက်ပဲ ရှိတယ်။ တန်ချိန်။ အဲ့မှာကနေ သူတို့ တဖြည်းဖြည်း အခြောက်ခံစက်တွေကို နှစ်အလိုက်တိုးရင်းတိုးရင်းနဲ့ ခုနပြောခဲ့တဲ့ ဆရာတို့သွားခဲ့တဲ့ ၂၀၀၅၊ ၂၀၀၆ လောက်လည်းကျရော အလုံးက အဲ့ကောင်က ငါးထောင်၊ ခြောက်ထောင်လောက်ဖြစ်သွားပြီ။

အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့ ထုတ်လုပ်မှုသည် ဘယ်လောက်အထိတက်သွားလဲဆိုရင် ၁၆.၅ သန်းလောက် ဖြစ်သွားတယ်။ ၃ ဆလောက်တက်သွားတယ်။ သူတို့မှာက Wet Season Rice Production (မိုးစပါး)၊ Dry Season Rice Production (နွေစပါး) သူတို့က Wet နဲ့ Dry ပဲ။ အဲ့တော့ Wet Season Rice Production (မိုးစပါး) က ဒီကောင်တွေကြောင့်အများကြီးတက်သွားတယ်။ မိုးကာလအထွက်ပေါ့နော်။

အဲ့လိုဆိုတဲ့အတွက်ကြောင့် ဒီထွက်လာတဲ့ဟာတွေကို ဘယ်လောက်ပမာဏ စက်နဲ့ခြောက်သလဲဆိုတာကို သုတေသနလုပ်လိုက်တဲ့အခါကျတော့ စုစုပေါင်းထုတ်လုပ်မှုရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ စက်နဲ့ခြောက်တာ။ သူတို့က နေသာရင်နေနဲ့လှန်းမယ်ပေါ့။ ဒါကြောင့်မို့လို့ သုံးဆယ်ရာခိုင်နှုန်းပဲ စက်နဲ့ခြောက်တာပေါ့။ တကယ်တမ်းတော့ထုတ်လုပ်မှုပမာဏကို ကာမိအောင် သူက တော်တော်လေး Secure (ပြန်ကာ) လုပ်တယ်ခေါ်တာပေါ့နော်။ ဒီသီးနှံတွေ ဒုက္ခမရောက်အောင် Ready ရှိတယ်။

ဒါပေမဲ့ တောင်သူတွေကအကုန်လုံးခြောက်ချင်မှ ခြောက်တယ်။ နေသာရင် နေနဲ့လှန်းတယ်။ ပြီးစက်နဲ့လည်းရာသီမကောင်းရင်လှန်းတယ်။ အဲ့တော့ စုစုပေါင်း သုံးဆယ်ရာခိုင်နှုန်းလောက်ပဲခြောက်တယ်ဆိုတာ ဆရာလေ့လာလို့ရတယ်။ အဲ့တော့ သူတို့ရဲ့ထုတ်လုပ်မှုက သုံးဆလောက်ဆွဲတင်သွားတယ်ဆိုတာ သမီးစဉ်းစားကြည့် ဘယ်လောက်အထိ ဒီဟာတွေရဲ့အခန်းကဏ္ဍက အရေးကြီးလဲ။ အဲ့တော့ ဆရာ့အနေနဲ့ကတော့ အလုံးဘယ်လောက်လဲဆိုရင် မဲခေါင်ဒေသမြစ်ဝကျွန်းပေါ်သည် ဆရာတို့ ဧရာဝတီထက်တောင် သေးတယ်။ အဲ့လိုနေရာလေးတောင်မှ အလုံး ခုနှစ်ထောင်၊ ရှစ်ထောင်။ ကျန်ခဲ့တဲ့ ၁၇ နှစ်၊ ၁၈ နှစ်က။ အခုဆိုရင်တော့ပိုပြီ။ အများကြီးပဲ။ 

အဲ့တော့ ဆရာတို့ဆီမှာရော ဘယ်လောက်လောက်ရှိလဲဆိုရင် ဆရာ့ရဲ့တွက်ချက်မှုအရ ဆရာထုတ်လုပ်တဲ့အပိုင်းမှာတော့ တစ်ထောင်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။ အရမ်းနည်းပါတယ်။ တစ်ပြည်လုံးအတိုင်းအတာမှ တစ်ထောင်ပတ်ဝန်းကျင်ပဲရှိတယ်။ ဒါပေမဲ့ ဒီဒေသမှာ မြန်မာပြည်ရဲ့စနစ်က ဘာလဲဆိုတော့ လာပြီးတော့ တိုင်းကြထွာကြနဲ့ တုကြတာပေါ့နော်။ တုကြတယ်။ ဆရာ့အနေနဲ့လည်းမဟန့်တားချင်ပါဘူး။ ဒါအဆိုးရွားဆုံးအခြေအနေကနေ တစ်ခုခုလေးကောင်းရင်ကို ဆရာကျေနပ်ပါတယ်။ Something is better than Nothing ပေါ့နော်။ အဲ့တော့ဆရာ့အနေနဲ့ကတော့ လုပ်တယ်ဆိုရင် စနစ်ကျဖို့လိုတယ်။ နည်းပညာနားလည်ဖို့၊ ဒီဟာတွေတော့ကြိုးစားကြဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ စက်ကကြည့်လိုက်ရင်တော့ လွယ်လွယ်လေး။ ဘာအပျက်အစီးမှလည်းမရှိဘူး။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ စက်ကိုသုံးစွဲတဲ့သူတွေသည် နည်းပညာကိုနားလည်မှ၊ နားမလည်ရင် ခုနပြောတဲ့အကျိုးဆက်က ဆိုးရွားတာလေးတွေလည်းဖြစ်သွားနိုင်တယ်။ ဆုံးရှုံးတာတွေလည်း ထပ်ဖြစ်နိုင်တယ်။ အဲ့တော့ ဆရာတို့ကတော့ ဒီဟာကို စနစ်တကျသုံးစွဲစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မဟုတ်ရင် ဒီဟာက ဆရာတို့ထက်သက်သာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လိုက်လုပ်တဲ့အခါကျတော့ ပြဿနာကဘာလဲဆိုတော့ လုပ်ငန်းရှင်ပေါ်မှာပထမတော့သက်သာတယ်။ ဒါပေမဲ့ နောက်ဆက်တွဲတွေမှာ အရည်အသွေးမကောင်းတာတွေ၊ ပြသနာတက်တာတွေပေါ့နော်။ ပူခြစ်ပြီးတော့ ဖြစ်တာတွေ၊ ဒါတွေက ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာ အဟန့်အတားတွေအများကြီးဖြစ်တယ်။

လုပ်ငန်းကနေရတဲ့အကျိုးစီးပွားဖြစ်ပေါ်မှုက ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ ကျေနပ်လောက်အောင်မဖြစ်နိုင်ဘူး။ အဲ့တော့စနစ်တကျ စစချင်း ရင်းနှီးမြှုပ်နှံမှုပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုပမာဏလေးမှာ အနည်းငယ်များတယ်ဆိုပေမဲ့ ရေရှည်ကျရင် တာဝေးပြေးရတဲ့ကိစ္စတွေ၊ အဲ့လိုပြေးရရင် ကိုယ်ကတဖြည်းဖြည်း တဖြည်းဖြည်း ကျန်ခဲ့မှာ။ အဲ့ဒါကြောင့်မို့ အဲ့ဟာလေးကို လူတွေက ဘာသွားမြင်လိုက်လဲအခါကျတော့ နောက် ဆက်တွဲတွေမှာ လုပ်ငန်းပေါ်မှာသက်ရောက်မှုတွေအားနည်းကုန်တာ။

အဲ့တော့ဆရာ့အနေနဲ့ ပြောချင်တာကတော့ စနစ်ကျတဲ့သူ ဘယ်သူမဆို၊ ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်လို့ အခြောက်ခံတဲ့ နည်းပညာနဲ့ပတ်သက်လို့ ဆရာတို့တိုင်းပြည်မှာတော်တော်ကိုအားနည်းကြသေးတယ်။ အားနည်းတယ်ဆိုတာက ဒီသီးနှံတစ်ခုက ခြောက်ဖို့ဆိုတာ၊ သူ့မှာလေ Very Delicate (အရမ်းအနုစိတ်)၊ ဒီဟာလေးကို Micro Level (သေးသေးမွှားမွှားအဆင့်) အထိ နားလည်နိုင်ဖို့လိုတာပေါ့နော်။

အဲ့တော့ ဒီဟာတွေကိုနားမလည်တဲ့အတွက်ကြောင့် ပေးရတဲ့အပူချိန်တွေ၊ နောက် တစ်ခုက ဘာလဲဆိုတော့ လုပ်တဲ့လူတွေပေါ့နော်၊ သူကပန်ကာဆိုရင်ပြီးပြီဆိုပြီးတော့ ပန်ကာတိုင်းကို သုံးကြည့်ကြတယ်။ အမှန်တော့ ပန်ကာမှာလည်း လေအဟုန်များတာ၊ ဖိအားများတာ၊ ဒါတွေကိုလည်းသိဖို့လိုတာပေါ့။ နောက်စက်ရဲ့သဘာဝမတူရင် သုံးစွဲတဲ့ပန်ကာလည်းမတူတာတွေလည်း နားလည်ဖို့လိုတယ်။ အဲ့တော့ ဒီဘာသာရပ်တစ်ခုက အထူးပြုဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကြည့်လိုက်ရင် လွယ်တယ်ဆိုတဲ့ဟာသည် နောက်ဆက်တွဲတွေမှာ အလုပ်မဖြစ်တာတွေက သူတို့ရဲ့ ရလဒ်တွေပေါ့နော်။

ဒါကြောင့်မို့လို့ ဆရာပြောချင်တာက စနစ်တကျလုပ်ထားတဲ့ဟာတွေပေါ်မှာပဲ မှီခိုစေချင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ တချို့သောစက်ပိုင်တွေကျတော့ တီထွင်ဆန်းသစ်ချင်တဲ့စိတ်ရှိတယ်။ တစ်သက်လုံး ဆန်စက်အင်ဂျင်နီယာလို သီးသန့်မရှိတဲ့အခါကျတော့ သူတို့ဟာသူတို့ ဟိုလုပ်ဒီလုပ်နဲ့အမှားတွေက တစ်ဖြည်းဖြည်းပြန်ကောင်းလာတယ်။  ကောင်းလာတယ်ကနေ အရမ်းကောင်းလည်းရှိတယ်၊ လိမ်ဖယ်လိမ်ဖယ်နဲ့ မကောင်းတာတွေလည်းရှိတယ်။ အဲ့လိုနဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ဆရာဆိုရင်ဆန်စက်တွေသွားလိုက်ရင် ဘေးမှာ သံပုံကြီးတွေအများကြီးတွေ့ရတယ်။

ဒါကဘာလဲဆိုတော့လက်တည့်စမ်းတာ။ အမှန်ကဘာလဲဆိုရင် ကိုယ်စဉ်းစားရမှာက လုပ်ငန်းတစ်ခုငါခြောက်ချင်တယ်။ ဒီစက်ကိုနားလည်သူက လာဆင်ပေးလိုက်တယ်။ နည်းပညာတွေ သင်လိုက်တယ်။ ဒီဟာကိုစသုံးလိုက်ရင် အကျိုးရှိမယ်။ ဆရာကဖြစ်စေချင်တာ။ ဒါပေမဲ့ သူတို့က တီထွင်ချင်တဲ့စိတ်ဓာတ်တွေရှိတဲ့အခါကျတော့ ဟိုလုပ်ဒီလုပ်ပေါ့နော်။ တစ်ခါတလေ ဆရာတို့စနစ်တကျနဲ့ လုပ်ထားတဲ့စက်တောင်မှ သူတို့က ဟိုလုပ်ဒီလုပ်နဲ့ ပိုကောင်းသလိုလိုဘာလိုလိုနဲ့၊ အဲ့အခါကျတော့ ဆရာတို့လည်းဘာမှ မပြောချင်တော့ဘူး။

တကယ်တမ်းတော့ဆရာတို့စိတ်မှာ အများကြီးပြောချင်ပေမဲ့ တချို့က လက်မခံနိုင်တဲ့အခါကျတော့ ဆရာတို့မပြာတော့ဘူး။ ဒါကလည်း ဘာလဲဆိုတော့ နည်းပညာဆိုတာပေါ့သေးသေးလေးမဟုတ်ဘူး။ နက်ရှိုင်းတဲ့ဟာတွေရှိတယ်ဆိုတာ ဆရာ့အနေနဲ့ သိစေချင်တယ်။ ဒီလိုခဏပန်းလေးအမြင်နဲ့ ဟုတ်ပြီလို့ထင်လို့မရတာတွေ အများကြီးပဲ ရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဆရာတို့က အခြောက်ခံစက်လုပ်တဲ့ကာလတွေမှာ ဒီမြန်မာပြည်ရဲ့သုံးစွဲမှုက လိုသေးတယ်။ လိုသေးတယ်၊ ဘာလဲဆိုတော့ လုပ်ငန်းရှင်တွေတောင်မှ အကုန်မဟုတ်သေးဘူး။ ကြုံသလို။

တချို့ကျတော့လည်း နေလှန်းလို့ရတယ်ဆိုတဲ့စိတ်နဲ့ သူတို့ကလှန်းကွင်းကိုပဲလုပ်ချင်ကြတယ်။ အဲ့လှန်းကွင်းကြီးလုပ်ပြီး လှန်းကွင်းအကျယ်ကြီးနဲ့ သူတို့ကျေနပ်နေကြတယ်။ အဲ့တော့ ဒါသည်လည်း အခုလိုရာသီဥတုပြောင်းလဲလာတဲ့ကာလမှာဆိုရင် ဒါတွေက စိန်ခေါ်မှုတွေအများကြီးဖြစ်သွားတယ်။ သူတို့ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်းပြောရင် ကြုံဖူးမှာပဲ။ အနည်းနဲ့အများတော့ကြုံတယ်။ ဘာလို့လဲဆိုတော့ မိုးကအခုနေပူပေမယ့် ခဏအကြာအုံ့လာရင် ကြုံးလိုက် ကြုံးလိုက်ဆိုတော့ ဒါကြီးကချက်ချင်းသိမ်းလို့မရဘူး။ ကြုံးနေရင်းနဲ့ နေပြန်ပွင့်သွားတယ်၊ ဟာပြန်ဖြန့် ပြန်ဖြန့်၊ အဲ့အချိန်မှာ ဝုန်းဆို မိုးကရွာချတယ်။ ဆရာကိုယ်တိုင်လည်း ကြုံဖူးလို့၊ ဆရာဒီအခြောက်ခံစက်တွေကိုနားမလည်တော့ ဆရာကြုံဖူးတယ်။ အဲ့အခါကျတော့ လူတိုင်းကလည်း ဒီလိုအနည်းနဲ့အများကြုံကြမှာပဲ။ ဒါကြောင့်မို့လို့လိုအပ်ချက်တွေရှိတယ်။

နောက်တစ်ခုကဘာလဲဆိုတော့ ဒီလိုခြောက်ခံစက်ကတော့ Commercialization ပေါ့နော်။ Commercial Scale ကို သွားနေတာ ဆရာတို့က။ နောက်တစ်ခုက ဘာလဲဆိုတော့ Individual Grassroot Farmer (တစ်နိုင်တပိုင်လယ်သမား) တွေအတွက်လည်း ဆရာအစီအစဉ်ရှိပါတယ်။ ဒါလေးလည်းလုပ်ဖို့ ဆရာအစီအစဉ်ရှိတယ်။ စိတ်ဝင်စားတဲ့သူတွေ ဒီလိုလှူချင် တန်းချင်တဲ့သူတွေရှိရင်လည်း ဆရာ့အနေနဲ့ ဒါတွေကိုကူညီလို့ရတယ်။ ဆရာ့မှာ အိုင်ဒီယာတွေရှိတယ်။ လယ်သမားငယ်တွေအတွက်။

ဒါလေးတွေက ရှင်းရှင်းပြောရရင် နောက်တစ်ခုက Farm ဆိုတာ ဥပမာ ဆရာတို့ဧရာဝတီတိုင်းဆိုရင် နေရာတိုင်း သွားရေး လာရေးက မပေါက်ဘူး။ မပေါက်တော့ ဒီသီးနှံတွေက Delay (ကြန့်ကြာ) ဖြစ်နေမယ်ဆိုရင် သူကပျက်စီးမယ်။ အဲ့လိုအချိန်မှာ ဟိုမှာ အနိမ့်ဆုံးတော့ ၁၈ ရာနှုန်းလောက်အထိခြောက်လိုက်ပြီဆိုရင် ဒီကောင်သည် လယ်ကွင်းကနေပြီးတော့ စက်ရုံအတွင်းရောက်ဖို့က နှစ်ပတ်အတွင်း ဘာမှမဖြစ်တော့ဘူး။ ဒါကြောင့်မို့လို့ Small Scale (အသေးစား)လေးတွေလည်း တစ်ခါလုပ်ရင် တင်းငါးဆယ်ပတ်ဝန်းကျင်လေးတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ ဈေးသိပ်မကြီးတဲ့ဟာလေးတွေ ဆရာ လုပ်ဖို့အစီအစဉ်ရှိပါတယ်။

မေး။ အစိုဓာတ်ပေါ်မှာမူတည်ပြီး သီးနှံဈေးနှုန်းသတ်မှတ်တာတွေက ဘယ်လိုပြောင်းလဲသွားလဲ။ တောင်သူတွေက ဘယ်လောက်အထိ နစ်နာဆုံးရှုံးမှုတွေရှိလဲ။

ဖြေ။ ဆရာ့အနေနဲ့ကတော့ အဲ့နေရာမှာ နှစ်ဦးနှစ်ဖက်ကြားမှာပေါ့နော်။ ဆရာက ပြောချင်တာ၊ ဘာကြောင့်လဲဆိုတော့တောင်သူလည်းလုပ်သာကိုင်သာ တစ်ဖက်က လုပ် ငန်းရှင်လည်း အဲ့နှစ်ခုကြားမှာလည်း တစ်ဖက်နဲ့တစ်ဖက်က အပြန်အလှန်တွေရှိတယ်။ ဘယ်လိုခေါ်မလဲဆိုတော့ စက်ပိုင်ကခံရတဲ့အခါကျတော့ သူကမခံရအောင်လုပ်ရတာကိုး။ နောက် တောင်သူကလည်း စက်ပိုင်ကလုပ်တဲ့အခါကျတော့ မခံရအောင် အဲ့လိုနည်းမျိုးစုံနဲ့အဲ့လို။

အဲ့နေရာမှာ Fair and Square (ရိုးရိုးသားသား မှန်မှန်ကန်ကန်) ဖြစ်ဖို့က အဲ့နေရာမှာ ခုန Instrumentation (ကိရိယာပစ္စည်း)တွေ လိုတယ်။ ဥပမာ ဆရာတို့ရဲ့ အစိုဓာတ်တိုင်းကိရိယာတွေ ရောက်လာတယ်။ အစိုဓာတ်ဘယ်လောက်ရှိလဲ၊ ရှိတဲ့ဟာကနေ သူက အလေးချိန်လျော့သွားမှာတွေ ရှိတယ်။ နောက်တစ်ခုက အခြောက်ခံတဲ့စရိတ်တွေရှိတယ်။ အဲ့ဒါကြောင့်မို့လို့ အလေးချိန်လျော့သွားတိုင်း ၊ တစ်မှတ်ကွာတိုင်း တစ်ရာခိုင်နှုန်းလျော့တိုင်း ၁.၁၊ ၁.၂ ရာခိုင်နှုန်းလောက်လျော့တယ်။

ဥပမာ - အစိုဓာတ် ၂၀ ကနေပြီးတော့ ဆယ့်လေးရာခိုင်နှုန်းထားမယ်ဆိုရင် ကွာခြားမှုက ‌ ခြောက်ရာခိုင်နှုန်းရှိတယ်။ ခြောက်ရာခိုင်နှုန်းက ၁.၂ နဲ့ မြှောက်လိုက်လို့ရှိရင် ၇ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်လျော့မယ်။ အဲ့တော့ ၇ ရာခိုင်နှုန်းလောက်လျော့ပြီဆိုရင် စပါးတစ်ရာလှမ်းတိုင်းမှာ ခုနပြောတဲ့ ၂၀ ကနေ ၁၄ အထိချမယ်ဆိုရင် ၇ တင်းတော့လျော့တယ်။

အဲ့အခါကျတော့ အဲ့နေရာမှာ စက်ပိုင်တွေအနေနဲ့ ဒီအလေးချိန်လျော့သွားတာကို ဘယ်လို Compensate (အစားပြန်ယူ) လုပ်မလဲ။ ဘယ်လိုပြန်ပြီးတော့ယူကြလဲဆိုတော့ တစ်အချက်ကဘာလဲဆိုတော့ အကြမ်းဖျင်းအစိုဓာတ်လေးတွေ သူတို့အတွေ့ အကြုံအရတော့ သိတယ်။ ဒါသည်လည်း ဆရာတို့ သီအိုရီအရနဲ့ နည်းနည်းလျော့တယ်ပေါ့နော်။ လျော့ပေမယ့် သူတို့ကဘယ်နေရာမှာပြန်လုပ်ထားလဲဆိုတော့ ပေါင်ပို၊ မြီးဆောင်းကို အလေးချိန်နဲ့ ပြန်လုပ်ထားတယ်။

ဥပမာ- အခုကတော့များသောအားဖြင့် အကြမ်းဖျင်းအားဖြင့် ပေါင်ငါးဆယ် တစ်တင်းပေါ့။ တစ်တင်းသတ်မှတ်ထားပြီးတော့ သူတို့က ၅၅ ပေါင်လောက် ယူလိုက်တယ်။ ဒါက ဒီအခြောက်ခံတဲ့အခါမှာ လျော့မယ့်ပမာဏအတွက်ကို ငါးပေါင် မြီးဆောင်းလုပ် တယ်။ ဈေးမှာလည်း စိုရင်စိုသလို သူတို့ Adjust လုပ်တယ်ပေါ့။ အဲ့တာကတော့ ဒေသ အလိုက် သူ့ဟာသူတော့ နှုန်းလေးတွေတော့ ရှိတယ်။ တကယ့်ကို တိတိကျကျသတ်မှတ်တာမရှိပေမယ့် သူ့ဒေသနဲ့သူ၊ သူ့အရပ်နဲ့သူကျတော့စက်ပိုင်တွေကြားမှာ သူ့ဟာသူရှိတယ်။

အဲ့နေရာမှာ တစ်ခုရှိတာကတော့ ဒီအလေးချိန်မခိုးဖို့ပေါ့နော်၊ အဲ့နေရာမှာကလည်းရှင်းရှင်းပြောရရင် ကတ္တားတွေကလည်း အခုနောက်ပိုင်းက ကုမ္ပဏီတော်တော် များများက သူတို့ကတ္တားရောင်းရရေးအတွက် တစ်ခါဘာဖြစ်ကြလဲဆိုတော့ ဆရာဘာဖြစ်ချင်လဲဆရာပေါ့နော်။ နည်းချင်လား၊ များချင်လား၊ အဲ့ဒါမျိုးပေါ့။

ဆရာကတော့ ဆရာ့ Moisture Meter တွေက ပွင့်ပွင့်လင်းလင်းပြောရင် ထိုင်းမှာဆိုရင် လုပ်တယ်။ ဆရာ့ဒီ တိုင်းပြည်မှာတော့ ဆရာ့အစိုဓာတ်တိုင်းကိရိယာသည် လုံးဝမဖြစ်စေရဘူး။ ဆရာကတိပေးတယ်။ လုပ်လည်းမလုပ်ဘူး။ ဒါသည်လည်း ဘာသာရေးအရလည်း မကောင်းဘူး။ မကောင်းတာသိတဲ့အတွက် ဆရာ ခိုးလည်းမပေးဘူး၊ ပိုလည်းမပေးဘူး။ လိုလည်း မပေးဘူး။ အမှန်အတိုင်းပဲ ဆရာကလုပ်တယ်။

အဲ့ဒါကြောင့်မို့ တစ်ချို့ဆိုရင် ဟိုဘက် ထိုင်းမှာဆိုရင် နှစ်ကြာလာတဲ့အခါကျတော့ ဒီဟာပေါ်မှာကစားတာတွေရှိတယ်။ Digital ကိုလေ။  ဥပမာ- သူကယူမယ်ဆိုရင် Moisture ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်းဆိုရင် ၂၂ လောက် ကစားလိုက်တယ်။ ကစားလိုက်ပြီးတော့ မင်းအစိုဓာတ်က ဒီလို ဒီလိုဆိုရင် ငါဒီလိုပေးမယ်ဆိုပြီးတော့ အဲ့ပေါ်မှာ လုပ်တာတွေရှိတယ်။ အဲ့ဒါကြောင့်မို့ ဒီဟာသည် ဝယ်တဲ့ရောင်းတဲ့သူကြားမှာတော့ ဒီလိုရှိတယ်။

တစ်ဖက်ကလည်း တောင်သူတွေအနေနဲ့ကလည်း အရည်အသွေးပိုင်းတွေပေါ့၊ ကိုင်တာတွယ်တာမှာ အရည်အသွေးအားနည်းချက်တွေကြောင့် ဟိုဟာဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့စက်ပိုင်တွေသည် အရည်အသွေးကို ရောက်လာကတည်းကစစ်ဆေးနိုင်တဲ့ စွမ်းအားလေးတွေ ရှိလာတဲ့အခါကျတော့ စစ်ဆေးပြီးတော့ သူ့မှာအစိုဓာတ်ဘယ်လောက်ရှိတယ်၊ နောက်အဖျင်းတွေ ဘယ်လောက်ရာခိုင်နှုန်းရှိတယ်။ ဖုန်သဲခဲ ဘယ်လောက်ရှိတယ်။ နောက်ပြီးတော့ပျက်စီးနေတဲ့စပါးက ဘယ်လောက်ရှိတယ်။ နောက်ဆန်နီရာခိုင်နှုန်းဘယ်လောက်ရှိတယ်။ ဆန်နီကလည်း အရမ်းကိုအရေးကြီးပါတယ်။

ဆရာတို့ ဒီကာလတွေမှာ ဆန်နီက မျိုးကိုစနစ်တကျမလုပ်တဲ့ တောင်သူဆိုရင် အဲ့ဒေသကစပါးတွေမှာ ဆန်နီတွေပါလာတယ်။ ဆန်နီပါလာခြင်းက လည်းမျိုးကွဲလို့မဟုတ်ဘူး။ အဓိကကတော့စပါးရင့်မှည့်တဲ့အချိန်မှာ ကိုယ့်ကန်သင်းတွေကို သန့်သန့်ရှင်းရှင်းမထားတဲ့အတွက် ကိုယ့်ကန်သင်းမှာပေါက်လာတဲ့ စပါးအရိုင်းတွေနဲ့ ဝတ်မှုန်ကူးရင်းနဲ့ ဖြစ်တာ။ တစ်ချို့ကမျိုးကိုကဘာဖြစ်တာ အဲ့လိုမဟုတ်ဘူး။ ကိုယ့်ကွင်းထဲမှာကို ဒါပြောင်းသွားနိုင်တယ်။ ဒါလေးတွေက ဂရုစိုက်ဖို့လိုတယ်။

ဘာကြောင့် လဲဆိုတော့ ဆရာ့အတွေ့အကြုံအရတော့ တစ်ချို့စပါးတွေမှာ အကိုင် အတွယ်ညံ့တော့ ဆန်နီပါဝင်တဲ့ရာခိုင်နှုန်းသည် ၃၀ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်။ ၃၀ ရာခိုင်နှုန်းဆိုကတည်းက ဒီအနီရောင်ကြီးကို ဖြူအောင်ဖွတ်ကတည်းကိုက ဖွဲနုတွေ အသားကုန်ထွက်မယ်၊ ဆန်ကွဲတွေဖြစ်မယ်၊ ဒီဆန်ရဲ့အောက်တန်းသည် ပြေသွားမယ်။ အဲ့အခါကျတော့နစ်နာတာက စက်ပိုင်မှာ ပိုနစ်နာတယ်။ ဒါကြောင့်မို့လို့နှစ်ဦးနှစ်ဖက်မှာလည်း ဒီအားနည်းချက်လေးတွေကိုပြုပြင်ပြီးတော့ မှန်မှန်ကန်ကန်ရောင်းဝယ်စေချင်တယ်။

နောက်တစ်ခုက ဘာလဲဆိုတော့ တောင်သူတွေကလည်း မိမိစပါးကိုကောင်းဖို့ ဂရုစိုက်ရမယ်။ ပစ်ထားလို့မရဘူး။ စပါးသည် ဆရာ့အတွေ့အကြုံအရတော့ ကွင်းထဲမှာရှိတဲ့စပါးသည် နေ့တိုင်းမဟုတ်ရင်တောင်မှ အနည်းဆုံး သုံးရက်၊ လေးရက်လောက်ကိုကြည့်စေချင်တယ်။ ဆရာ့အတွေ့အကြုံအရဆိုရင် ငါးရက်လောက်ကွင်းကွာတာနဲ့ ကိုယ့်လယ်ကွင်းသည် တစ်မျိုးဖြစ်နိုင်တယ်။

ဒါကို တော်တော်များများသော တောင်သူတွေက ဂရုမစိုက်ဘူး။ ရေကိုထိန်းသိမ်းတဲ့ကိစ္စတွေ၊ ပေါင်းကိစ္စတွေ၊ ရောဂါကိစ္စတွေ၊ ပိုးမွှားကိစ္စတွေ၊ ဒါအချိန်နဲ့တပြေးညီစစ်ဆေးပြီး လိုသလိုပြုပြင်မှသာလျှင် မိမိရဲ့စပါးသည် အရည်အသွေးပြည့်မီတဲ့စပါး ဖြစ်မှာ။

ဘာကြောင့်လဲဆိုတော့စပါးကမပြည့်မီရင် ဘာတွေနစ်နာမလဲဆိုတော့အနှံတစ်နှံမှာ သူကအစေ့အဆန်ပြည့်တဲ့ ရာခိုင်နှုန်းကလျော့တယ်။ လျော့တယ်ဆိုတာအထူးသဖြင့် ဆရာ့အတွေ့အကြုံအရတော့ တောင်သူတွေရဲ့သမားရိုးကျလမ်းကြောင်းမြေသြဇာပေါ့၊ အခုဆိုရင်တော့ မြေသြဇာကပိုတောင်နည်းသွားတော့ အရည်သွေးပိုင်းတွေ ပိုတောင်ဆိုးနိုင်တယ်။ အဲ့တော့ အနှံတစ်နှံကို သူတို့ ပုံမှန်သုံးနေတဲ့ ပျှမ်းမျှသုံးနေတဲ့လယ်သမားကို ကြည့်လိုက်ရင် ၇၀ ရာခိုင်နှုန်းလောက်ကတော့ အနှံပြည့်တယ်။ အောက်က သုံးဆယ်ရာခိုင်နှုန်းလောက်ကတော့အဖျင်းအမှော်တွေပါတယ်။

အဲ့တော့ ဒီဟာသည် နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းလောက်အရမ်းစကားပြောတယ်။ ဒီဆန်စပါးလောကမှာ၊ အဲ့တော့တောင်သူဘက်ကလည်း စပါးတွေလုံးပြည့် အဆန်ပြည့်ညီညာဖို့က တောင်သူတွေဆီမှာ တာဝန်ရှိတယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့ ခုနပြောတဲ့အဖျင်းရာခိုင်နှုန်းများပြီဆိုရင်  ဒီဘက်မှာစက်ပိုင်က တွက်လိုက်လို့ပေါ်ရင် ဒီဟာတွေကိုနုတ်လာမှာ။ မနုတ်ရင်လည်းဘာ့ကြောင့်ဆိုတော့ သူတို့သည် ဆယ်သိန်းဈေးဆိုရင် ဒီဟာကြီးကို သူရမှာက တင်းတစ်ရာကိုတင်းသုံးဆယ်လောက်ကအဖျင်းဖြစ်သွားပြီ။ အဲ့တော့ဒီစပါးကဆယ်သိန်းမကတော့ဘူး။ တန်ဖိုးကြီးသွားပြီ။

ဒါကြောင့်မို့လို့တောင်သူဘက်ကလည်းဒီဟာကိုအားထုတ်ပြီးတော့ မိမိသားသမီးကို ဖွံ့ဖြိုးအောင်၊ ချောအောင်၊ လှအောင်လုပ်ဖို့လိုတယ်။ ဒါမှသာလျှင် ပုံမှန်တန်းဝင်အောင်ရောင်းလို့ရမယ်။ အဲ့နေရာမှာလည်း မိမိစပါးမကောင်းရင်မကောင်းသလို ဟိုဘက်ကညှိုနှိုင်းတဲ့ဈေးတွေပေါ်မှာလည်း ဒါတကယ်ကို တွက်ချက်၊ စမ်းသပ်တဲ့ကိရိယာတွေပေါ်မှာလည်း လုပ်ပြီးတော့ပြလာခဲ့ရင်လည်းလက်ခံဖို့လိုတယ်။ နို့မို့ဆို ဒီဟာကြီးကိုနွားထီးငါးကျပ်၊ နွားမငါးကျပ် လုပ်လို့မရတော့ဘူးပေါ့နော် ။ အဲ့ဒါ နှစ်ဦးနှစ်ဖက်ကြားမှာ ပွင့်ပွင့်လင်းလင်းပြောပြတာဖြစ်ပါတယ်။ ဒါလေးက ဂရုစိုက်ရမှာပေါ့နော်။

(ဆက်လက်ဖော်ပြပေးသွားပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်