Teaching Tips (Part – 2)
ယခုတစ်ခါတော့ ကိုဗစ်နောက်ပိုင်း ခေတ်စားလာသော အွန်လိုင်းဖြင့် အဝေးမှသင်ယူနည်းစနစ် (Online Learning) (သို့မဟုတ်) အဝေးသင်ပညာရေး (Distance Education) (သို့မဟုတ်) အွန်လိုင်းပညာရေး (Online Education) နှင့် နှစ်ခုရောနှောသင်ကြား၊ သင်ယူရေး (Blended Teaching and Learning) အကြောင်း ဆွေးနွေးရအောင်ပါ။
အွန်လိုင်းပညာရေးအဓိပ္ပာယ်မှာ စာသင်ကြားမှုကို အီလက်ထရွန်နည်းအားဖြင့် ပညာရေးကို ရုပ်သံ ပသာဒအစုံ သင်ကြားမှု၊ အင်တာနက်မှတစ်ဆင့် ကွန်ပျူတာအခြေခံစနစ်အမျိုးမျိုးဖြင့် သင်ကြား၊ သင်ယူမှု အမျိုးမျိုးတို့ ဖြစ်ပါသည်။ (The instruction that is delivered electronically through various multimedia and Internet Platforms and Applications )
တချို့ကလည်း ကွန်ရက်အခြေခံသင်ကြားသင်ယူနည်း (Web-based Learning)၊ အီလက်ထရွန်နစ်သင်ယူနည်း (e-Learning)၊ ကွန်ပျူတာကူညီမှုဖြင့် သင်ကြားပို့ချမှု (Computer-assisted Instruction)၊ အင်တာနက်အခြေခံသင်ယူမှု (Internet-based Learning) အပြင် အစည်းအဝေး (meeting) များစွာကို နိုင်ငံမတူဘဲ တစ်ကမ္ဘာလုံးရှိလူများက မိမိနေရာ၊ ရုံး၊ အိမ်များမှ ဝင်ရောက် ပါဝင်ဆွေးနွေးခြင်းကို ဗွီဒီယိုဖြင့်ညှိနှိုင်းတွေ့ဆုံပွဲ (Video Conferencing)၊ အင်တာနက်အခြေပြု နှီးနှောဖလှယ်ပွဲ (Webinar) စသည်ဖြင့်လည်း ခေါ်ဝေါ်ကြပါသေးသည်။
ပုံ ၁ - အွန်လိုင်းသင်ယူမှုစနစ်
စာသင်ခန်းကို စာသင်ခန်းအစစ်နီးပါး (Virtual Classroom)၊ အွန်လိုင်းစာသင်ခန်း (Online Classroom)၊ သင်ယူမှုပတ်ဝန်းကျင် အစစ်နီးပါး (Virtual Learning Environment) စသည်ဖြင့်ခေါ်ဆိုနိုင်ပါသည်။ သင်ယူမှုပတ်ဝန်းကျင်မှာ သင်ကြားသူ၊ ဆရာ/မ (Trainer/Teacher) နှင့် သင်တန်းသား/သူ၊ ကျောင်းသား/သူ (Trainee/Student) အချိန်အတိအကျ အွန်လိုင်းတွေ့ဆုံမှု (Synchronous/ a real time) (သို့မဟုတ်) အချင်းချင်း အချိန်အတိအကျ တွေ့ဆုံစရာမလို (Asynchronous/People do not have to be online at the same time to communicate) စသည်ဖြင့် ဖြစ်နိုင်ပါသည်။
တချို့ဆရာများက မိမိသင်ကြားမှုများကို ကြိုတင်မှတ်တမ်းတင် (Record) ထားပြီး စာသင်ချိန် (Lecture Time) သို့မဟုတ် ယူကျု(YouTube) မှာ တင်ထားပေးရာ စာသင်သားက နားမလည်မချင်း ပြန်လည်နားထောင်နိုင်သည့် အခွင့်အရေး (Repeated Listening Opportunity) ရရှိလာပါသည်။ စာသင်သောဆရာကလည်း မိမိမအားလျှင် အချိန်အတိအကျတွေ့ဆုံစရာ မလိုတော့ပါ။
အကျိုးကျေးဇူးများ (Advantages )
မိမိအိမ်၊ မိမိအခန်းထဲမှပင် သင်ယူနိုင်ပါသည် (Learning from Home)၊ အဝတ်အစား၊ ရုံးဝတ်စုံ၊ ကျောင်းဝတ်စုံများမလိုပါ (No formal dress)။ သင်တန်း၊ ကျောင်း၊ ဟိုတယ် စသည့်နေရာများသို့ သွားရောက်ရမည့် သယ်ယူပို့ဆောင်ရေးစရိတ်များ (Transport Costs) ကုန်ကျစရာ မလိုတော့ပါ။ နေထိုင်စရိတ် (Accommodation)။ အစားအသောက်များ (Meals) စရိတ် ကုန်ကျစရာ မလိုတော့ပါ။ သင်တန်းဆရာနှင့် သင်တန်းသား၊ ကျောင်းသူ၊ ကျောင်းသား ဆက်သွယ်ရေးက အလွန်ရိုးရှင်း လွယ်ကူသွားပါသည်။ (မျက်နှာချင်းဆိုင်ဆိုရင် မေးခွန်းမမေးကြပေမဲ့ အွန်လိုင်းဆိုလျှင်တော့ စာသင်နေရင်း ဆက်သွယ်ရာနေရာလေး (Chat box)မှ မေးမြန်းနိုင်ခြင်း၊ လူမှုကွန်ရက် (Social Media) များဖြစ်သော မက်ဆင်ဂျာ (Messenger)၊ ဗိုက်ဘာ (Viber)၊ တယ်လီဂရမ် (Telegram) စသည်တို့မှ ဆက်သွယ်နိုင်ပါသည်။
မေးခွန်းများရသည့် ဆရာ၊ ဆရာမ၊ သင်တန်းနည်းပြများကလည်း မိမိအားသည့် အချိန်ကျမှ အေးအေးဆေးဆေး ပြန်လည်ဖြေကြားနိုင်ပါသည်။ သင်ကြားပို့ချဆွေးနွေးချက်များကိုလည်း အသံဖမ်း၊ မှတ်တမ်းတင်ခြင်း (Recording) ပြုလုပ်ထားသဖြင့် ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူများ အားလပ်သည့်အချိန် ပြန်လည်နားထောင်နိုင်သည့် အခွင့်အရေးရပါသည်။ နားထောင်နေစည် မအားသေးပါကလည်း ခဏရပ်ထား (Pause)နိုင်ပြီး ဆွေးနွေးမှု ရောက်ရာနေရာက ပြန်လည်နားထောင် (Resume) နိုင်သည့် အခွင့်အရေးရပါသည်။
ယနေ့လူငယ် မျိုးဆက်သစ်များ၌ လက်တော့ (Laptop)၊ တက်ဘလက် (Tablet)၊ ခေတ်မီလက်ကိုင်ဖုန်း (Mobile Smart Phone) များ လူတိုင်းရှိကြရာ ကျောင်းသွား၊ ရုံးသွား၊ အလုပ်ထဲသွားရင်း ကားပေါ်၊ ရထားပေါ် အချိန်ပို၊ အချိန်အားများတွင် တစ်ဦးနှင့်တစ်ဦး အချိန်မရွေး ဆက်သွယ်နိုင်သည့်အတွက် အခွင့်အရေးများစွာ ရရှိလာပါသည်။
ဆိုးကျိုး၊ အားနည်းချက်များ (Disadvantages)
ကျွန်တော်တို့ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များတွင် လက်တွေ့လုပ်ကိုင်ရန် ရှိလာပါက အားနည်းပါလိမ့်မည် (Not able to do Practical Sessions)။ အင်တာနက် (Internet)၊ ဝိုင်ဖိုင် (Wi-Fi )၊ တယ်လီဖုန်းဖြင့်သုံးရန် အချက်အလက်ဝယ်ယူစရိတ် (Mobile data cost)၊ ကွန်ပျူတာ (Computer)၊ လက်တော့ (Laptop)၊ အဆင့်မြင့်လက်ကိုင်ဖုန်း (Mobile Smart Phone) စသည်တို့ဝယ်ယူရန် ကုန်ကျစရိတ်ရှိလာပါသည်။
အဆင့်မြင့်ဆက်သွယ်ရေးနည်းစနစ်များ (ဥပမာ - အီးမေးလ် (e-mail)၊ ဇွန်း ဆော့ဝဲ (Zoom App.) မိုင်ခရိုဆော့ ဆော့ဝဲ(MS Team App) စသည်တို့ အသုံးပြုတတ်ရပါမည်၊ လျှပ်စစ်မီး (Electricity) မှန်ကန်ရပါမည်။ သင်ကြားပေးသော ဆရာ၊ ဆရာမများက ခေတ်မီဆက်သွယ်ရေးနည်းပညာ (Modern Information and Communication Technology - ICT ) ကျွမ်းကျင်မှု ရှိနေရပါမည်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အွန်လိုင်းစနစ်သည် စိန်ခေါ်မှုများစွာ ရှိနေပါသည်။
အမေရိကန်နိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက အဆင့်မြင့်ပညာ သင်ကြားနေသူ ကျောင်းသူ၊ ကျောင်းသားအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် ဘာသာရပ်များစွာထဲမှ အနည်းဆုံးတစ်ဘာသာကို အွန်လိုင်း (Online Course) ဖြင့် သင်ယူနေကြပါပြီ။ ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့- ယူနက်စကို (United Nations Educational, Scientific and Cultural organization - UNESCO) ၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ဖြစ်ပြီးနောက်ပိုင်း နိုင်ငံ ၁၉၀ ကျော်က သင်ယူသူပေါင်း သန်း ၁၆၀၀-ကျော်က အွန်လိုင်းနှင့် သင်ကြားနေပါပြီ။ ယနေ့ခေတ် ကမ္ဘာ့ကုမ္ပဏီ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း (Institutional students ) များ၏ ၅၀ ရာခိုင်နှုန်းက အီလက်ထရွန်နစ်သင်ယူမှု (e-Learning Platform) တွင်ပျော်မွေ့နေကြပါပြီ။
နောက်တစ်ခုက ဆရာနှင့်တပည့် ဆက်သွယ်လို့ရအောင် အီလက်ထရောနစ်မေးလ် - အီးမေးလ် (Electronic mail or e-mail) ရေးတတ်၊ ဖတ်တတ်အောင် သင်ပေးရပါမည်။ အီးမေးလ်သည် ယခု ခေတ်တွင် မရှိမဖြစ်လိုအပ်သော ကိရိယာ (Essential Tools) ဖြစ်နေပါပြီ။ အီးမေးလ်သည် အင်တာနက်သာရရှိပါက အမြန်ဆုံး တစ်ဦးနှင့်တစ်ဦး စာရေးဆက်သွယ်၍ရသော အမှာစကား (Message) ဖြစ်နေပါပြီ။ ယနေ့ခေတ် လူမှုကွန်ရက် (Social Media)သုံး စနစ်များဖြစ်သော မက်ဆင်ဂျာ (Messenger)၊ ဘိုင်ဗာ (Viber)၊ တယ်လီဂရမ် (Telegram) အစရှိသည်တို့မှလည်း တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့လိုက် (Group) စာတိုလေးများပေးကာ ဆက်သွယ်ရေးက အလွန်ကောင်းနေပါပြီ။
ပုံ ၂ - အီးမေးလ်ရေးနည်းစနစ်များ
ကျွန်တော်၏ ယခုဆောင်းပါးများ (Articles) ကို အစိမ်းရောင်လမ်းက တည်းဖြတ်သူ - အယ်ဒီတာ (Editor) ကိုဇင်ဘိုလွင် (စိုက်တက္ကသိုလ် ၂၀၀၇-ကျောင်းဆင်း)ထံ အီးမေးလ်နဲ့ပဲ ပေးပို့ပါသည်၊ သူကတည်းဖြတ်ပြီး အစိမ်းရောင်လမ်းရှိ အထွေထွေဗဟုသုတကဏ္ဍအောက်ရှိ အတွေးအမြင်ဆောင်းပါးများတွင် တနင်္လာနေ့တိုင်း တင်ပေးပါသည်။ (ယနေ့တော့ ပိတ်ရက်ခံသွား၍ အင်္ဂါနေ့ကျမှ တင်ဖြစ်သွားပါသည်) အလွန်ပင် လွယ်ကူရိုးရှင်းလှပါသည်။
ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အွန်လိုင်းသင်တန်းများ လက်ရှိ သင်ကြားနေရာ ကျေးလက်နေ တောင်သူလယ်သမားများက အီးမေးလ်၊ ဇွန်းဆော့ဝဲ (Zoom Application) အသုံးပြုပုံနည်းများ မသိကြသဖြင့် သင်တန်းတက်ရသည်မှာ အခက်အခဲရှိပါသည်။
သို့သော်လည်း ဘိုင်ဗာ၊ တယ်လီ ဂရမ်သုံး၍ သင်တန်းဆရာနှင် သင်တန်းသူ၊ သင်တန်းသားများ ဆက်သွယ်ကာ အမေး၊ အဖြေ များပြုလုပ်လျက်ရှိပြီး ရွှေရောင်လွင်ပြင် သင်တန်းသား၊ သင်တန်းသူဟောင်းများအဖွဲ့ (Golden Plain Alumni) လည်း ဖွဲ့စည်းထား၍ စနေဟောပြောပွဲ အစီအစဉ် (Saturday KSP – Knowledge Sharing Program)များ၊ မျိုးစေ့၊ ပျိုးပင်များ ရောင်းချရာ နေရာများကအစ သတင်းအချက်အလက် (Information) ဖြန့်ဝေခြင်းများကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်နေပါပြီ။
ပထမဆုံးအနေဖြင့် မိမိနာမည်နှင့် ဘဏ်စာရင်းဖွင့်သလို ကိုယ်ပိုင်အီးမေးလ် (e-mail account) ဖွင့်ရပါမည်။ မြန်မာနိုင်ငံတွင် ဂျီမေးလ် (Gmail) အသုံးများသဖြင့် ဂျီမေးလ် စာရင်း (Gmail account) ဖွင့်နိုင်ပါသည်။ မိမိ အသုံးပြုဂျီမေးလ် (ဥပမာ - [email protected])နှင့် လျှို့ဝှက်နံပါတ် (Password) ထည့်ရပါမည်။ ယခု မြန်မာစာစာလုံး (Myanmar Fonts - Pyidaungsu) များ သုံးရနေသဖြင့် အင်္ဂလိပ်စာ သိပ်သိစရာမလိုတော့ပါ။
ကျွန်တော်တို့ စိုက်ပျိုးရေးသင်တန်းသားတွေ မြန်မာစာနှင့် ကျွန်တော်တို့ဆီ အီးမေးလ်တွေ ပို့နေပါပြီ။ စာလက်ခံသူအပြင် တစ်ခြားသူတွေပါသိရှိစေလိုပါက (cc- Carbon Copy) ခံပြီး ပို့နိုင်ပါသည်။ စာလက်ခံသူ မသိစေလိုပါက (bcc – Blind Carbon copy) ခံပြီး ပေးပို့နိုင်ပါသည်။ နောက်တစ်ခုက သင်ကြားနေသော သင်ခန်းစာများကို ပူးတွဲ (Attachments) ပေးပို့နိုင်ခြင်းဖြစ်ပါသည်။ လက်ခံသူက ကူးယူ (Download)ပြီး ကွန်ပျူတာနှင့်တွဲထားသော ပုံနှိပ်စက် (Printer) ရှိပါက ပုံနှိပ် (Print)ပြီး မိမိအိမ်၊ ရုံးမှာပဲ အေးအေးဆေးဆေးဖတ်ရှုနိုင်ပါသည်။ ကျွန်တော်တို့ သင်တန်းသားများမှာ သင်ခန်းစာများကို ဤကဲ့သို့ရရှိနေသဖြင့် အလွန်အဆင်ပြေလှပါပြီ။
သင်တန်းသား၊ သင်တန်းသူများကိုလည်း အုပ်စုလိုက်ခွဲ (Breakout Sessions)ကာ အချင်းချင်း ဆွေးနွေးပြီး အဖွဲ့ထဲမှကိုယ်စားလှယ်တစ်ဦးက ပြန်လည်တင်ပြခြင်း (Presentation) ကိုလည်း ပြုလုပ်နိုင်ပါပြီ၊
အားနည်းချက်တစ်ခုကတော့ ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ လက်တွေ့ (Practical Works) လုပ်ပြရန်လိုသဖြင့် လူချင်းတွေ့ဆုံ သင်ကြားလျှင်တော့ ပိုမိုကောင်းမွန်ပါမည်။ ကျွန်တော်တို့အဖွဲ့ သည် မြန်မာနိုင်ငံ - ကမ္ဘာ့တောရိုင်းတရိစ္ဆာန်နှင့် အပင်များ ထိန်းသိမ်း ကာကွယ်ရေးရန်ပုံငွေအဖွဲ့ - ယခု ‘ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့’ (World Wildlife Fund – WWF Myanmar , WWF for Nature) ၏ စီမံကိန်းအရ တကယ်စိုက်ပျိုး လုပ်ကိုင်နေသော တောင်သူလယ်သမားများ၊ လူငယ်များနှင့် တွေ့ဆုံရာတွင်တော့ လက်တွေ့မြေဆီလွှာအကြောင်း၊ စိုက်ပျိုးနိုင်သော တောင်ယာစပါး၊ ဝဥ၊ ပဲတီစိမ်းနှင့် စားကျက်ပဲမျိုးရင်းဝင်အပင်များ၏ မျိုးစေ့များကို လက်တွေ့ယူဆောင်လာပြီး စိုက်ပျိုးနည်းစနစ်များ လက်တွေ့မေးမြန်းဆွေးနွေးခြင်းက ပိုမိုထိရောက်ပါသည်။
အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ တိုင်းပြည် တည်ဆောက်ရေးအတွက် ကျွန်တော်တို့ အားလုံး ကြိုးစားနေပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။