ဆောင်းလေအေးအေးလေးနဲ့ ဒီဇင်ဘာလရောက်လာပြီဆိုတော့ ဉီးကြီးတို့စိုက်ပျိုးထားတဲ့ဝဉတွေကို ရိတ်သိမ်းကြတော့မယ် မဟုတ်လား။ ယေဘုယျအားဖြင့် အရွက်များအဝါရောင်ပြောင်းခြင်း ၊ နွမ်းခြောက်သေသွားခြင်း၊ ဝဥအပြင်ခွံသည် မဲညစ်ညှစ် အရောင်များ ဖြစ်လာပြီးနောက် အရွက်များကျသွားပါက ဥတည်နေရာ အလွယ်တကူ ရှာဖွေတွေ့ရှိရန် ခက်ခဲသောကြောင့် အပင်ကျချိန်မတိုင်မီ ပန္နက်တိုင်များစိုက်၍ မှတ်ထားပြီး၊ အပြည့်အဝရင့်မှည့်ချိန်ရောက်ရှိမှသာ ရိတ်သိမ်းသင့်သည်။ အပင်ကျပြီးနောက် (၂)ပတ်အကြာတွင် ရိတ်သိမ်းလျှင် အသင့်တော်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပင်ကျပြီးနောက် ဥနှင့်ပင်စည်ဆက်သောနေရာတွင် မျက်စိပျော့သောကြောင့် ၎င်းပျော့နေသောနေရာ မာလာရန် အချိန်ပေးခြင်းအတွက်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝဥတွင် ပါဝင်သော mannanပါဝင်မှုကိုလည်း မထိခိုက်နိုင်တော့ပေ။
ဝဥကို သံတူရွင်း၊ဂေါ်ပြားတို့ကို အသုံးပြုပြီးတူးဖော်နိုင်ပါတယ်။ တူးနေစဉ်အတွင်း ဝဥများ မထိခိုက်စေရန်အတွက် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။ ရိတ်သိမ်းချိန်တွင် ဝဥ၏ အပြင်ခွံကို ထိခိုက်မိတတ်ပြီး ၎င်းထိခိုက်တတ်သည့် အစိတ်အပိုင်းမှနေ၍ အပင်ပုပ်ရောဂါများဝင်ရောက်ပြီး သိုလှောင်သည့်အရည်အသွေးသိသိသာသာ ကျဆင်းသွားသည့်အတွက် ဂရုတစိုက်တူးဖော်မှု ပြုရန် အရေးကြီးသည်။
ဝဉများကို ရိတ်သိမ်းပြီးသည်နှင့် ဈေးကောင်းရရှိရန် စောင့်နေချိန် (သို့) ဈေးကွက်သို့ မတင်ပို့သေးဘဲ သိုလှောင်သိမ်းဆည်းထားသော အခြေအနေတွင် မပျက်စီးစေရန်အတွက် (၁)လေဝင်လေထွက် ကောင်းစေခြင်း (၂)အပူချိန်မများစေရန် လျှော့ချခြင်းနှင့် (၃)ပုံမှန်စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။ လေဝင်လေထွက် ကောင်းစေခြင်းသည် ဝဥရဲ့ မျက်နှာပြင်ကို အစိုဓာတ်များခြင်းမှ ကာကွယ်ခြင်း နဲ့ အပူချိန်သင့်တင့် မျှတစေသည့်အတွက် လေဝင်လေထွက်ကောင်းရန် အလွန်အရေးကြီးပါသည်။ အပူချိန်အနည်းငယ်ပေးခြင်းဖြင့် အညှောင့်ပေါက်ခြင်းနဲ့ ပုပ်ခြင်းကို မဖြစ်စေတော့ပဲ အခန်းအတွင်း အပူချိန် ၁၂-၁၅ဒီဂရီစင်တီဂရိတ် ဝန်းကျင် လောက်သာဖြစ်သင့်ပါသည်။ အလွန်အေးသွားသည့်အခါ ဇီဝကမ္မဖြစ်စဉ်များကို ဆိုးရွားလာနိုင်စေပါသည်။ ဥပမာ-ချီးလီးအင်ဂျူရီ၊ ဝဥအညှောင့်ထွက်ခြင်း၊ ဥပုပ်ခြင်း၊ ကြွက်နှင့် အခြားဖျက်ပိုးများ ဖျက်စီးခြင်းရှိမရှိကို အချိန်မီ သိရှိစေရန်အတွက် ပုံမှန်မကြာခဏ စစ်ဆေးရန် အထူးလိုအပ်ပါတယ်။ ယေဘုယျအားဖြင့် သိုလှောင်ထားစဉ်အတွင်း လေဝင်လေထွက်ကောင်းမွန်စွာ ရရှိခြင်းနှင့် သင့်တင်မျှတတဲ့ အပူချိန်သာရရှိမည်ဆိုရလျှင် ဝဥများ၏ အရည်အသွေးကို ကာကွယ်ပေးနိုင်ပါသည်။ ဝဥများသည် အပူပိုင်းဒေသတွင် စိုက်ပျိုးသည့် သီးနှံများကဲ့သို့ စိုထိုင်းဆ မြင့်မားလျှင် ပုပ်သိုးပျက်စီးလွယ်ပါသည်။
ဝဥအားမိရိုးဖလာနည်းအရ သိုလှောင်နည်း
(၁)လိုအပ်သောအချိန်(ရောင်းမည့်အချိန်ထိ) သိုလှောင်သိမ်းဆည်းနည်း
ဝဥတွေကို ရိတ်သိမ်းပြီးနောက် မျိုးအတွက် ပြန်လည်စိုက်ပျိုးရန်နှင့် ရောင်းချရန်ဥများကို အခြောက်ခံခြင်းများ ပြုလုပ်ရပါမည်။ အခြောက်ခံခြင်းပြီးပါက ပင်စည်(ဥ)ကို လက်ဖြင့် အသာပွတ်ကြည့်ပါက အပေါ်ခွံမျက်နှာပြင်၌ ဒဏ်ရာအနာတရ ဖြစ်ပေါ်နေခြင်း မရှိလျှင် အခြေအနေကောင်းသည်။ ပြန်စိုက်မည့် မျိုးဥများကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ခြင်း၊ ပက်ဖြန်းခြင်းပြုလုပ်ထားသင့်သည်။ မျိုးဥများကို အအေးဓါတ်လွန်ကဲသောနေရာများ၌ မသိုလှောင်သင့်ပါ။ အညှောင့်ပေါက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ တူးဖော်ပြီးဝဥများကို စင်များဖြင့် စနစ်တကျစီ၍ အရိပ်အောက်တွင်ထားခြင်း၊ ဥအဆင့်(၃)လွှာခန့်သာ စုပုံခြင်း၊ သိုလှောင်ဥ၌ အနာအပုပ်များရှိပါက ထုံး(သို့မဟုတ်) ပြာသုတ်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ စင်အနေဖြင့် ဝါးစင်ထိုး၍ သိုလှောင်နိုင်သည်။ ဝါးစင်ထိုး၍ သိုလှောင်ရန် အချိန်မပေးနိုင်သောသူများအတွက် အရိပ်ရှိသော မြေကြီးပေါ်တွင်လည်း သိုလှောင်ခြင်းကို ပြုလုပ်နိုင်ပါသည်။ သိုလှောင်ရာတွင် အေးမြခြောက်သွေ့သော နေရာနှင့် လေဝင်လေထွက်ကောင်းသောနေရာများတွင် သိုလှောင်ပေးရပါမည်။ ရိတ်သိမ်းရာတွင် ရရှိလာသော ထိခိုက်ဒဏ်ရာများကို ဓါး(သို့မဟုတ်) ဇွန်းကို အသုံးပြု၍ အနာကို ဖဲ့ထုတ်၊ ခြစ်ထုတ်ခြင်းပြုလုပ်ပေးနိုင်သည်။ ထို့နောက် ၎င်းခြစ်ထုတ်ထားသော နေရာတွင် ထုံး(သို့မဟုတ်) ပြာ အနည်းငယ် လူးပေးပြီး အခြောက်ခံပေးခြင်းဖြင့် ဒဏ်ရာရထားသောဝဥနင့် ထိတွေ့ရသော အခြားဝဥများသည် ရောဂါဝင်ရောက်ခြင်းဒဏ်မှ ကင်းဝေးနိုင်ပါသည်။ ပြန်လည်စိုက်ပျိုးရန်အတွက်လည်း မျိုးညှောင့်ပေါက်ရာတွင် အနှောင့်မယှက်မဖြစ်နိုင်ပေ။
ဒီနည်းလမ်းလေးကတော့ ချင်းပြည်နယ်မှာ ဝဥစိုက်ပျိုးတဲ့ တောင်သူဦးကြီးတွေရဲ့ အသုံးပြုမှုအများဆုံးသော ဝဥမျိုးသိုလှောင်နည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝဥမျိုးသိုလှောင်နိုင်တဲ့ အခြားနည်းလမ်းတွေကို လေ့လာမှတ်သားမိသလောက် ဆက်လက်ပြောပြပါအုံးမယ်ရှင့်
(၂)စပါးကျီကဲ့သို့ ဝဥကျီများပြုလုပ်၍ သိုလှောင်သိမ်းဆည်းနည်း
ဝဥကျီတွေကို အများအားဖြင့် အရိပ်ရတဲ့နေရာတွင် ထားရှိကြပါတယ်။ ရာသီဉတုဒဏ်နှင့် အင်းဆက်ရန်မှ ကာကွယ်ရန်သာမက လုံလောက်တဲ့လေဝင်လေဝင်လေထွက် ရရှိရန်အတွက် ဝဥကျီထဲတွင် သိုလှောင်ကြပါတယ်။ ဝဥများများ သိုလှောင်သိမ်းဆည်းနိုင်ရန် ဝဥကျီက ၆ပေအထက်ရှိသင့်ပါတယ်။ ဝဥကျီထဲတွင် ဝဥကို အများဆုံး ၆လခန့်အထိ သိုလှောင် သိမ်းဆည်းနိုင်ပါတယ်။ ဝဥမျိုးများစွာကို သိုလှောင်မှာဖြစ်တဲ့အတွက် သိုလှောင်ချိန်အတွင်း ဝဥတစ်လုံးနှင့် တစ်လုံးထိတွေ့ရာကနေ ရေငွေ့ပျံခြင်းမှတဆင့် ဝဥတွေပုပ်မလာစေဖို့အတွက် ဝဥကိုသိုလှောင်ထားနိုင်တဲ့ အခြေအနေကို ပြင်ဆင်ထားရပါမယ်။ သိုလှောင်နေစဉ် ဝဉပုပ်ခြင်းဖြစ်စေနိုင်တဲ့အတွက် အလေအလွင့် ဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ပါတယ်။ မှိုကြောင့် ဝဥပုပ်ခြင်း ဖြစ်ပေါ်တဲ့အခါ မှိုသတ်ဆေး ဘန်းလိတ်၊ကပ်တန်၊သိုင်ဘန်ဒါဇိုးတို့ကို အသုံးပြုနိုင်ပါတယ်။
(၃)မြေအောက်တွင် သိုလှောင်သိမ်းဆည်းနည်း
ဝဥတွေကို မြေကြီးတွင်း၊ရေတွင်းပျက် စသောတွင်းများတွင်လည်း သိုလှောင်သိမ်းဆည်းနိုင်ပါသေးတယ်။ သင့်တော်တဲ့သိုလှောင်နည်းဖြစ်တဲ့အတွက် စောစောစိုက်ထားတဲ့ ဝဥမျိုးများကို မိုးရာသီမကုန်ခင် ထဲက ရိတ်သိမ်းပြီး သိုလှောင်နိုင်ပါတယ်။ သိုလှောင်ကျင်းရဲ့ အပူချိန်သင့်တင့်မျှတစေရန် မြေကျင်းပေါ်တွင် ဝဥအရွက်တွေကို ဖြတ်ပြီးထားခြင်းဖြင့် အပူချိန်ကို သင့်တင့်မျှတစေပါတယ်။ မြေကြီးထဲတွင် သိုလှောင်တဲ့အခါ အဓိက ကြုံတွေ့ရတဲ့ပြသနာက ကြွက်ရန်ပါ။ မြေကြီးထဲတွင် ၅လ ၆လ ကြာသည်အထိသိုလှောင်နိုင်ပြီး ပုပ်သိုးခြင်း ၁၀ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ပါတယ်။
ဝဥမျိုးများသိုလှောင်နေစဉ်အတွင်း ဝဥမျိုး၏ အရည်အသွေးနှင့်အရေအတွက် ဆုံးရှုံးမှု ဖြစ်ရတဲ့ အချို့အချက်တွေကတော့ ရေငွေ့ပျံခြင်း၊ မျိုးညှောင့်ပေါက်ခြင်း စသည့် ဇီဝကမ္မဖြစ်စဉ်တွေအပြင် အခြားသော အင်းဆက်၊ ဖျက်ပိုး၊ ကြွက်၊ မှိုနှင့် ဘတ်တီးရီးယားတို့ကြောင့်လည်း ပျက်စီးဆုံးရှုံးမှု ပိုများပါတယ်။ ဝဥကို ရိတ်သိမ်းချိန်တွင် အပြင်ခွံ့ထိခိုက်မိတတ်ပြီး ထိုအစိတ်အပိုင်းမှနေ၍ အပင်ပုပ်ရောများ ဝင်ရောက်လာကာ သိုလှောင်ထားစဉ် အရည်အသွေးသိသိသာသာကျဆင်းသွားနိုင်တဲ့အတွက် ဂရုတစိုက် တူးဖော်မှုပြုရန် အလွန်အရေးကြီးပါတယ်။
ဝဥအဆိုးအကောင်းကို အပြင်ပန်းရွေးချယ်ရန်ခက်ခဲသော်လည်း ထိခိုက်ဒဏ်ရာရရှိသော ဥများနှင့် ရောဂါပိုးမွှားကျရောက်နေသော ဥများကပင်စည်ပုပ်ရောဂါများ ရောထွေးဝင်လာနိုင်ပြီး အခြားကျန်းမာ သန်စွမ်းသော ဥများကို ကူးစက်ပြန့်နှံ့မှုဖြစ်နိုင်တဲ့အတွက် ခွဲခြားမှု ပြုလုပ်ထားရန် အလွန်အရေးကြီးပါတယ်။ အရေးကြီးဆုံးအချက်အနေဖြင့် ရောဂါနှင့် ပင်စည်တွင်အနာတရမရှိဘဲကောင်းမွန်တဲ့ ဥများကို ရွေးချယ်သိုလှောင်ခြင်းက အရည်အသွေးရော အရေအတွက်ပါထိရောက်မှုကောင်းသည်ကို တွေ့ရပါတယ်။
ဝဥမျိုးများကို မသိုလှောင်ခင် အခြောက်ခံခြင်းကိုလည်း သေချာစွာပြုလုပ်ရပါမယ်။ အခြောက်ခံရာတွင် နေလှန်းခြင်း (သို့မဟုတ်) လေဖြင့်အခြောက်ခံခြင်း ကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြု၍ ရပါတယ်။ကောင်းစွာရင့်မှည့်ခြင်းမရှိသော ဥနှင့် ဘေးမြစ်ဖု များကိုတော့ ၁၅-၂၀ရက် ခန့် အခြောက်ခံရန်လိုအပ်ပါတယ်။လွန်ကဲစွာ အခြောက်ခံမိပါက ပြန်လည်စိုက်ပျိုးချိန်တွင် အပင်ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။
ဉီးကြီးများရှင့် ဝဥမျိုးများကို ပြန်လည်စိုက်ပျိုးရန် သိုလှောင်မည်ဆိုပါကလည်း အထက်ပါနည်း အတိုင်း သိုလှောင်နိုင်ပါတယ်။
ဝဥစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်မှ မှီငြမ်းရေးသားထားပါသည်။
ဝဥမျိုးသိုလှောင်နည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်