အာရှအကြီးဆုံးမွေးမြူရေးပြပွဲ VIV Asia ကပြောပြနေတဲ့ အနာဂတ်မွေးမြူရေးကဏ္ဍ

17/03/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အာရှတိုက်ရဲ့ အကြီးမားဆုံး မွေးမြူရေးပြပွဲကြီးဖြစ်တဲ့ VIV Asia 2023 ကို မတ်လ ၈ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Impact ပြပွဲခန်းမကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပြပွဲကို မြန်မာနိုင်ငံက မွေးမြူရေးလုပ်ငန်းရှင်တွေ၊ မွေးမြူရေးလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။ စာရေးသူအနေနဲ့လည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ တာဝန်ပေးချက်အရ သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။ ပြခန်းပေါင်း ၄၀၀၀ ကျော် ပါဝင်တဲ့ အဲဒီပြပွဲကြီးမှာ နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေလည်း ရာနဲ့ချီပြီး တွဲဖက်ကျင်းပခဲ့ပါတယ်။ 

အဲဒီပြပွဲကြီးဟာ အနာဂတ်မွေးမြူရေးကဏ္ဍရဲ့ အလားအလာကိုလည်း ဖော်ပြနေတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် အဲဒီ VIV Asia 2023 ပြပွဲက ညွှန်ပြနေတဲ့ မွေးမြူရေးကဏ္ဍရဲ့ အနာဂတ်မှာ ဘယ်လိုအနေအထားတွေရှိနိုင်မလဲဆိုတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။ 

(၁) ပဋိဇီဝဆေးဝါးတွေအတွက် နေရာကျဉ်းလာနေပြီ။

မွေးမြူရေးကဏ္ဍမှာ ပဋိဇီဝဆေးဝါးတွေကို တိရစ္ဆာန်ရောဂါကုသရေးအပြင် ကြီးထွားနှုန်းမြင့်မားဖို့အတွက် Growth Promoter အဖြစ်ပါ ဆယ်စုနှစ်များစွာ အသုံးပြုခဲ့ကြပါတယ်။ အခုတော့ဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာနဲ့ မွေးမြူရေးထုတ်ကုန် အသား၊ နို့၊ ဥ တွေထဲမှာ ပဋိဇီဝဆေးကြွင်းတွေ ကျန်ရစ်နိုင်တဲ့ ပြဿနာတွေကြောင့် ပဋိဇီဝ ဆေးဝါးတွေကို လျှော့ချသုံးစွဲဖို့ ဆော်သြလာနေကြပါပြီ။ 

VIV Asia 2023 ပြပွဲကြီးမှာလည်း ဒီအချက်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။ ပြခန်းပေါင်း ၄၀၀၀ ကျော်အနက် မွေးမြူရေးလုပ်ငန်းသုံး ပဋိဇီဝဆေးဝါးတွေကို ပြသတဲ့ ပြခန်းအရေအတွက်ဟာ အလွန်ကို နည်းပါးလှပါတယ်။

စာရေးသူသတိထားမိသလောက် ပြပွဲခန်းမကြီးရဲ့ နောက်ဆုံးအစွန်တန်းတစ်တန်းမှာပဲ အဲဒီဆေးဝါးတွေကို ပြသတဲ့ ကုမ္ပဏီအချို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီအများစုဟာလည်း Growth Promoter တွေထက် ကုသဆေးတွေကိုသာ အဓိက ပြသတာကို တွေ့ရပြန်ပါတယ်။

နောက်ထပ် ထူးခြားချက်တွေအနေနဲ့ ပဋိဇီဝဆေးဝါးတွေကို အဓိကထား ပြသ‌ ရောင်းချသူတွေဟာ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေသာ ဖြစ်နေတာကိုပါ။ ဥရောပကုမ္ပဏီတွေက ပဋိဇီဝဆေးဝါးတွေအကြောင်း ပြောကို ပြောတာ မတွေ့ရတော့ပါဘူး။ ဒီအချက်ဟာ အနာဂတ်မွေး မြူရေးကဏ္ဍမှာ ပဋိဇီဝဆေးဝါးတွေအတွက် နေရာကျဉ်းလာနေပြီဆိုတာကို အထင်အရှားပြသနေတာပါပဲ။ 

(၂) အင်ဇိုင်းနဲ့ ပရိုဘိုင်အိုးတစ်တွေ နေရာယူလာကြပြီ

ပဋိဇီဝဆေးတွေနေရာကျဉ်းလာတာနဲ့အမျှ အစာထဲမှာ ထည့်သွင်းရောစပ်ကြတဲ့ အင်ဇိုင်း (Enzyme) နဲ့ ပရိုဘိုင်အိုးတစ် (Probiotics) တွေက ပိုပြီးနေရာယူလာကြတာကို VIV Asia 2023 ပြပွဲအတွင်းမှာ တွေ့ရှိခဲ့ရပါတယ်။

တိရစ္ဆာန်မွေးမြူရေးဆိုတာ ကုန်ကြမ်းဖြစ်တဲ့ “အစာ”ကို စက်ယန္တရားနဲ့တူတဲ့ “တိရစ္ဆာန်”ရဲ့ ခန္ဓာကိုယ်ထဲ၊ အတိအကျပြောရရင် “အစာချေလမ်းကြောင်း” ထဲ ထည့်ပေးပြီး ကုန်ချောဖြစ်တဲ့ “အသား၊ နို့၊ ဥ” တွေကို ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေရဲ့ အစာချေစနစ် ကျန်းမာသန်စွမ်းရေးကို အာရုံစိုက်ကြပါတယ်။ အစာ‌ချေစနစ်က အစာတွေကို ထိထိရောက်ရောက်ချေဖျက်နိုင်ဖို့နဲ့၊ ရောဂါပိုးမွှားတွေ ကင်းစင်နိုင်ဖို့ အင်ဇိုင်းနဲ့ ပရိုဘိုင်အိုး တစ်တွေကို ပိုပြီးအသုံးချလာတာကို တွေ့ရပါတယ်။ ဥရောပကုမ္ပဏီကြီးတွေက ပြပွဲအတွင်း အပြိုင်အဆိုင် ယှဉ်ပြိုင်ပြီး ပြသတာလည်း အဲဒီထုတ်ကုန်တွေပဲ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ 

လူတွေစားသုံးတဲ့ အစားအသောက်တွေ (ဥပမာ ဒိန်ချဉ်) မှာသာ ပရိုဘိုင်အိုးတစ်တွေကို အသုံးပြုတာ မဟုတ်တော့ဘဲ တိရစ္ဆာန်အစာတွေမှာပါ ထည့်သွင်းအသုံးပြုခဲ့တာတော့ ကာလတစ်ခု ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုတစ်ခေါက်ပြပွဲမှာ ဒိန်းမတ်ကုမ္ပဏီတစ်ခုက နွားစာ မြက်ချဉ်ဖတ် သိပ်ဖို့အတွက် ပရိုဘိုင်အိုးတစ်ကိုပါ ထုတ်လုပ်ထားပြီး ဈေးကွက်ချဲ့ထွင်ရောင်းချနေတာကို စိတ်ဝင်စားဖွယ် တွေ့ရှိခဲ့ရပါတယ်။

နေရာတကာမှာ ပရိုဘိုင်အိုးတစ်တွေက ဝင်ပါနေတော့မှာလားလို့ တွေးဆစရာပါပဲ။ 

ဒါကလည်း VIV Asia 2023 ပြပွဲရဲ့ ထူးခြားတဲ့အချက်ဖြစ်သလို အနာဂတ် မွေးမြူရေးကဏ္ဍအတွက် မီးမောင်းထိုးဖော်ပြချက်တစ်ရပ်လည်း ဖြစ်ပါတယ်။

(၃) ဇီဝနည်းပညာက ရှေ့တန်းရောက်လာလိမ့်မယ်

အနာဂတ်မှာ မွေးမြူရေးလုပ်ငန်းသုံး သွင်းအားစုတွေအများစုဟာ ဇီဝနည်းပညာ (Biotechnology) ကို အခြေခံတဲ့ သွင်းအားစုတွေပဲ ဖြစ်လာပါလိမ့်မယ်။ အတိအကျပြောရရင်တော့ မော်လီကျူလာအဆင့်ထိ အနုစိတ်တဲ့ သွင်းအားစုတွေ ဖြစ်လာတော့မှာပါ။

ဥပမာအားဖြင့် ရောဂါကာကွယ်ဆေးတွေအားလုံးဟာ သမားရိုးကျ နည်းလမ်းဟောင်းတွေနဲ့ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ မဖြစ်နိုင်တော့ပါဘူး။ ဇီဝနည်းပညာကို နက်နက်နဲနဲ အသုံးချပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ ဖြစ်လာဖို့ ရှိပါတယ်။ ပြပွဲအတွင်း စာရေးသူ ဝင်ရောက်လေ့လာဖြစ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဆိုရင် တရုတ်နဲ့ စင်ကာပူမှာ အဓိကအခြေစိုက်တဲ့ တရုတ်ဇီဝနည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့က နောက်ဆုံးပေါ် ဇီဝနည်းပညာတွေကိုအသုံးပြုထားတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ပြခန်းတာဝန်ရှိသူတစ်ယောက်ရဲ့ ရှင်းပြချက်အရ အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) အတွက် ကာကွယ်‌ဆေးကို mRNA နည်းပညာအသုံးပြုထုတ်လုပ်ဖို့ သုတေသနပြုလုပ်နေတယ်လို့ သိရပါတယ်။ mRNA ကာကွယ်ဆေးဟာ Covid-19 ကပ်ရောဂါကာလရောက်မှ စတင်ပြီးအသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ တိရစ္ဆာန်သုံးကာကွယ်ဆေးအတွက် သုတေသနပြုလုပ်တဲ့အဆင့်ကို ရောက်လာနေပါပြီ။ 

ဒီတော့ အနာဂတ်မှာ ဇီဝနည်းပညာဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်လာနေပြီး အဲဒီ ဇီဝနည်းပညာထုတ်ကုန်တွေနဲ့ မွေးမြူရေးကဏ္ဍကြီးကို မောင်းနှင်ကြရတော့မှာ ဖြစ်ပါတယ်။ 

(၄) အသေးစားမွေးမြူရေးဆိုတာ စကားထဲထည့်ပြောလို့ မရနိုင်တော့ဘူး 

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသေးစားမွေးမြူရေးလုပ်ငန်းတွေ ကွယ်ပျောက်သွားတော့မယ်ဆိုတဲ့ သတင်းစကားကလည်း VIV Asia 2023 ရဲ့ အဓိကကျတဲ့ မီးမောင်းထိုး ဖော်ပြချက်ပါ။

တစ်ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစံချိန်စံညွှန်းတွေ မြင့်မားလာတာနဲ့အမျှ အဲဒီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် မွေးမြူထုတ်လုပ်ဖို့ လိုအပ်လာပါတယ်။ အဲဒီလို ကိုက်ညီအောင် စက်ယန္တရားတွေ၊ နည်းပညာတွေကို မဖြစ်မနေ အသုံးပြုလာရတော့မှာပါ။ အဲဒါတွေကလည်း အရင်းအနှီးကြီးမားလှပါတယ်။ ဒါကြောင့် အသေးစားမွေးမြူသူ၊ ထုတ်လုပ်သူတွေ မတတ်နိုင်တဲ့ အနေအထားပါ။ ဒါကြောင့် အရင်းအနှီးတတ်နိုင်သူတွေကသာ ရေရှည်မှာ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်မဲ့ အနေအထား ဖြစ်ပါတယ်။ 

VIV Asia 2023 ပြပွဲထဲမှာရော၊ အဲဒီပြပွဲနဲ့အတူ တွဲဖက်ကျင်းပတဲ့ Meat Pro Asia ပြပွဲအတွင်းမှာပါ ပြသထားတဲ့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ စက်ယန္တရားတွေ၊ နည်းပညာတွေ အားလုံးဟာ အရည်အသွေးစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ အသား၊ နို့၊ ဥ တွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ပစ္စည်းက ကောင်းလွန်းသလို၊ ဈေးကလည်း မြင့်လွန်းပါတယ်။ ဒါ့အပြင် ထုတ်ကုန်တွေအားလုံးဟာ အကြီးစား မွေးမြူရေးခြံကြီးတွေ၊ စားသောက်ကုန်စက်ရုံတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါမှလည်း အဲဒီ နည်းပညာကုမ္ပဏီကြီးတွေအတွက် စီးပွားရေးအရ တွက်ချေကိုက်မယ် မဟုတ်ပါလား။ 

ဒါကြောင့် ရေရှည်မှာ အသေးစားမွေးမြူထုတ်လုပ်သူတွေဟာ ခေတ်မီနည်းပညာတွေ၊ သွင်းအားစုတွေနဲ့ အလှမ်းဝေးလာတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲ ဆိုတာကတော့ VIV Asia 2023 ပြပွဲအတွင်းမှာ စာရေးသူ ခေါင်းအစားမိဆုံးကိစ္စဖြစ်ပါတယ်။ အသေးစားမွေးမြူရေးသမားတွေ မွေးမြူရေးကဏ္ဍထဲက အရှုံးပေးထွက်ခွာသွားမလား၊ ဒါမှမဟုတ် စုပေါင်းအားနဲ့ ကြီးမားလာအောင် လုပ်မလား ဆိုတာကို ဒီပြပွဲကြီးက မေးခွန်းထုတ်နေပါတယ်။ 

(၅) အင်းဆက်တွေ ပါလာပြီ 

အင်းဆက်တွေဟာ အနာဂတ် မွေးမြူရေးကဏ္ဍမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါလာနိုင်တယ်လို့ ယူဆရပါတယ်။ VIV Asia 2023 ပြပွဲအတွင်း အင်းဆက် (အထူးသဖြင့် Black Soldier Fly) နဲ့ ပတ်သက်တဲ့ ပြခန်းအချို့ကို တွေ့ရှိခဲ့ရပါတယ်။

ပြခန်း ၄၀၀၀ ကျော်အနက် အင်းဆက်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ပြခန်းဟာ (စာရေးသူ သတိပြု မိသလောက်) ၁၀ ခန်း မပြည့်ဘူး ဆိုပေမဲ့ ဒါဟာလည်း အရေးကြီးတဲ့ 'စ'မှတ်တစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ထူးခြားတာကတော့ ပြပွဲမှာ လာရောက်ခင်းကျင်းပြသတဲ့ အင်းဆက်မွေးမြူရေး နည်းပညာပြခန်းအများစုဟာ ဥရောပနိုင်ငံတွေက ဖြစ်နေတာပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာလည်း အနာဂတ်မွေးမြူရေးကဏ္ဍအတွက် ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်လာလေမလားလို့ ယူဆမိပါတယ်။ 

အထက်မှာ တင်ပြခဲ့တာတွေကတော့ VIV Asia 2023 ပြပွဲကြီးမှာ လေ့လာမိသမျှတွေထဲက ခြုံငုံပြီး စာရေးသူ ရှုမြင်မိတဲ့ အနာဂတ်မွေးမြူရေးကဏ္ဍကို ပုံဖော်ပြီး မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။ လေ့လာသူတစ်ယောက်နဲ့တစ်ယောက် အမြင်တွေကတော့ ကွာခြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်သူအတွက် အတွေးတစ်ခုရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

VIV Asia 2023 ကို သွားရောက်လေ့လာဖို့ တာဝန်ပေးခဲ့တဲ့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုဖော်ပြအပ်ပါတယ်။ 

သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်