မွေးမြူရေးအစာတွေ ဘာလို့ဈေးတက်သလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်နေရသလဲ

06/06/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူလူထု စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား - ၁

မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍတွင် ကြီးမားသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရမှုက စားနပ် ရိက္ခာဖူလုံမှုကို ထိခိုက်လာခြင်းမရှိစေဖို့ဆိုလျှင် ဝိုင်းဝန်းဖြေရှင်းကြဖို့လိုအပ်မည်ဟု သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှ ပညာရှင်များနှင့်မွေးမြူသူများက ဆိုသည်။ 

ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သည့် AgriTech Myanmar 2023 စိုက်ပျိုးမွေးမြူရေးပြပွဲအတွင်း “Feed – Farm – Food” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင်ပါဝင်သည့် မွေးမြူရေးနှင့် အစာထုတ်လုပ်ရေးပညာရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့် မွေးမြူသူများက အထက်ဆိုခဲ့ပါအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ငွေပင်လယ်မီဒီယာက စီစဉ်ပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့က ပံ့ပိုးကူညီထားသည့် အဆိုပါ AgriTech Myanmar 2023 ပြပွဲတွင် စိုက်ပျိုးမွေးမြူရေးပြခန်းများ ဖွင့်လှစ်ပြသခဲ့သည့်အပြင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများကိုပါ ထည့်သွင်းကျင်းပခဲ့ရာ “Feed – Farm – Food” စကားဝိုင်းဆွေးနွေးပွဲလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမွေးမြူရေးအစာထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာလှလှသိန်း၊ ကောင်းထက် မွေးမြူရေးအစာထုတ်လုပ်ရေးမှ ဦးသိန်းမြင့်၊ ငါးမွေးမြူရေးနှင့် ငါးစာ ထုတ်လုပ်ရေးပညာရှင် ဒေါက်တာမေမြတ်နိုးလွင်နှင့် အောင်မြေသစ် မွေးမြူရေးလုပ်ငန်းစုမှ ဒေါ်အေးအေးသွင်တို့က ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကတော့ မြန်မာ့မွေးမြူရေးအစာ ထုတ်လုပ်မှုကဏ္ဍ၏ အခြေအနေကို ခြုံငုံသုံးသပ်နိုင်ရန်၊ မွေးမြူရေးအစာထုတ်လုပ်ရေးကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်တင်ပြနိုင်ရန်နှင့် မွေးမြူထုတ်လုပ်ရေးကဏ္ဍကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစာထုတ်လုပ်ရေးကဏ္ဍတွင် ပြုပြင်ဆောင်ရွက်သင့်သည့်အချက်များအား အကြံပြုနိုင်ရန် စသည်တို့အတွက်ဖြစ်သည်။

ဆွေးနွေးသူများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ချင်းစီကိုမှ အပြစ်ပုံချပြောဆိုရန်မဟုတ်ဘဲ မူဝါဒချမှတ်သူများ၊ လုပ်ငန်းရှင်များ၊ အသေးစားထုတ်လုပ်သူများ၊ စားသုံးသူပြည်သူများအတွက် အပြုသဘောဆောင်သည့် အကြံပြုချက်များ ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆွေးနွေးကြခြင်း ဖြစ်သည်။ 

အဆိုပါစကားဝိုင်းမှ ဆွေးနွေးချက်များအား စာဖတ်သူများနှင့် မွေးမြူရေးနယ်ပယ်တွင်လုပ်ကိုင်နေသူများလည်း လေ့လာသိရှိနိုင်ရန်အတွက် “မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူ လူထု စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား” ခေါင်းစဉ်ဖြင့် Green Way သတင်းအဖွဲ့က စုစည်းသုံးသပ်ထားမှုကို အပိုင်း ၃ ပိုင်း ခွဲခြားတင်ပြသွားမည် ဖြစ်ပါသည်။ 

ယခုအပိုင်း (၁) တွင်တော့ အစာဈေးနှုန်းမြင့်တက်လာမှု အခြေအနေနှင့် အစာထုတ်လုပ်ရေးကဏ္ဍအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို စုစည်းဖော်ပြသွားပါမည်။ 

မြင့်တက်လာသော တိရစ္ဆာန်အစာဈေးနှုန်း

မွေးမြူရေးကဏ္ဍတွင် အစာဖိုးကုန်ကျစရိတ်သည် ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းဖြစ်ရာ အစာဈေးနှုန်းပြောင်းလဲမှုက မွေးမြူထုတ်လုပ်ရေးအပေါ် ကြီးမားစွာ သက် ရောက်မှုရှိကြောင်း ဆွေးနွေးသူပညာရှင်များက သုံးသပ်သည်။ သို့သော် မြန်မာနိုင်ငံ၏‌ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အစာဈေးနှုန်းမြင့်တက်မှုမှာ အလွန်မြင့်မားလျက်ရှိနေခြင်းက အခက်အခဲတစ်ရပ်ဖြစ်နေသည်။

အစာဈေးနှုန်းကြီးမြင့်မှုမှာ ယေဘုယျအားဖြင့် တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်း၊ ရုရှား - ယူကရိန်း စစ်ပွဲ ကြောင့် အစာကုန်ကြမ်း ရှားပါးလာခြင်းနှင့် အမေရိကန်ပြည်ထောင် စု၏ ငွေကြေးဖောင်းပွမှုပြဿနာများ စသည်တို့ကြောင့်ဖြစ်သည်ဟု ဆွေးနွေးသူများကဆိုသည်။ 

မြန်မာ့မွေးမြူရေးကဏ္ဍတွင်မူ ကမ္ဘာ့အစာဈေးနှုန်းမြင့်မားမှုအပြင် ပြည်တွင်း၏ ထူးခြားသောအခြေအနေများကြောင့်လည်း အစာဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပိုမိုခံစားနေရခြင်းဖြစ်သည်ဟု ဆွေးနွေးသူများက သုံးသပ်သည်။

ကမ္ဘာ့ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသည့်တိုင် မြန်မာနိုင်ငံတွင်းက ဖြေရှင်းနိုင်မည့် အချက် အလက်များကိုတော့ ဖော်ထုတ်ရန်လိုအပ်ပြီး သက်ဆိုင်ရာအဆင့်တိုင်းက ဝိုင်းဝန်းဖြေရှင်းပါက အထိုက်အလျောက် အဆင်ပြေလာနိုင်သည်ဟုလည်း ဆွေးနွေးသူများက ရှုမြင်သုံးသပ်ခဲ့ကြသည်ကို တွေ့ရသည်။ 

အစာစပ်စက်ရုံများအတွက် စိန်ခေါ်မှုများ

အစာစပ်စက်ရုံများအတွက် အဓိကအကျဆုံးစိန်ခေါ်မှုမှာ စက်ရုံလည်ပတ်ရန်အတွက် စွမ်းအင် အလုံအလောက် ရရှိရေးဖြစ်သည်ဟု ဆိုသည်။ လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဒီဇယ်ဆီသုံး မီးစက်များကို အဓိက အားထားကာ စက်ရုံများကို လည်ပတ်နေရခြင်း ဖြစ်သည်။ လျှပ်စစ်မီးရရှိချိန်တွင်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အများပြည်သူ လျှပ်စစ်မီးလိုအပ်ချိန်တွင် ဝန်အား လျှော့ချသုံးစွဲရန် လမ်းညွှန်ချက်များ ရှိနေရာ စက်ရုံများ၏ အဓိက စွမ်းအင်ရင်းမြစ်မှာ လောင်စာဆီ ဖြစ်လာသည်။

ယင်းသို့ လောင်စာဆီလိုအပ်ချက် ကြီးမြင့်လာမှုနှင့်အတူ လောင်စာဆီဈေးနှုန်း မြင့်မားမှုကလည်း စိန်‌ခေါ်မှုကို ပိုမိုပြင်းထန်စေသည်။ လောင်စာဆီအတွက် ကုန်ကျစရိတ်များကြောင့် အစာထုတ်လုပ်မှုစရိတ်ကို သိသိသာသာ မြင့်တက်စေပြီး အစာဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေသည်။ လက်ရှိတွင် လောင်စာဆီဖြင့် စက်ရုံများလည်ပတ်ကာ အခြေအနေကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ယင်းအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် လောင်စာဆီဈေးနှုန်း ထပ်မံမြင့်မားခြင်းမရှိစေရေးနှင့် လောင်စာဆီပြတ်လပ်မှု မရှိစေရေး အထူးလိုအပ်သည်ဟု အကြံပြုခဲ့ကြသည်။ 

ငွေကြေးလဲလှယ်မှုနှုန်းထားများနှင့် ပို့ကုန်/သွင်းကုန် မူဝါဒ အပြောင်းအလဲ တချို့ကြောင့်လည်းကောင်း၊ နိုင်ငံခြားငွေသုံးစွဲမှု စိစစ်ထိန်းချုပ်မှုအချို့ကြောင့်လည်းကောင်း၊ ပြည်ပမှ အစာကုန်ကြမ်း ဝယ်ယူတင်သွင်းရာတွင်လည်း စိန်ခေါ်မှုအချို့ ရှိနေပြီး ကုန်ကြမ်းဈေးနှုန်းကို မြင့်တက်စေကာ နောက်ဆက်တွဲအဖြစ် အစာဈေးနှုန်းမြင့်မားမှုကို ဆက်လက်ဖြစ်ပေါ်စေနိုင်သည်ကိုပါ သတိပြုသင့်သည်ဟု သက်ဆိုင်ရာပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ 

ပြည်တွင်းတွင် ကောင်းစွာထုတ်လုပ်နိုင်သည့် အစာကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရာတွင်လည်း ပြည်တွင်းအတွက် လုံလောက်သည့်ပမာဏကို ချန်ပြီးမှသာ တင်ပို့ပါက အစာဈေးနှုန်းကြီးမြင့်လာမှုကို အသင့်အတင့် ထိန်းချုပ်နိုင်မည်ဟု ဆိုသည်။

ဥပမာအားဖြင့် မွေးမြူရေးအစာထုတ်လုပ်ရာတွင် ပြောင်းကို ၄၀ - ၅၀ ရာခိုင်နှုန်းခန့် အထိ ထည့်သွင်းအသုံးပြုရကြောင်း၊ မြန်မာနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုမှာ တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၃ သန်း ခန့် ရှိကြောင်း၊ မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍက တန်ချိန် ၁ သန်းခန့် သုံးစွဲနေပြီး၊ ပြည်ပသို့ တန်ချိန် ၂ သန်းခန့် တင်ပို့ရောင်းချကြောင်း၊ မွေးမြူရေးကဏ္ဍ၏ သုံးစွဲမှု မက်ထရစ်တန်ချိန် ၁ သန်းအပြင် အခြားသုံးစွဲမှုများလည်း ရှိနိုင်သေးကြောင်း၊ မွေးမြူရေးအစာထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းတွင် အလုံအလောက် စိုက်ပျိုးထုတ်လုပ်နိုင်သည့် ပြောင်းကိုပင် ပြည်ပနိုင်ငံများနှင့် ဈေးနှုန်းယှဉ်ပြိုင်ဝယ်ယူနေရသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းကုန်ကြမ်းကိုပင် ပြည်ပမှ တင်သွင်းရသကဲ့သို့ ဖြစ်နေခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်နေသည်ဟု သက်ဆိုင်ရာပညာရှင်များ၊ လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။ 

အစာဈေးနှုန်းမြင့်မားလာသည့်အခါ မွေးမြူသူများအနေဖြင့်လည်း တွက်ချေမကိုက်တော့ရာ မွေးမြူထုတ်လုပ်မှုကို လျှော့ချလာကြသည်။ ဈေးကွက်၏ သဘောတရားအရ ဈေးနှုန်းမြင့်မားလာသည့်အတွက် ဝယ်လိုအားလျော့ကျလာခြင်းမှာ ဓမ္မတာပင် ဖြစ်သည်။ ယင်းကဲ့သို့ အစာဈေးနှုန်းကြီးမြင့်ခြင်းနှင့် အခြားအချက်အလက်များ ပေါင်းစုံမိခြင်းကြောင့် တိရစ္ဆာန်အစာဝယ်လိုအားလည်း သိသိသာသာကျဆင်းသွားသည်ဟု ဆွေးနွေးသူများက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများအရ ယခုနှစ်တွင် မွေးမြူရေးအစာ မက်ထရစ် တန်ချိန် ၃.၃ သန်းခန့် ထုတ်လုပ်ရမည် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ မက်ထရစ်တန်ချိန် ၂.၅ သန်းခန့်သာ ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။

အပိုင်း - ၂ ကို ဆက်လက်ဖော်ပြပါမည်။

Green Way သတင်းအဖွဲ့မှ ရေးသားသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်