ကြက်ခြံဖျက်ခ အထောက်အပံ့ရကြမယ့် မွေးမြူရေးသမားတွေ
မွေးမြူရေးလုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် မွေးမြူရေးခြံတည်ဆောက်ရေးဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်တစ်ခုပါ။ မွေးမြူရေးခြံကို တည်ဆောက်ပြီးပြီဆိုရင်လည်း ပြုပြင်ထိန်းသိမ်းစရိတ်တွေ ရှိနေပြန်ပြီး ကာလတစ်ခုအရောက်မှာ အသစ်ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပြန်ပါတယ်။
ဒါ့အပြင် မွေးမြူနည်းစနစ်အသစ်တွေက အမြဲတမ်းပေါ်ပေါက်နေတာမို့ ကာလတစ်ခုရောက်တိုင်းမှာ အသုံးပြုနေလက်စ မွေးမြူရေးခြံကြီးက အကောင်းအတိုင်းရှိနေပါလျက် နည်းစနစ်အသစ်တွေ အသုံးပြုထားတဲ့ ခြံအသစ်တွေကို ပြောင်းလဲအသုံးပြုရတာမျိုးလည်း ရှိတတ်ပြန်ပါတယ်။ တစ်ဖက်ကကြည့်ရင် ဒါဟာ မွေးမြူသူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးလေလွင့်မှု ဖြစ်နေပြန်ပါတယ်။ နောက်ပြီး ခြံသစ်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်ကလည်း လိုအပ်ပြန်ပါတယ်။
ဒီလိုပြဿနာမျိုးဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲယား ပြည်နယ်(Delaware) က ကြက်မွေးမြူသူတွေကတော့ အတော်လေးကံကောင်းတယ် ပြောရမှာပါ။ လာမဲ့ မေလ ၁ ရက်ကနေစပြီး အဲဒီပြည်နယ်ထဲက ကြက်မွေးမြူသူတွေဟာ သူတို့ရဲ့ ကြက်ခြံတွေကို ဖျက်ဆီးရတော့မယ်ဆို ရင် အဲဒီအတွက် ထောက်ပံ့ကြေးကို ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေထဲကနေ လျှောက်ထားတောင်းခံနိုင်ကြတော့မှာ ဖြစ်ပါတယ်။
သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့ ကြက်ခြံတွေကို ဖျက်သိမ်းရာမှာ မွေးမြူသူက အမှန်ကုန်ကျစရိတ်ရဲ့ ၅၀% အထိ ပြည်နယ်အစိုးရထံက တောင်းခံနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်းခံတဲ့ ငွေပမာဏဟာ ကြက်ရုံ တစ်ရုံအတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (မြန်မာငွေ သိန်း ၂၁၀) အောက် ဖြစ်ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ မွေးမြူသူတွေအတွက်တော့ အတော်လေးအကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ နစ်နာမှုအတွက် သက်သာရာရစေသလို၊ တစ်ဖက်မှာလည်း ခြံသစ်ပြန်တည်ရာမှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
အဲဒီအထောက်အပံ့အစီအစဉ်ကို ဖော်ဆောင်ရတဲ့ အကြောင်းရင်းကတော့ ပြည်နယ်ထဲမှာရှိနေတဲ့ ကြက်ခြံတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေဖြစ်မယ့် ကြက်ခြံတွေအဖြစ် ပြောင်းလဲဖော်ဆောင်ရာမှာ အထောက်အကူပြုဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်ထဲမှာ ကြက်ခြံ အဟောင်းကြီးတွေနဲ့ မြင်မကောင်း ဖြစ်နေတာမျိုး မရှိတော့ဘဲ သာယာလှပနေဖို့အတွက်လည်း ရည်ရွယ်တာပါ။
မိမိရဲ့ ကြက်ခြံကို ဖျက်သိမ်းဖို့ ထောက်ပံ့ငွေလိုအပ်တဲ့ မွေးမြူရေးသမားဟာ ပြည်နယ်စိုက်ပျိုးမွေးမြူ ရေး ဌာနကို လျှောက်လွှာတင်ရမှာ ဖြစ်ပြီး အဲဒီဌာနက Nutrient Management Staff လို့ခေါ်တဲ့ မွေးမြူရေးခြံထွက်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးပြီး ကြက်ခြံကိုဖျက်တဲ့အခါ ထွက်ရှိလာမဲ့ ကြက်ချေးလိုစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်မထိခိုက်အောင် ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာတွေကို အကြံပေးဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းစစ်ဆေးပြီးပြီဆိုရင်တော့ လိုအပ်တဲ့ ထောက်ပံ့ငွေကို မွေးမြူရေးသမားက ထုတ်ယူခွင့်ရရှိမှာပါ။ ထောက်ပံ့ငွေရရှိတဲ့ မွေးမြူရေးသမားဟာ ဌာန က သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း မိမိရဲ့ ကြက်ခြံအဟောင်းကို ဖျက်သိမ်းဖို့ တာဝန်ယူပေးရမှာ ဖြစ်ပါ တယ်။
ဒီသတင်းဟာ မြန်မာ့မွေးမြူသူများအတွက် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ် မယ်လို့ ယုံကြည်ပါတယ်။ မွေးမြူရေးစနစ်ဟောင်းတစ်ခုကနေ ပိုကောင်းတဲ့ မွေးမြူရေးစနစ်သစ်တစ်ခုကို ကူးပြောင်းဖို့ ကြိုးစားတဲ့အခါ လက်ရှိ ရှိနှင့်နေပြီးသား အခြေခံအဆောက်အအုံတွေကို ဖြိုဖျက်ရတာမျိုး ကြုံလာရနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာ မွေးမြူသူတွေအတွက် ထိုက်သင့်တဲ့ အထောက်အပံ့ကို မရရှိဘူးဆိုရင် ပိုကောင်းတဲ့စနစ်ကို ကူးပြောင်းဖို့ မဖြစ်နိုင်တဲ့အပြင် စနစ်ဟောင်းကပါ ဆက်လက်မရပ်တည်နိုင်ဘဲ ပြိုပျက်သွားနိုင်ပါတယ်။ အဲဒီအခါ မွေးမြူသူတွေအပြင် စားသုံးသူတွေရဲ့ လူမှုစီးပွားဘဝတွေအပေါ်ပါ ရိုက်ခတ်လာနိုင်ပါတယ်။
ဒါကြောင့်မို့ အဲဒီလို ရိုက်ခတ်မှုတွေ သက်သာအောင် ဘယ်လိုကြံဆောင်ကြမယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ နဲ့ သက်ဆိုင်ရာစီးပွားရေးနယ်ပယ်က ဦးဆောင်အဖွဲ့အစည်းတွေက လေးလေးနက်နက် စဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း ဒီသတင်းလေးက မီးမောင်းထိုး ဖော်ပြနေပါတယ်။
အမေရိကန်ကလည်း ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးသုံးဖို့ စဉ်းစားနေပြီ
သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရဟာ ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်ဖို့ စတင်စဉ်းစားလာနေပြီ ဖြစ်ကြောင်း The New York Time သတင်းတစ်ပုဒ်က ဆိုပါတယ်။ ကြက်ကောင်ရေ သန်းကို ဆယ်နဲ့ချီပြီး ဆုံးရှုံးခဲ့ရတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက်ဖြစ်ပွားမှုတွေကြောင့် ကြက်ဥဈေးနှုန်းတွေ အဆမတန် ခုန်တက်သွားရပါတယ်။ ဒါ့ထက်ပိုပြီး အရေးကြီးတာကတော့ ကြက်ငှက်တုပ်ကွေးကနေတဆင့် လူသားတွေမှာ ကိုဗစ်-၁၉ လို လူသားကပ်ရောဂါတစ်ရပ် ထပ်ပေါ်လာနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ထွက်ပေါ်လာနေတာပါ။ အဲဒီ အချက်နှစ်ချက်ကြောင့်ပဲ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာန (US CDC) က ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးထိုးနှံ ထိန်းချုပ်ဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းတလျှောက် အဲဒီရောဂါ အဆိုးဝါးဆုံးဖြစ်ပွားမှုအဖြစ် မှတ်တမ်းတင်ခဲ့ရပါပြီ။ ပြည်နယ် ၄၇ ခုမှာ မွေးမြူထားတဲ့ ကြက်ငှက်တိရစ္ဆာန်ပေါင်း ၅၈ သန်းဟာ ဒီရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။ ကြက်ငှက်တွေမှာဖြစ်ပွားတဲ့ အဲဒီ ကြက်ငှက်တုပ်ကွေးရောဂါဟာ ဝက်ဝံ၊ မြေခွေး၊ ရက်ကွန်း အစရှိတဲ့ နို့တိုက်သတ္တဝါအချို့ထံ ကူးစက်ရောက်ရှိသွားတာကို တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေဆီကို ကူးစက်ရောက်ရှိပြီး လူအချင်းချင်းကူးစက်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာမှာကို စိုးရိမ်နေခဲ့ကြတာပါ။
တကယ်တော့ အမေရိကန် CDC ဟာ လူသားတွေရဲ့ ကျန်းမာရေးကိုသာ အာရုံစိုက်ဆောင်ရွက်တဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကြက်တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပြီး ထိန်းချုပ်ဖို့ သူတို့ကိုယ်တိုင် စဉ်းစားလာနေကြရပါပြီ။ CDC အနေနဲ့ လိုအပ်လာရင် လူသားတွေအတွက်ပါ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် သူတို့ရရှိထားတဲ့ တုပ်ကွေးဗိုင်းရပ်စ်နမူနာတွေကို ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဆီ ပေးပို့ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ အလွယ်တကူ စမ်းသပ်နိုင်တဲ့ စမ်းသပ်ပစ္စည်း (Rapid test) တွေလိုမျိုး၊ ကြက်ငှက်တုပ်ကွေးရောဂါကို အလွယ်တကူ စမ်းသပ်နိုင်တဲ့ စမ်းသပ်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုမ္ပဏီကြီးတွေက ဆန္ဒရှိ/မရှိဆိုတာကိုလည်း စုံစမ်းနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ တပြိုင်နက်တည်းမှာ CDC က ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ကြက်ငှက်တုပ်ကွေးရောဂါဟာ လူသားတွေမှာ ကပ်ရောဂါအသွင်ဖြစ်လာနိုင်ချေက နည်းပါးတယ်လို့ သိရပါတယ်။ ကမ္ဘာတလွှားမှာ ကြက်ငှက်တုပ်ကွေးရောဂါက ကြက်ငှက်တွေကနေတဆင့် လူသားတွေဆီ ကူးစက်လာတဲ့ ဖြစ်စဉ်အချို့ ရှိခဲ့ပေမယ့် လူ အချင်းချင်းကြား ပြန်လည်ကူးစက်တာမျိုးတော့ အလွန်ကို ရှားပါးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းဟာ မြန်မာ့မွေးမြူရေးကဏ္ဍအတွက် အရေးကြီးတဲ့ သတင်းတစ်ပုဒ် ဖြစ်တာ အသေအချာပါပဲ။ နံပါတ်တစ်အချက် အရေးကြီးတာကတော့ ကြက်ငှက်တုပ်ကွေးရောဂါ ကမ္ဘာတလွှားမှာ ပြန်လည်ခေါင်းထောင်ထလာနေတယ်ဆိုတာကို သတိပြုပြီး ဇီဝလုံခြုံရေးစနစ်တွေ အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နံပါတ်နှစ်အချက်ကတော့ ကြက်ငှက်တုပ်ကွေးရောဂါကို ဘယ်လို ထိန်းချုပ်မှာလဲဆိုတဲ့ အချက်ပါ။
ခေတ်မီမွေးမြူရေးစနစ်တွေနဲ့ ဇီဝလုံခြုံရေးကို အထူးဂရုစိုက်နိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် ကြက်ငှက်တုပ်ကွေးကို ကာကွယ်ဆေးအသုံးပြုပြီး ရောဂါထိန်းချုပ်ဖို့ စဉ်းစားလာပြီမို့ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ ကာကွယ်ဆေးဘက်ဆီ ဦးတည်ကြမလား၊ ဒါမှမဟုတ် လက်ရှိသုံးနေတဲ့ ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေကိုပဲ ဆက်သွားမလားဆိုတာ မဖြစ်မနေ စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို သက်ဆိုင်ရာ မွေးမြူကုသရေး အာဏာပိုင်အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေနဲ့ မွေးမြူရေးကဏ္ဍဦးဆောင်အဖွဲ့အစည်းတွေ ပွင့်ပွင့်လင်းလင်း ခေါင်းချင်းဆိုင် ဆွေးနွေးဖို့ လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
သက်ခိုင် စုစည်းတင်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်