မွေးမြူရေးအစာကုန်ကြမ်းတွေ ပြည်ပက ဘာကြောင့်တင်သွင်းနေရတာလဲဆိုတဲ့ အကြောင်းအရာကို တင်ပြရာမှာ (၁) မွေးမြူရေးအစာ ပိုမိုလိုအပ်လာခြင်း နဲ့ (၂) အရည်အသွေးမြင့်တဲ့ အစာကုန်ကြမ်း လိုအပ်ခြင်းဆိုတဲ့ အချက် နှစ်ချက်ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဆောင်းပါးဖတ်ရှုရန်>>> https://greenwaymyanmar.com/posts/Why_input_livestocks_raw_food
နောက်ထပ် ကျန်ရှိနေသေးတဲ့ အကြောင်းအရင်းအချို့ကို ဆက်လက်တင်ပြလိုပါတယ်။
(၃) ပြည်တွင်းထွက် ကုန်ကြမ်းများ လုံလောက်မှု မရှိခြင်း
ပြည်တွင်းမှာ ထွက်ရှိတဲ့ အစာကုန်ကြမ်းတွေဟာ မွေးမြူရေးကဏ္ဍက အမှန်တကယ်လိုအပ်တဲ့ ကုန်ကြမ်း ပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါဘူး။ ဥပမာအားဖြင့် ပြည်ပက တင်သွင်းရတဲ့ ပဲပုပ်ဖတ်ရဲ့ နေရာမှာ ပြည်တွင်းမှာထွက်ရှိတဲ့ ပဲဖတ်၊ နှမ်းဖတ်တွေနဲ့ အစားထိုးကြည့်မယ် ဆိုပါစို့။ မြေပဲဖတ်နဲ့ နှမ်းဖတ်ထွက်ရှိမှုဟာ မွေးမြူရေးကဏ္ဍက အမှန်တကယ်လိုအပ်တာနဲ့ အများကြီး ကွာခြားနေတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာအာဘော်မှာပါရှိတဲ့ အချက်အလက်အချို့ကို ကိုးကားဖော်ပြလိုပါတယ်။
• ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုစာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးတွင် ဆီစက် အကြီးစား ၂၃၀ ကျော်၊ ဆီစက်အလတ်စား ၉၂၀ ကျော်၊ ဆီစက်ငယ် ၃၁၀၀ ကျော်ရှိသဖြင့် ဆီစက် အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ၅ ရာခိုင်နှုန်း၊ ဆီစက်အလတ်စားမှာ ၂၁ ရာခိုင်နှုန်း၊ ဆီစက် ငယ် ၇၃ ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်နှစ်လျှင် စားသုံးဆီထုတ်လုပ်မှု တန်ချိန် ၆၆၀၀၀ ကျော်သာရှိ ကြောင်း သိရှိရသည်။
• နှစ်စဉ်ပြည်တွင်းစားသုံးဆီလိုအပ်ချက် တန်ချိန် ၁၁ သိန်းခန့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းခန့် ဝယ်ယူဖြည့်တင်းနေရသည်။
ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် မြေပဲဖတ်၊ နှမ်းဖတ်တွေရဲ့ ထွက်ရှိမှုဟာ အင်မတန် နည်းပါးနေသေးတယ် ဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။
နှမ်းမှာ ဆီပါဝင်မှု ၄၅ ရာခိုင်နှုန်းနဲ့ မြေပဲမှာ ဆီပါဝင်မှု ၄၀ ရာခိုင်နှုန်းရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ “ဆီထွက်သီးနှံ ဝယ်ယူစုဆောင်းသူများအတွက် ကုန်လှောင်ရုံများတွင် အရည်အသွေးနှင့် အစားအသောက်အန္တရာယ်ကင်းရေးဆိုင်ရာ လက်စွဲစာအုပ်” မှာ ဖော်ပြထားပါတယ်။ ဒါ ကြောင့် မြန်မာ့အလင်းသတင်းစာမှာဖော်ပြခဲ့တဲ့ တစ်နှစ်ထုတ်လုပ်မှု ဆီတန်ချိန် ၆၆၀၀၀ ဟာ မြေပဲဆီ၊ နှမ်းဆီတွေချည်းဖြစ်မယ်ဆိုရင်တောင် မြေပဲဖတ်၊ နှမ်းဖတ် တန်ချိန် ၈၀၆၆၆ - ၉၉၀၀၀ ပဲ ထွက်ရှိနိုင်မှာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို အသားတိုးကြက် သီးသန့်တစ်နှစ်ကို အကောင်ရေ သန်း ၁၈၀ ထုတ်လုပ်မယ်ဆို ရင် အစာတန်ချိန် ၇ - ၇.၅ သိန်း လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် အစာထဲမှာ မြေပဲဖတ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းရောစပ်မယ်ဆိုရင်တောင် မြေပဲဖတ် အနည်းဆုံး ၁၇၅,၀၀၀ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါက အသားတိုးကြက်သီးသန့် ပါ။ ဥစားကြက်၊ ဝက်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် နဲ့ ငါးမွေးမြူရေးတွေအတွက် အစာလိုအပ်ချက်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါဘူး။ တကယ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစာတန်ချိန် ၃ သန်း ထုတ်လုပ်ပြီး အဲဒီထဲမှာ မြေပဲဖတ်၊ နှမ်းဖတ်ကို ၂၅ ရာခိုင်နှုန်းပဲ ထည့်သွင်းသုံးစွဲမယ်ဆိုရင်တောင် လိုအပ်ချက်က တန်ချိန် ၇.၅ သိန်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာထွက်ရှိတဲ့ မြေပဲဖတ်၊ နှမ်းဖတ် ပမာဏဟာ အစာထုတ်လုပ်ဖို့ လို အပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိနေတယ်လို့ အရှေ့မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
မြေပဲဖတ်၊ နှမ်းဖတ် မလုံလောက်တဲ့အတွက် ပဲပုပ်ဖတ်ကို ပြည်ပကို တင်သွင်းရတယ်ဆိုရင် မြန်မာနိုင်ငံထဲမှာရော ပဲပုပ်ဖတ် မရနိုင်ဘူးလား၊ ပြည်တွင်းထွက်တဲ့ ပဲပုပ်ဖတ်ကိုရော မွေးမြူရေးကဏ္ဍမှာ သုံးလို့မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ပြည်တွင်းမှာ တစ်နှစ်ကို ပဲပုပ် ဧက ၃ သိန်းကျော် စိုက်ပျိုးတယ်လို့ ဆိုပါတယ်။ တစ်ဧက အထွက်နှုန်းက ၁၇ တင်းကနေ ၁၉ တင်းခန့်အထိ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီ ကိန်းဂဏန်းကို အခြေခံစဉ်းစားရင် ပဲပုပ်စေ့ တင်းရေ ၅၅ သိန်းလောက် ထွက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ပဲပုပ်စေ့တစ်တင်းကို ၁၇.၇၅ ပိဿာ လို့ သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ကြတဲ့အတွက် တစ်နှစ်ထွက်ရှိမှုက ပိဿာချိန် ၉၇,၆၂၅,၀၀၀ (တန်ချိန် ၁၆၀၀၀၀) ဝန်းကျင်ဖြစ်ပါတယ်။ အဲဒီထဲက တန်ချိန် ၆၀၀၀ - ၁၀၀၀၀ ကို ပြည်ပကို တင်ပို့တယ်လို့ စာရင်းဇယားတွေက ဆိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ပဲပုပ်စေ့ တန်ချိန် ၁၅၀,၀၀၀ လောက် ကျန်ရှိမှာ ဖြစ်ပါတယ်။
ပဲပုပ်ကို ပြည်တွင်းမှာ ပဲပင်ပေါက်၊ ပဲဟင်း၊ ဘရာကြော်၊ တို့ဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပြား ၊ဒိန်ချဉ်၊ ပဲပြားပူတင်း၊ ပဲပုပ်ထောင်း၊ ပဲပုပ်စေ့လှော်၊ ဆီတို့ဟူး၊ ကြာညို့၊ ပဲငံပြာရည်၊ ပဲမုန့် စတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ဖို့ အမြောက်အများ အသုံးပြုရပါတယ်။ အဲဒီထုတ်ကုန်တွေအတွက် ပဲပုပ်စေ့ ဘယ်လောက်အသုံးပြုတယ်ဆို တဲ့ အချက်အလက်တွေ ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီထုတ်ကုန်တွေ ထုတ်လုပ်ပြီး ကျန်တဲ့ ပဲပုပ်စေ့ကိုမှ ပဲပုပ် ဆီအဖြစ် ထုတ်လုပ်ရမှာပါ။
ပဲပုပ်ရဲ့ ဆီပါဝင်မှု က ၁၉-၂၀ ရာခိုင်နှုန်း လောက်ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ အရှေ့မှာ ပြောခဲ့တဲ့ ပဲပုပ်စားသောက်ကုန်တွေ လုံးဝ မထုတ်လုပ်ဘဲ တန်ချိန် ၁၅၀,၀၀၀ စလုံးကို ပဲပုပ်ဆီ ထုတ်လုပ်မယ်ဆိုရင်တောင် ပဲပုပ်ဖတ်တန်ချိန် ၁၂၀,၀၀၀ ပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဈေးကွက်ထဲမှာ ပြည်တွင်းထုတ် ပဲပုပ်ဆီရယ်လို့ မတွေ့မိသေးပါဘူး။ ဆိုလိုတာက မွေးမြူရေးအစာအတွက် ပဲပုပ်ဖတ်လည်း မထွက်သလောက်ပဲ လို့ ဆိုရမှာပါ။
၂၀၂၂ - ၂၀၂၃ ခုနှစ်မှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့် ပန်းနှမ်းသီးနှံတွေကို စိုက်ပျိုးထားပြီး စုစုပေါင်းဆီထွက်သီးနှံ ဧက ၈.၃ သန်းကျော် စိုက်ပျိုးထားတာမို့၊ စားသုံးဆီ တန်ချိန် ၆၈၀,၀၀၀ ကျော်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အဲဒီ အထွက်နှုန်းကို အမှန်တကယ် ထွက်ရှိလာခြင်း ရှိ၊ မရှိ၊ အဲဒီ သီးနှံတွေက ရရှိတဲ့ ဆီကြိတ်ဖတ်တွေက မွေးမြူရေးအစာကဏ္ဍအတွက် ဘယ် လောက်အသုံးတည့်မတည့် ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ပြည်တွင်းမှာ ထွက်ရှိတဲ့ အသားဓာတ်အရင်းအမြစ် အစာကုန်ကြမ်းတွေဟာ မွေးမြူရေးကဏ္ဍအတွက် လုံလောက်မှုမရှိသေးဘဲ ပြည်ပကတင်သွင်းဖို့ လိုအပ်နေဆဲ ဖြစ်တယ်ဆိုတာကို အလွယ်တကူ ကောက်ချက်ဆွဲကြည့်နိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်