မွေးမြူရေးအစာ ကိုယ်တိုင်စပ်ဖို့ ဘာတွေလိုအပ်သလဲ (၁)

06/10/2022 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အစာဈေးနှုန်းတွေ အဆမတန် မြင့်တက်လာချိန်မှာ မွေးမြူရေးသမားတွေအနေနဲ့ မိမိတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေအတွက် အစာကို ကိုယ်တိုင်ရောစပ်ကျွေးမွေးဖို့ စဉ်းစားလာကြပါတယ်။ အထူးသဖြင့် အသေးစားမွေးမြူရေးသမားတွေအနေနဲ့ ကိုယ်တိုင်အစာစပ်ဖို့ လိုအပ်လာနိုင်ပါတယ်။

ကိုယ်တိုင်ရောစပ်တဲ့ အစာတွေဟာ ကုမ္ပဏီကြီးတွေက ခေတ်မီနည်းစနစ်တွေနဲ့ ထုတ်လုပ်တဲ့ အစာတွေရဲ့အရည်အသွေးကို မမီနိုင်ဘူးဆိုပေမယ့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပြီး လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရေးကိုတော့ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ 

ဒီတော့... မွေးမြူရေးအစာတွေကို ကိုယ်တိုင်ရောစပ်ထုတ်လုပ်ဖို့ ဘာတွေ လိုအပ်ပါသလဲ?

(၁) ဒေသမှာ ရရှိနိုင်တဲ့ အစာကုန်ကြမ်းများ

ဈေးနှုန်းသက်သာတဲ့ မွေးမြူရေးအစာကို ရောစပ်နိုင်ဖို့အတွက် မိမိဒေသမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ပေါပေါများများ ရရှိနိုင်တဲ့ အစာကုန်ကြမ်းတွေကို စာရင်းပြုစုဖို့ လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာ အဲဒီ အစာကုန်ကြမ်း တစ်မျိုးချင်းစီရဲ့ တစ်ပိဿာချင်း ဒါမှမဟုတ် တစ်ကီလိုချင်း ကုန်ကျစရိတ်ကို သိရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို ကုန်ကျစရိတ်ကို တွက်ချက်ရာမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေကိုပါ ထည့်သွင်းတွက်ချက်ဖို့ မမေ့ပါနဲ့။ 

(၂) အစာကုန်ကြမ်းတွေရဲ့ အာဟာရတန်ဖိုး

မိမိအသုံးပြုမယ့် ကုန်ကြမ်းတွေရဲ့ အာဟာရတန်ဖိုးကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ အစာကုန်ကြမ်း တစ်မျိုးချင်းစီမှာ အဓိကကျတဲ့ အာဟာရဓာတ်တွေ ဘယ်လောက်ပါဝင်သလဲ မဖြစ်မနေ သိထားမှ အစာစပ်လို့ ရနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံးတော့ အသားဓာတ် (Protein) ပါဝင်မှု၊ စွမ်းအင် (Energy) ရရှိနိုင်မှုတွေကို သိရှိဖို့ လိုအပ်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ အစာစပ်ကုမ္ပဏီကြီးတွေဟာ သူတို့ အစာစပ်ဖို့ ကုန်ကြမ်းတွေဝယ်ယူတဲ့အခါ အဲဒီကုန် ကြမ်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးကြပါတယ်။ ဒါကြောင့် အစာကုန်ကြမ်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တန်ဖိုးကို တိတိကျကျ သိရှိပြီး တိရစ္ဆာန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်အောင် အစာကို တွက်ချက်ပြီး ရောစပ်ကြတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အသေးစားမွေးမြူသူများအတွက်ကတော့ ဒါဟာ တကယ့် အခက်အခဲတစ်ခုပါ။ မိမိဒေသမှာ ရရှိနိုင်တဲ့ အစာကုန်ကြမ်းတွေမှာ အာဟာရဓာတ် ဘယ်လောက်ပါဝင်တယ်ဆိုတာကို သိရှိဖို့ ဓာတ်ခွဲခန်းပို့ပြီး စမ်း သပ်စစ်ဆေးမယ်ဆိုရင် အချိန်၊ ငွေ၊ လုပ်အား အများကြီးစိုက်ထုတ်ရမှာ ဖြစ်ပြီး၊ တွက်ချေကိုက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစာကုန်ကြမ်းတွေရဲ့ အာဟာရဓာတ်တွေကို ရည်ညွှန်းကိုးကားစရာ အရင်းအမြစ်တစ်ခုခုကနေ ရယူပြီး ခန့်မှန်းတွက်ချက်ရပါတယ်။

မိမိတို့ဒေသထွက် အစာကုန်ကြမ်းတွေရဲ့ အကြမ်းဖျဉ်းအာဟာရတန်ဖိုးကို သိရှိနိုင်ဖို့ www.feedipedia.org လို တိရစ္ဆာန်အစာနဲ့ ပတ်သက်တဲ့ အွန်လိုင်းစွယ်စုံကျမ်းကို အသုံးပြုနိုင်ပါတယ်။ ဒါဟာ အရိုးရှင်းအလွယ်ကူဆုံးနဲ့၊ ကုန်ကျစရိတ်အနည်းဆုံး နည်းလမ်းဖြစ်ပြီး၊ လက်တွေ့လည်း အကျဆုံးဖြစ်ပါတယ်။

(၃) မိမိမွေးမြူထားတဲ့ တိရစ္ဆာန်အတွက် အာဟာရဓာတ် လိုအပ်ချက်

တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ ထုတ်လုပ်မှု၊ မွေးမြူနည်းစနစ် စတာတွေပေါ်မူတည်ပြီး အာဟာရ ဓာတ် လိုအပ်ချက်ကလည်း ကွာခြားပါတယ်။ ဒါကြောင့် မိမိမွေးမြူထားတဲ့ တိရစ္ဆာန်အတွက် အာဟာရဓာတ်လိုအပ်ချက်ကို တိတိကျကျ သိရှိဖို့ လိုအပ်ပါတယ်။ 

တိရစ္ဆာန်မျိုးရောင်းချတဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရောင်းချတဲ့ မျိုးတစ်မျိုးချင်းစီအတွက်၊ အသက်အရွယ်နဲ့ ထုတ်လုပ်မှုအလိုက် အာဟာရဓာတ်လိုအပ်ချက်တွေကို လမ်းညွှန်ချက် (Guideline) တွေ ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ ကြက်ပေါက်၊ ဝက်ပေါက် စတာတွေကို မွေးမြူဖို့ ဝယ်ယူတဲ့အခါ သက်ဆိုင်ရာ ကုမ္ပဏီကနေ အာဟာရဓာတ်လိုအပ်ချက် guideline ကို တောင်းယူဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။ မိမိနဲ့ နီးစပ်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်၊ မွေးမြူရေးပညာရှင်တွေထံမှာလည်း အကူအညီ တောင်းခံနိုင်ပါတယ်။ 

(၄) ရောစပ်လေ့ရှိတဲ့ အကြမ်းဖျဉ်း အစာကုန်ကြမ်း အချိုးအစား 

အစာမရောစပ်မီ အစာကုန်ကြမ်းတွေကို အကြမ်းဖျဉ်းအားဖြင့် ဘယ်လောက်အချိုးအစားတွေနဲ့ ရောစပ်ကြသလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဥပမာ အစာရောစပ်ရာမှာ အခြေခံအားဖြင့် ပြောင်း၊ ဖွဲနု အစရှိတဲ့ ကုန်ကြမ်းတွေကို အခြေခံအစာကုန်ကြမ်းအဖြစ် အသုံးပြုပြီး ရာခိုင်နှုန်း အများအပြား (၄၀ ရာခိုင်နှုန်းဝန်းကျင်) ထည့်သွင်းရောစပ်လေ့ရှိပါတယ်။ (ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ်အဖြစ် အသေးစိတ် ထပ်မံဖော်ပြသွားပါမယ်။)

(၅) အစာအရွယ်အစား 

တိရစ္ဆာန်ရဲ့ အရွယ်အစားကိုလိုက်ပြီး အစာကို ဘယ်အရွယ်အစားလေးတွေ ကြိတ်ခွဲကျွေးမွေးရမလဲဆိုတာ ကွာခြားပါတယ်။ ဥပမာ ကြက်ပေါက်လေးတွေနဲ့ ဥစားကြက်မကြီးတွေအတွက် အစာရဲ့ အရွယ်အစားဟာ အလွန်ကို ကွာခြားပါတယ်။ ဒါကြောင့် မိမိမွေးမြူထားတဲ့ တိရစ္ဆာန်ကို အစာရောစပ်ကျွေးမွေးရာမှာ အစာအရွယ်အစား ဘယ်လောက်ရှိသင့်တယ်ဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ မှန်ကန်တဲ့ အရွယ်အစားရဖို့ ကိုယ်တိုင် ကြိတ်ခွဲတာ၊ ဒါမှမဟုတ် ကြိတ်ခွဲပြီးသားကို ဝယ်ယူတာတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 

(၆) ဖြည့်စွက်ဆေးဝါးများ

အစာကို ရောစပ်တဲ့အခါ အသားဓာတ်နဲ့ စွမ်းအင်ဓာတ်တွေ ပြည့်ဝရေးအတွက် ဦးတည်ပြီး ရောစပ်ရတာမို့ ကျန်တဲ့ အာဟာရတွေမှာ စုံစုံလင်လင်၊ ပြည့်ပြည့်ဝဝ မပါဝင်နိုင်တာမျိုးတွေ ရှိမှာ အသေအချာပါပဲ။ အဲဒီလို လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်စာ၊ ဖြည့်စွက်ဆေးဝါးတွေနဲ့ ဖြည့်ဆည်းပေးရပါတယ်။

ဒါ့အပြင် အစာကုန်ကြမ်းတွေထဲမှာ ပါဝင်တဲ့ မှိုအပါအဝင် အာဟာရဓာတ် ပျက်စီးစေတဲ့ အရာတွေကို ချေဖျက်ပေးဖို့ ဆေးဝါးတွေလည်း ထည့်သွင်းရောစပ်ဖို့ လိုအပ်ပါတယ်။ တိရစ္ဆာန်တွေရဲ့ အစာလမ်းကြောင်း အတွင်းမှာ အစာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်စေဖို့ အင်ဇိုင်း အစရှိတဲ့ အရာတွေလည်း ထည့်သွင်းနိုင်ပါတယ်။ ဒါကြောင့် အစာရောစပ်ရာမှာ feed-additive လို့ခေါ်တဲ့ ဖြည့်စွက်ဆေးဝါးများအကြောင်းလည်း မဖြစ်မနေ သိရှိထားဖို့ လိုအပ်ပြန်ပါတယ်။ (အသေးစိတ်ကို ဆောင်းပါးတစ်ပုဒ်နဲ့ ဆွေးနွေးသွားပါဦးမယ်။) 

(၇) အစာရောစပ်ဖို့ ပစ္စည်းကိရိယာများ

အစာရောစပ်မယ်ဆိုရင် ပစ္စည်းကိရိယာတွေ သေချာပေါက် လိုအပ်လာမှာပါ။ အနည်းဆုံးတော့ ကုန်ကြမ်း တွေကို တိတိကျကျ ချိန်တွယ်နိုင်ဖို့ ကတ္တား၊ ချိန်ခွင်တွေ လိုအပ်ပါတယ်။ အစာကိုရောမွှေဖို့ စက် ဒါမှမဟုတ် ဂေါ် ပြားလို ကိရိယာတွေ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ အစာကို ကိုယ်တိုင်ကြိတ်ခွဲမယ်ဆိုရင် ကြိတ်ခွဲစက် လိုအပ်မှာ ဖြစ်သလို အစာတောင့်ထုတ်လုပ်မယ်ဆိုရင်လည်း အစာတောင့်ထုတ်စက် ထပ်မံလိုအပ်လာမှာဖြစ်ပါတယ်။ ထုတ်လုပ်မယ့် အစာပမာဏပေါ် မူတည်ပြီးတော့ ကိရိယာတွေရဲ့ လိုအပ်ချက်ကတော့ ကွာခြားနိုင်ပါတယ်။ မိမိဒေသမှာ လျှပ်စစ်မီးရရှိခြင်း ရှိ၊ မရှိပေါ်မူတည်ပြီးတော့လည်း ကိရိယာတွေရဲ့ အမျိုးအစားတွေက ကွာခြားသွားနိုင်ပါတယ်။ 

(၈) နေရာ

အစာကုန်ကြမ်းတွေကို စနစ်တကျသိုလှောင်ဖို့နေရာ၊ အစာရောစပ်မယ့်နေရာနဲ့ အစာကုန်ချောတွေကို သိုလှောင်မယ့်နေရာတွေ လိုအပ်ပါတယ်။ အစာရဲ့ အရည်အသွေး ကျဆင်းသွားခြင်း မရှိစေဖို့ ခြောက်သွေ့ပြီး၊ ပူလောင်ခြင်း မရှိတဲ့နေရာ၊ နေရောင်ခြည်တိုက်ရိုက် ကျရောက်ခြင်း မရှိတဲ့ နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ ကြွက်၊ ခြင်၊ ယင်တွေ မလာနိုင်အောင် တားဆီးထားဖို့လည်း လိုအပ်ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ အစာကို ကိုယ်တိုင်ရောစပ် ထုတ်လုပ်လိုတဲ့ အသေးစားမွေးမြူသူတွေ ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အစာကို ဘယ်လို တွက်ချက် ရောစပ်မလဲ ဆိုတာတွေကို နောက်တစ်ပိုင်းမှာ ဆက်လက် ဆွေးနွေးသွားပါမယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်