သိန်းသုံးထောင်တန် ဝက်ကလေးရဲ့ရာဇဝင်နဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ

14/06/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကြက်ငှက်တုပ်ကွေးကာကွယ်ထိန်းချုပ်ဖို့ နည်းဗျူဟာအချို့ပြောင်းလာတဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့

ကမ္ဘာတလွှားမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကျယ်ပြန့်စွာ ကူးစက်ဖြစ်ပွားလာတာကြောင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organization for Animal Health – WOAH) (ယခင် OIE) အနေနဲ့ အဲဒီရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ အ‌ပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇွန်လ ၇ ရက်က ထုတ်ပြန်ပါတယ်။ 

၂၀၀၅ ခုနှစ်က စတင်ပြီး ကြက်ငှက်တုပ်ကွေးရောဂါဟာ ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေ သန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ WOAH ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လတ်တလောမှာ အဲဒီရောဂါဟာ အရင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်း မရှိတဲ့ ကမ္ဘာ့ပထဝီဒေသအသစ်တွေဆီပါ ကူးစက်ရောက်ရှိလာတဲ့အပြင် ရောဂါရဲ့ကူးစက်ပုံသဘာဝကလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနေပါတယ်။  ဒါကြောင့် WOAH က မေလအတွင်းမှာ ကျင်းပခဲ့တဲ့ အကြိမ် ၉၀ မြောက် ညီလာခံအတွင်းမှာ တွဲဖက်ကျင်းပခဲ့တဲ့ “ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးဖိုရမ် (Animal Health Forum)” မှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။  

အဓိက နည်းဗျူဟာအပြောင်းအလဲကတော့ ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ထိန်းချုပ်ရာမှာ ကာကွယ်ဆေးရဲ့အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်စွက်ထည့်သွင်းစဉ်းစားလာခြင်းပဲ ဖြစ်ပါတယ်။ ဒီအရင်တုန်းကတော့ ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်ဖို့ထက် ရောဂါပိုးကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းတဲ့နည်းလမ်းကို အဓိကထားခဲ့တာပါ။

အခုပြုလုပ်လိုက်တဲ့ နည်းဗျူဟာအပြောင်းအလဲအရ ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးအသုံးပြု ကာကွယ်ထိန်းချုပ်ဖို့ ခွင့်ပြုထားပြီး တစ်ဖက်မှာလည်း ကာကွယ်ဆေးတွေရဲ့ သက်ရောက်မှုကို မပြတ်ဆက်လက်စောင့်ကြည့်လေ့လာတဲ့လုပ်ငန်းတွေ တွဲဖက်လုပ်ဆောင်သွားဖို့ တွန်းအားပေးထားပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွန်မှုများအတိုင်း ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ဆေး အသုံးပြုမှုကို ကာလရှည်ကြာပိတ်ပင်တားမြစ်ထားခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ စတင်ပြီး အပျော့စားကြက်ငှက်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးအချို့ကို အသုံးပြုခွင့် စတင်ပေးခဲ့ပါတယ်။

အခု အသစ်ထွက်ပေါ်လာတဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ နည်းဗျူဟာအပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှာလည်း မကြာမီ ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခွင့် ပြုလာနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

ဝက်ခြံကို ဆေးကြောသန့်ရှင်းပေးမည့် WashRail စက်ရုပ်

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ Des Moines မှာ ဇွန်လ ၇ ရက် ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဝက်မွေးမြူရေးနှင့် ဝက်သားထွက်ကုန်စည်ပြပွဲ ၂၀၂၃ (World Pork Expo 2023) မှာ ဝက်မွေးမြူရေးကို တစ်‌ခေတ်ဆန်းစေမယ့် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

အဲဒီနည်းပညာတွေထဲမှာ WashRail ဝက်ခြံသန့်ရှင်းရေး စက်ရုပ်ကို ပြပွဲလာရောက်လေ့လာသူတွေက အထူးစိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

ဝက်မွေးမြူရေးလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းဖို့၊ ဇီဝလုံခြုံရေးက အလွန်ကို အရေးကြီးပါတယ်။ အထူးသဖြင့် ဝက်ဝမ်းကျရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါတို့လို ကူးစက်ရောဂါတွေကို ကာကွယ်ဖို့အတွက်၊ ဝက်ခြံနဲ့ ခြံသုံးပစ္စည်းတွေကို ထိထိရောက်ရောက် ဆေးကြောပြီး ပိုးသတ်သန့်စင်ဖို့ လိုအပ်ပါတယ်။

WashRail ဟာ အလုံပိတ်ဝက်ခြံတွေရဲ့ အတွင်းပိုင်းကို ဆေး‌ကြောသန့်ရှင်းပေးနိုင်တဲ့ စက်ရုပ်တစ်မျိုးဖြစ်ပါတယ်။ WashRail ကို ဝက်ခြံမျက်နှာကျက်မှာ တန်းတွေနဲ့ ချိတ်ဆက်တပ်ဆင်ထားရပါတယ်။ ရေဖိအားကို လိုအပ်သလို ချိန်ညှိပေးနိုင်တယ်လို့ သိရပါတယ်။ 

အဲဒီစက်ကို အသုံးပြုခြင်းအားဖြင့် ရေကုန်ကျမှုကို သက်သာစေသလို၊ လုပ်သားလိုအပ်ချက်ကိုလည်း ၉၀ ရာခိုင်နှုန်း လျှော့ချနိုင်မယ်လို့ သိရပါတယ်။ အရေးအကြီးဆုံး အားသာချက်ကတော့ ခြံသန့်ရှင်းရေးဆောင်ရွက်တဲ့ လုပ်သားတွေထံက ရောဂါပိုးမွှားတွေ ဝက်ခြံထဲမှာ ကပ်ငြိပြီး ကျန်ရှိနေနိုင်တဲ့ အန္တရာယ်ကို ထိထိရောက်ရောက် လျှော့ချတားဆီးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါနောက်ပိုင်း ပြန်လည်ထူထောင်နေရတဲ့ မြန်မာ့ဝက်မွေးမြူရေးကဏ္ဍမှာလည်း ဇီဝလုံခြုံရေးဟာ မဖြစ်မနေအ‌ရေးကြီးတာမို့ WashRail လို တီထွင်ဆန်းသစ်မှုတွေဟာ စိတ်ဝင်စားစရာပါပဲ။ ဒီလိုနည်းပညာတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရယူအသုံးပြုနိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ 

သိန်းသုံးထောင်တန်ဝက်ကလေးရဲ့ ရာဇဝင်

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Parker ခရိုင်က တိရစ္ဆာန်လေလံပွဲတစ်ခုမှာ သာမန်ဝက်ကလေးတစ်‌ကောင်ဟာ ဒေါ်လာ ၁၁၁,၀၀၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာငွေ ကျပ် သိန်း ၃၀၀၀ လောက်နဲ့ ရောင်းချနိုင်တဲ့ သဘောပါ။ သာမန်ဝက်ကလေးတစ်ကောင်ကို ဘာကြောင့်များ အဲဒီလောက်ဈေးကြီးနဲ့ လေလံဆွဲခဲ့ကြတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ 

တကယ်တော့ ဒါဟာ ဝက်ကလေးအတွက်ပေးတဲ့ ပိုက်ဆံမဟုတ်ဘဲ ဝက်ကလေးကို လာရောက်‌ ရောင်းချတဲ့ အသက် ၁၆ နှစ်အရွယ် ကလေးမလေး Paizlee Hardin ကို သူ့ရဲ့ သူငယ်ချင်းတွေက ဂုဏ်ပြုတဲ့အနေနဲ့ လေလံဆွဲဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ 

အထက်တန်းကျောင်းသူလေး Paizlee Hardin လေးဟာ ပြီးခဲ့တဲ့မတ်လက စတင်ပြီး ထူးဆန်းတဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားခဲ့ရပါတယ်။ သူမဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး အဆိုးဆုံးကတော့ လမ်းလျှောက်နိုင်စွမ်းမရှိတော့တာပါ။ သူမကို ဆေးရုံတင်ပြီး ခေတ်မီနည်းပညာတွေနဲ့ ရောဂါရှာဖွေစမ်းသပ်ခဲ့ပေမဲ့ အစောပိုင်းမှာ ဘာရောဂါမှ ရှာမတွေ့လို့ ဆရာဝန်တွေ အတော်စိတ်ညစ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ လူနှစ်သိန်းမှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ချေရှိတဲ့ Complex Regional Pain Syndrome (CRPS) ဆိုတဲ့ ရောဂါကိုခံစားရတာဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့ကြပါတယ်။ အခုတော့ ကလေးမလေးဟာ အတော်လေးသက်သာလာနေပါပြီ။ ဒါကြောင့် ပထမဆုံးအကြိမ်အဖြစ် လေလံပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ သူမရဲ့ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနည်းပြနဲ့အတူ လေလံပွဲကွင်းထဲမှာ ဝက်ကလေးဆွဲပြီး ပါဝင်ခဲ့တာပါ။ 

Paizlee Hardin ကို စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့နဲ့ သူမအတွက် ကုန်ကျထားတဲ့ ဆေးကုသစရိတ်တွေကို ပေးချေနိုင်ဖို့ သူမရဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေက ပိုက်ဆံတွေစုပြီး သူမလေလံတင်တဲ့ ဝက်ကလေးကို အမေရိကန်ဒေါ်လာ ၁၁၁,၀၀၀ နဲ့ လေလံဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းလေးဟာ မွေးမြူရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဝက်လေလံပွဲထဲမှာ မြင်ခွင့်ရခဲ့တဲ့ လူသား ဆန်မှုနဲ့ မေတ္တာတရားရဲ့ အလှတရား ဖြစ်တာကြောင့် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါ တယ်။

သက်ခိုင် စုစည်းတင်ပြသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်