Rural Development (Part-2)
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်
- ကျေးလက်ဒေသ အခြေခံအဆောက်အဦများပြည့်စုံရေး (Rural Service Supply-Infrastructure Facilities )၊
- ကျေးလက်ဒေသငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ (Rural Finance and Business)၊
- ဒေသအရင်းအမြစ်များသုံးစွဲရေး (Resources Management in Rural Areas)၊
- အရောင်းအဝယ်ဆိုင်ရာကိစ္စရပ်များ (Marketing)၊
- ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် အစားအစာ လုံခြုံရေး (Rural Poverty and Food Security)၊
- ကျေးလက်ဒေသ ပညာရေးနှင့်ကျန်းမာရေး (Education and Health in Rural Areas)၊
- ကျေးလက်ဒေသ ရေရရှိရေးနှင့်မြေအသုံးချရေး (Water and land Utilization)၊
- ကျေးလက်ဒေသရှိ လယ်ယာလုပ်ငန်းနှင့် လယ်ယာမဟုတ်သောလုပ်ငန်းများ (Farm and Non-Farm Economy in Rural Areas )
စသည်တို့ပါဝင်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးပညာပေးရေးအထူးပြု (B.Agr.Sc. - Agricultural Extension) ဘွဲ့ကြိုနှင့်ဘွဲ့လွန် (Bachelor, Master, Doctor) သင်တန်းများများပေးနေပြီဖြစ်သော်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Rural Development)၊ စိုက်ပျိုးရေးပညာဘာသာရပ်၊ ဥပမာ - မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအတွက် (Agricultural Education) အထူးပြု ဘာသာရပ် များ အသစ်သင်ကြားပို့ချပေးရန် လိုပါသေးသည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးဆိုင်ရာသတင်းအချက်အလက်များတောင်သူများအကြား ပျံ့နှံ့စေရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးမှတဆင့် ပို့ဆောင်ပေးရာတွင်..
- လူထုဆက်သွယ်ရေးနည်းလမ်း (Mass Media Communication) များဖြစ်သည့် တီဗီ၊ ရေဒီယို အစရှိသော အသံလွှင့်ခြင်းများ၊
- လက်ကမ်းစာစောင်၊ နံရံကပ်စာစောင် အစရှိသည့် ပုံနှိပ်ထုတ်ဝေခြင်းများ၊
- တစ်ဉီးချင်း တွေ့ဆုံပညာပေး သည့်နည်းလမ်းများ၊
- အုပ်စုလိုက် ပညာပေးနည်းလမ်းများနှင့်
- သီးနှံသရုပ်ပြ စမ်းသပ်ကွက်များစိုက်ပျိုးပြသခြင်း၊ တောင်သူကိုယ်တိုင် ပါဝင်သည့် ကွင်းပြပွဲများပြုလုပ်ခြင်း
စသည်တို့မှတဆင့် ပို့ဆောင်ပေးလျက် ရှိပါသည်။
လူထုဆက်သွယ်ရေးနည်းလမ်းများသည် (Mass media ) တိုးချဲ့ပညာပေးဝန်ထမ်းများ ပညာပေးလုပ်ငန်းများဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာ လည်ပတ်စေသည်။ အိုကားရီး (Okereke) (၁၉၈၁) ၏အဆိုအရ လူထုဆက်သွယ်ရေးနည်းလမ်းများသည် များပြားလှစွာသော လူထုပရိသတ်ထံသို့ သတင်းအချက်အလက်များပို့ဆောင်သည့်ဖြစ်စဉ်ဟု သတ်မှတ်သည်။ ၎င်းတွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာများ၊ ပိုစတာများနှင့် မဂ္ဂဇင်းများ စသည့် သတင်းများကို ထုတ်လွှင့်သည့် နည်းလမ်းများအားလုံး ပါ၀င်သည်။
လူကြိုက်များသောသတင်းမီဒီယာခုနစ်ခု
- ပုံနှိပ်ထုတ်ဝေခြင်း Printing Media (၁၅ ရာစုနှောင်းပိုင်းမှ)
- အသံသွင်းခြင်း Recording (၁၉ ရာစုနှောင်းပိုင်းမှ)
- ရုပ်ရှင် Movie ( ၁၉၀၀ခုနှစ် ခန့်မှ)
- ရေဒီယို Radio (၁၉၁၀ ခန့်က)
- ရုပ်မြင်သံကြား TV (၁၉၅၀ ခန့်က)
- အင်တာနက် Internet (၁၉၉၀) ခန့်က
- လက်ကိုင်ဖုန်းများ Mobile Phone (၂၀၀၀ ပြည့်နှစ်မှ)
ရိုးရာမီဒီယာ
ရိုးရာမီဒီယာများသည်အလွန်ထိရောက်သောဆက်သွယ်ရေးစနစ်ဖြစ်သည်။ ၎င်းတို့သည်လက်ခံနိုင်သည့်နားလည်လွယ်သည့်စကားလုံးများနှင့် စကားစုများကို အသုံးပြုသည်။ ဒေသသုံးဘာသာစကားများကြောင့် ကျေးလက်ဆက်သွယ်ရေးတွင် အလွန်ထိရောက်သည်။ ရိုးရာဆက်သွယ်ရေးနေည်းလမ်းသည် စာမတတ်သူများ၏ ဗဟုသုတရရှိမှုကို ဆက်လက်ထိန်းသိမ်းထားစေသည်။
ရိုးရာမီဒီယာသည်...
- လူမှုအသိုက်အဝန်း တည်ဆောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်နှင့်အညီ နိုင်ငံတည်ဆောက်ရေးတို့တွင် ပြည်သူလူထုအနေဖြင့် လွယ်ကူစွာ လက်ခံနိုင်ရေးအတွက် ကူညီသည်။
- နိုင်ငံတည်ဆောက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့်ခေတ်နှင့်အညီပြုပြင်ရေးတို့တွင် ကျေးလက်လူထုမှ ပိုမိုလွယ်ကူစွာ လက်ခံနိုင်အောင် ကူညီသည်။
ပန်းချီ၊ ရိုးရာအက၊ သတင်းစာ၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ပုံနှိပ်မီဒီယာများသည် ရိုးရာမီဒီယာများ ဖြစ်သည်။
သတင်းအချက်အလက်များဖြန့်ဖြူးရန်အတွက် ရေဒီယိုနှင့်ရုပ်မြင်သံကြားသည် လူကြိုက်အများဆုံးသတင်းအချက်အလက်ရင်းမြစ်များဖြစ်သည်။
ရေဒီယိုသည်သတင်းအချက်အလက်ရရှိရန်နှင့် စိတ်နေသဘောထား ပြောင်းလဲစေခြင်းတို့အတွက် လူအများနှစ်သက်သော ကြားခံမီဒီယာတစ်ခုဖြစ်သည်။ ရေဒီယိုအစီအစဉ်များသည်ပုံမှန်အားဖြင့် နားဆင်သူပရိသတ်များကို အချိန်နှင့် တပြေးညီဖြစ်သည့် သတင်းအချက်အလက်များ ဖြန့်ကျက်ပေးနိုင်သည့် စွမ်းအင်ရှိသည်။ လမ်းမကောင်းခြင်း၊ မီးမရရှိခြင်းနှင့်ရေမရှိခြင်း စသည်တို့သည် ရေဒီယို၏ လုပ်ဆောင်မှုကို မတားဆီးပါ။ အလားတူပင် ခက်ခဲသည့်မြေမျက်နှာသွင်ပြင် အကွာအဝေး၊ အချိန်နှင့်လူမှုရေးဆိုင်ရာနိုင်ငံရေး အတတ်ပညာများကဲ့သို့သော အတားအဆီးများသည် ရေဒီယို၏ လုပ်ဆောင်မှုကို မတားဆီးနိုင်ပါ။
သတင်းအချက်အလက်များကိုလူထုပရိသတ်၏ကိုယ်ပိုင်ဘာသာစကားဖြင့်ပေးပို့နိုင်သောကြောင့် စာမတတ်ခြင်းသည် ရေဒီယိုမှပေးပို့သည့်သတင်းအချက်အလက်များရရှိခြင်းကို အတားအဆီးမရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ရေဒီယိုအစီအစဉ်၏နောက်ထပ်အားသာချက်မှာ တိပ်ရီကော်ဒါ အသုံးပြုခြင်းမှတဆင့် ရေဒီယို အစီအစဉ်များကို မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်သည်။ ရေဒီယိုသည် နက်နဲသည့်သတင်းများ (in-depth reports) ကိုထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ လျင်မြန်စွာ ကြားဝင်ခြင်း (interventions) များကို ပြုလုပ်နိုင်သကဲ့သို့ ဖျော်ဖြေရေးနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် သတင်းအချက်အလက်ဖြန့်ဝေခြင်းအတွက်လည်း သင့်လျော်သည်။ ရုပ်မြင်သံကြား (TV) သည်လည်း ဤရှုထောင့်မှ အသက်တမျှအရေးပါသော အီလက်ထရောနစ် ကြားခံတစ်ခု ဖြစ်သည် ။
ဒေသ သတင်းအချက်အလက်ဖြန့်ဝေရန် ရုပ်မြင်သံကြား၏စွမ်းရည်ကို လယ်သမားများ၏အကျိုးအတွက် အသုံးချသင့်ပါသည်။ လယ်သမားများအကြား နောက်ဆုံးပေါ်စိုက်ပျိုးရေး နည်းပညာသတင်း အချက်အလက်နှင့်ပတ်သက်၍ အသိပညာနှင့်ဗဟုသုတများဖန်တီးရာ၌ ရုပ်မြင်သံကြားသည် အဓိကအခန်းကဏ္ဍမှ ထင်ရှားစွာ ပါဝင်ပါသည်။
လယ်သမားများအကြား ကွဲပြားခြားနားသောစိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်၍ အသိပညာပေးရာတွင် ဆက်သွယ်ရေး နည်းပညာသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်လုပ်ဆောင်သည်။ အထူးသဖြင့်ကျေးလက်ဒေသများတွင် စာတတ်မြောက်မှုနှုန်းနိမ့်ကျသောနိုင်ငံများတွင် မီဒီယာရွေးချယ်ခြင်းသည် အလွန်အရေးကြီးပါသည်။ ဤအခြေအနေတွင် ရုပ်မြင်သံကြားနှင့်ရေဒီယိုသည်ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ပညာမတတ်သည့် တောင်သူလယ်သမား အသိုင်းအဝန်းရှိ လယ်သမားများအား အချိန်တိုအတွင်းပညာပေးရန် နည်းပညာ ပို့ဆောင်ရာတွင် လွယ်ကူလျင်မြန်စေပါသည် ။
ရေဒီယိုနှင့်ရုပ်မြင်သံကြားသည် သိပ္ပံပညာ၏အကြီးမားဆုံးတီထွင်မှုတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးအပါအဝင် လူသားဘ၀ ရှင်သန်မှုများ၏ အခန်းကဏ္ဍအတိုင်း ဆက်သွယ်ရေး အပြောင်းအလဲကို ဖြစ်စေခဲ့သည်။
ရေဒီယိုကို အီတလီနိုင်ငံသား မာကိုနီ (Guglielmo Marconi) က ၁၈၉၀ ပြည့်နှစ်များတွင် တီထွင်ခဲ့သည် (Wikipedia, 2018a) ။ ရုပ်မြင်သံကြားကို ၁၉၂၅ တွင်စကော့တလန်နိုင်ငံသား တီထွင်သူ ဂျွန်ဘတ် (John Logie Baird) က တီထွင်ခဲ့သည်(National Sciences, 2018)။
ဤတီထွင်မှုနှစ်ခုလုံးသည်ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများအား အမျိုးမျိုးသော နယ်ပယ်များအတွက် အလွန်အခြေခံကျသော တီထွင်မှုများ၏အစဖြစ်၍ သတင်းထုတ်လွှင့်ခြင်း၊ ဖျော်ဖြေရေး၊ ဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် နည်းပညာ ဖြန့်ဝေခြင်းတို့အတွက် ပံ့ပိုးကူညီသည်။
ရေဒီယို၏ အခန်းကဏ္ဍသည်အတိတ်ကာလက လွှမ်းမိုးခဲ့သော်လည်း လက်ရှိအချိန်တွင် ရုပ်မြင်သံကြားစက်များသည် သင့်တင့်သော ကုန်ကျစရိတ်နှင့် အလွယ်တကူရရှိနိုင်သောကြောင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ရုပ်မြင်သံကြားအခန်းကဏ္ဍ၏အရေးပါမှုသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လျက်ရှိနေသည်။
ယနေ့ခေတ်တွင်အခြားသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ပေါ်ပေါက်လာခြင်းသည် နိုင်ငံရှိ လူအများအပေါ် ရေဒီယိုအနေဖြင့် ဆွဲဆောင်နိုင်မှု လျော့နည်းနိုင်သည်။ သို့သော်လည်း ရေဒီယိုသည် ဝေးလံသောဒေသတွင် နေထိုင်သော ပြည်သူများအတွက် (သို့မဟုတ်) ခေတ်မီဆက်သွယ်ရေး နည်းပညာများနှင့် မိတ်ဆက်ခြင်း မပြုရသေးသော နိုင်ငံ၏ကမ်းရိုးတန်းဒေသများအတွက်အကောင်းဆုံး ဆက်သွယ်ရေးနည်းလမ်း ဖြစ်သည်။
ရေဒီယိုသည် သဘာဝဘေးအန္တရာယ်ကျရောက်စဉ်နှင့် ပင်လယ်ပြင်ကဲ့သို့ ဆက်သွယ်ခက်ခဲ၍ လက်လှမ်းမမီသောဒေသများ၊ တောင်တန်းဒေသများနှင့်အခြားဝေးလံခေါင်သီသောဒေသများတွင် အထိရောက်ဆုံး ဆက်သွယ်ရေးနည်းလမ်းဖြစ်သည်။
အာရှနိုင်ငံများတွင် ဆင်းရဲသော လယ်သမားအမြောက်အများသည် စိုက်ပျိုးရေးဆိုင်ရာသတင်းအချက်အလက်ရရှိရန် ရေဒီယိုကိုအသုံးပြုကြသည်။ လယ်သမားများ၏အိမ်တွင် ရေဒီယို (သို့မဟုတ်) ရုပ်မြင်သံကြား ရှိနေခြင်းသည် စိုက်ပျိုးရေးနည်းပညာများ လက်ခံမှုအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိပါသည်။
မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအတွက် အကျိုးရှိစေသော ရေဒီယိုအစီအစဉ်များကို စိုက်ပျိုးရေးပညာရှင် ဉီးမြင့်ဆွေမှ (FM, AM) ရေဒီယိုများတွင် အပတ်စဉ် ထုတ်လွင့်နေပါသည်၊ ယခုထက်ပိုထုတ်လွှင့်နိုင်အောင် တောင်သူများကြား စစ်တမ်းများ (Survey Analysis) ကောက်ယူ၍ ရေဒီယို၊ ရုပ်မြင်သံကြား မည်သည်က ကျေးလက် နေ တောင်သူများ အတွက်ပိုမိုထိရောက်သည်ဆိုသည်ကို သုတေသနပြု၊ တိုးချဲ့ လုပ်ဆောင်သင့်ပါသည်။
ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များသည်အခြားစိုက်ပျိုးရေးတိုးချဲ့ပညာနည်းစနစ်များနှင့်အတူအခြားနည်းလမ်းများနှင့်ပေါင်းစပ်အသုံးပြုခြင်းအားဖြင့်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပိုမိုထိရောက်နိုင်သည်။
ထို့ဖွံ့ဖြိုးဆဲနိုင်ငံများရှိကျေးလက်ဒေသများတွင်စိုက်ပျိုးရေးဆိုင်ရာဗဟုသုတများကိုမျက်နှာချင်းဆိုင်ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့်ဖြန့်ဝေခြင်းတွင်လယ်သမားများနှင့်စိုက်ပျိုးရေးတိုးချဲ့ပညာပေးမှုအချိုးအားဖြင့် အကန့်အသတ်ရှိပါသည်။ ရေဒီယိုနှင့်ရုပ်မြင်သံကြားလိုင်းများသည်ဂြိုဟ်တုများနှင့် အင်တင်နာများမှ တဆင့်ထုတ်လွှင့်နိုင်ခြင်းကြောင့် အချိန်နှင့်အမျှလူအများစုထံ ရောက်ရှိနိုင်သည့်အစွမ်းရှိပါသည်။
ထို့အပြင် အနာလော့(( analogue) မှဒစ်ဂျစ်တယ် (Digital) ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုသို့ ပြောင်းလဲခြင်းသည် ရေဒီယိုနှင့်ရုပ်မြင်သံကြားကြိမ်နှုန်းများ၏ သုံးစွဲနိုင်မှုနှင့် ရောက်ရှိနိုင်စွမ်းကို ပိုမိုကျယ်ပြန့်စေသည်။
မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအားလုံးတွင် မီဒီယာ၏အခန်းကဏ္ဍကို ကျော်လွန်ပြီး အလေးပေး၍ မရပါ။ ရေဒီယိုနှင့်ရုပ်မြင်သံကြားများသည် လူထုပညာပေးရေးအတွက် လက်နက်ကိရိယာများ ဖြစ်သည်။ ရေဒီယိုနှင့်ရုပ်မြင်သံကြားကို ပညာပေးခြင်း၊ သတင်းပေးခြင်း၊ ဖျော်ဖြေခြင်းနှင့်ယေဘုယျအားဖြင့် လူမှုရေးလှုပ်ရှားမှုများတွင်လည်းပဲ အသုံးပြုနိုင်သည်။
မြန်မာနိုင်ငံအတွက် ဗမာ့အသံ (Bama Athan “Voice of Burma”) မှ ပုံမှန်အစီအစဉ်ကို ၁၉၄၆၊ ဖေဖော်ဝါရီတွင်စတင်ခဲ့သည်။ ဗြိတိသျှတို့လက်ထက်က တည်ထောင်ခဲ့ပြီး ဗမာ့အသံလွှင့်ဌာန (BBS Burma Broadcasting Service) ကို မြန်မာဘာသာနှင့် ပြည်တွင်းသတင်းနှင့်နိုင်ငံခြားသတင်းနှင့်ဂီတဖျော်ဖြေရေး၊ အသိပညာပြန်ကြားရေး၊ ကျောင်းသင်ခန်းစာ၊ အင်္ဂလိပ်ဘာသာ တို့ကို ထုတ်လွှင့်ခဲ့ပါသည်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် မြန်မာ့အသံ ဟုအမည် ပြောင်းလဲခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ဘမာ့အသံလွှင့်ဌာန ရေဒီယိုအားမြန်မာရေဒီယိုနှင့်ရုပ်မြင်သံကြား (MRTV) ဟုအစိုးရက အမည်ပြောင်းခဲ့သည်။ ၂၀၀၁ ခုနှစ်တွင်ရန်ကုန်မြို့ ဖက်အမ်ရေဒီယို (FM) စတင်သည်အထိ BBS / Myanmar Radio သည်တိုင်းပြည်၏ရေဒီယိုအသံလွှင့်ရုံသာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ၏ တယ်လီဗီးရှင်း ဝန်ဆောင်မှုကို ၁၉၇၉ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်၌ စမ်းသပ်မှုအဖြစ် စတင်ခဲ့သည်။ MRTV ကို ၁၉၈၀ ပြည့်နှစ်၊ ဇွန် ၃ ရက်တွင်စတင်ခဲ့သည်။ ပုံမှန်တီဗွီဝန်ဆောင်မှုကို ၁၉၈၁ တွင် အမ်တီအက်စီ (NTSC) စံနှုန်းဖြင့် တရားဝင်စတင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာရေဒီယိုနှင့်ရုပ်မြင်သံကြားသည် နိုင်ငံတစ်ဝန်း ရုပ်မြင်သံကြားလွှင့်ဌာန ၁၉၅ ခု ရှိနေပါသည်။
ယခုခေတ်ပေါ် လက်ကိုင်တယ်လီဖုန်း (Mobile Phone) များမှလည်း တောင်သူပညာပေးလုပ်ငန်းများ အကျိုးရှိထိရောက်စွာ ပြုလုပ်နိုင်ပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရ ဉီးသိန်းစိုးမင်းနှင့် ဒေါ်ရင်ရင်ဖြူတို့ တီထွင်ထားသော အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ် (Greenway Software) သည် တောင်သူများအတွက် နည်းပညာဗဟုသုတများ၊ သတင်းအချက်အလက်များ ပံ့ပိုးပေးမှုများသာမက စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးအတွက် တောင်သူများ၊ ပညာရှင်များ၊ စိုက်ပျိုးရေးအရောင်းဆိုင်များ၊ ကုန်သည်/ပွဲရုံများအတွက် စနစ်တကျစဉ်းစား အကောင်အထည် ဖော်ဆောင်ထားသည်။
တေင်သူများ၏ စိုက်ပျိုးရေးနည်းပညာများကို ပညာရှင်များနှင့် ဆွေးနွေးနိုင်သည်။ လိုအပ်သော မျိုးစေ့၊ မြေသြဇာ သွင်းအားစုများအတွက် အစိမ်းရောင်လမ်းပေါ်မှ စိုက်ပျိုးရေး အရောင်ဆိုင်များနှင့် ချိတ်ဆက်၍ တိုက်ရိုက်ဝယ်ယူနိုင်သည်။ ထွက်လာသော သီနှံများကို ကုန်သည်/ပွဲရုံများနှင့်သာမက စားသုံးသူများထံထိပါ တိုက်ရိုက်ရောင်းချနိုင်သည်။ စိုက်ပျိုးရေးကို စီးပွားရေးအနေဖြင့် စနစ်တကျ လုပ်ဆောင်လာစေရန်အတွက် ကုန်ကျစရိတ်များ၊ နေ့စဉ် စိုက်ပျိုးရေးလုပ်ငန်းများမှတ်တမ်းထားခြင်းမှတစ်ဆင့် အရှုံးအမြတ် သိရှိစေရန် "အစိမ်းရောင်မှတ်တမ်း" ကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်။
ယခုအခါ ထိုအစိမ်းရောင်မှတ်တမ်းကို အကျိုးတူစိုက်ပျိုးရေးကုမ္ပဏီများအတွက် (Contract Farming) ဖော်ဆောင်နေသည့်အတွက် ကုမ္ပဏီများအတွက် လုပ်ငန်းစီမံခန့်ခွဲရာတွင်နှင့် ထုတ်ကုန်ထောက်လှမ်းစုံစမ်းသည့်စနစ် (Traceability) အတွက် ပိုမိုအဆင်ပြေလာနိင်တော့မည်။ လက်ရှိတွင် အစိမ်းရောင်လမ်းကို အသုံးပြုနေသူပေါင်း (Verified Users) ၂၉၀,၀၀၀ နီးပါး ရှိနေပါသည်။
ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့မှလည်း တောင်သူလယ်သမား ဦးကြီးများအတွက် ခေတ်မီဖုန်းများမှတဆင့် အခြေခံစိုက်ပျိုးရေးပညာသင်တန်း (Basic Agricultural Science)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးရေးသင်တန်း (Agroforestry)၊ မွေးမြူရေးဆိုင်ရာ အာဟာရဓာတ်ပညာ သင်တန်း ( Animal Nutrition) များကို ပို့ချပေးနိုင်ဖို့ စီစဉ်နေပါပြီ။
သို့ဖြစ်ပါ၍ ခေတ်မီနည်းများဖြင့် တောင်သူဉီးကြီးများကို ကူညီဆောင်ရွက်ကြပါစို့ဟူ၍ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။