မွေးမြူရေးကနေလည်း စတားဖြစ်နိုင်ပါတယ်နှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

28/03/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

တစ်တော့ခ်စတားဖြစ်လာတဲ့ ဝက်ကလေး

ယနေ့ကမ္ဘာမှာ တစ်တော့ခ် (TikTok) ဟာ လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။ အထူး သဖြင့် လူငယ်ထုအကြားမှာ တစ်တော့ခ်ဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲက မရှိမဖြစ် အစိတ်အပိုင်းတစ်ခုကို ဖြစ်လို့လာနေပါတယ်။ ကမ္ဘာ့လူဦးရေ သန်း ၈ ထောင်ဝန်းကျင်ရှိတဲ့အနက် သန်း ၁ ထောင်ကျော်က တစ်တော့ခ်ကို သုံးစွဲနေကြတာပါ။

အဲ့ဒီထဲက တစ်တော့ခ်မှာနာမည်ကြီးလာတဲ့ တစ်တော့ခ်စတားတွေလည်း ပေါ်လာခဲ့ပြီး အခုတစ်ပတ်ထဲမှာတော့ အဲ့ဒီစတားတွေထဲမှာ ဝက်ကလေးတစ်ကောင်ပါလာခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟန်ဒါဆန် အရပ်ဒေသမှာ ကျင်းပခဲ့တဲ့ မွေးမြူရေးပြပွဲ၊ ပြိုင်ပွဲတစ်ခုမှာ ဟမ်းရှိုင်းယား (Hampshire) မျိုး ဝက်ကလေးတစ်ကောင်ရဲ့ မော်ဒယ်ရှိုးလျှောက်သလို ပြိုင်ပွဲဝင်တဲ့ရုပ်သံကို တစ်တော့ခ်ပေါ်မှာ တင်လိုက်ပြီးတဲ့နောက် လူမှုကွန်ရက်တွေပေါ်မှာ အဲဒီရုပ်သံကို ကြည့်ရှု့သူပေါင်း ၁၂ သန်းကျော် ရှိခဲ့ပါတယ်။ 

Rusk County Youth Project Show ဆိုတဲ့ ခရိုင်အဆင့် ပြိုင်ပွဲလေးတစ်ခုအတွင်းမှာ Madison လို့အမည် ရတဲ့ အမျိုးသမီးငယ်လေးက သူမရဲ့ ဝက်ကလေး Big T နဲ့ ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်ကလေး လမ်းလျှောက် ပြီး ပြိုင်ပွဲဝင်ခဲ့တဲ့ ရုပ်သံကို Madison ရဲ့ မိခင်ဖြစ်သူ Bobbie Vowell က သူမရဲ့ တစ်တော့ခ်ကနေ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ အောက်ကပေးထားတဲ့လင့်မှာ ဝင်ကြည့်လို့ ရပါတယ်။

https://bit.ly/42LGITt

တကယ်တော့ Madison ဟာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ကလေးမလေးပါ။ သူတို့ရဲ့ မိသားစုက တက္ကဆက်ပြည်နယ်မှာ နေထိုင်ပြီး ဝက်မွေးမြူရင်း ဘဝကို ရပ်တည်နေကြပါတယ်။ ပြိုင်ပွဲမှာ ဝက်ကလေး Big T ဆုမရခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ခဲ့တဲ့အပေါ် Madison တို့ မိသားတစ်စုလုံး ပျော်တပြုံးပြုံးရှိနေကြပါတယ်။ 

ဒီသတင်းလေးဟာ တစ်‌တော့ခ်ပေါ်က ဗွီဒီယိုလေးတစ်ခုရဲ့ သတင်းတစ်ပုဒ်သာ ဖြစ်ပေမယ့် စိတ်ဝင်စားစရာကတော့ အပြည့်ပါပဲ။ လူငယ်လေးတွေ မွေးမြူရေးလုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်နေကြတာကို အသက် ၁၆ နှစ်အရွယ် Madison က သက်သေပြနေပါတယ်။ ဒီအရွယ် တင့်တင့်တို့အရွယ်ဆိုပေမဲ့ မွေးမြူရေးနဲ့ မွေးမြူရေးတိရစ္ဆာန်လေးတွေအပေါ် စိတ်နှစ်ထားနိုင်အောင် သူ့ရဲ့ မိသားစုနဲ့ လူ့အသိုက်အဝန်းက ဘယ်လိုဆွဲဆောင်ထားသလဲဆိုတာက တွေးကြည့်စရာ ကောင်းလှတဲ့ မေးခွန်းတစ်ခုပါ။ 

Rusk County Youth Project Show လို ပြိုင်ပွဲတွေရှိနေပြီး လူငယ်တွေ မွေးမြူရေးကဏ္ဍမှာ စိတ်ဝင်စားလာအောင် ဆောင်ရွက်ပေးနေတာကလည်း တမျိုးတဖုံ စိတ်ဝင်စားစရာ ဖြစ်နေပြန်ပါတယ်။ 

အထူးခြားဆုံးကတော့ လူမှုကွန်ရက်တွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် ဝက်ကလေးတစ်ကောင်ကလည်း ကမ္ဘာကျော်အောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့အချက်ပါ။ မြန်မာ့လူငယ်ထုအနေနဲ့လည်း အလှအပ၊ အက၊ ဟာသတွေအပြင် စိုက်ပျိုးမွေးမြူရေးနဲ့ အခြား မိမိတို့ကျင်လည်ရာ ဘဝအတွေ့ အကြုံတွေကို လူမှုကွန်ရက်ကနေတဆင့် မျှဝေတင်ပြရင်း နာမည်ကျော်အောင် လုပ်ဆောင်ကြည့်နိုင်မလား သုံးသပ်ကြည့်ချင်စရာပါ။ 

ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို စားသုံးသူပြည်သူတွေနဲ့ ဈေးကွက်က သိရှိလာအောင် လူမှုကွန်ရက်ကို အသုံးချပြီး ကြိုးစားကြည့်မယ်ဆိုရင် မိမိတို့လုပ်ငန်းတွေ၊ ထုတ်ကုန်တွေဟာလည်း ဝက်ကလေး Big T လို ကမ္ဘာကျော်ဖြစ်မလားဘူးလို့ မပြောနိုင်ဘူး မဟုတ်ပါလားခင်ဗျား။ 

ဒီဂျစ်တယ်အဆင့်မြှင့်တင်မှုတွေဆောင်ရွက်မဲ့ စင်ကာပူပိုင် တိရစ္ဆာန်တင်သင်္ဘောတွေ

စင်ကာပူတိရစ္ဆာန်တင်သင်္ဘောလုပ်ငန်းစုဖြစ်တဲ့ Livestock Express ဟာ သူတို့ရဲ့ သင်္ဘောတွေကို နည်းပညာပိုင်း ထိန်းသိမ်းမှုနဲ့ အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့အတွက် Wärtsilä နည်းပညာကုမ္ပဏီနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ၁၃၅ မီတာ အလျားရှိတဲ့ တိရစ္ဆာန်တင် သင်္ဘော ၇ စင်းရဲ့ ထိန်းသိမ်းမှုနဲ့ အဆင့်မြှင့်တင်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုအဆင့်မြှင့်တင်ရာမှာ ဉာဏ်ရည်တုနည်းပညာ (Artificial intelligence) ပါဝင်တဲ့ နည်းပညာလုပ်ငန်းတွေပါ ပါဝင်ဦးမှာပါ။ 

မြန်မာ့မွေးမြူရေးသမားတွေအနေနဲ့ သင်္ဘောနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ သိပ်ပြီး စိတ်ဝင်စားကြလိမ့်မယ် မထင်ပါဘူး။ ဒါပေမဲ့ မွေးမြူရေးလုပ်ငန်းမရှိတဲ့ စင်ကာပူလို နိုင်ငံသေးသေးလေးက တိရစ္ဆာန်တင်သင်္ဘောတွေ အများကြီး ပိုင်ဆိုင်ထားပြီး အဆင့်မြင့်နည်းပညာတွေနဲ့ လုပ်ငန်းတွေဆောင်ရွက်နေကြတာကိုတော့ သေချာပေါက် စိတ်ဝင်စားမိကြလိမ့်မယ်လို့ ယူဆမိပါတယ်။

ဒီသတင်းကို ဖတ်ရင်း “စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍...” ဆိုတဲ့ မြန်မာနိုင်ငံမှာတော့ တိရစ္ဆာန်တင်သင်္ဘောကြီးတွေ အသာထားလို့ မိမိမြို့နယ်အတွင်းမှာပဲ နွားတစ်ကောင်ကို ရွာတစ်ရွာကနေ နောက်တစ်ရွာကို မောင်းနှင်သွားဖို့ အခက်အခဲရှိနေတာကို ပြန်လည် သတိပြုမိကြပါလိမ့်မယ်။

မွေးမြူရေးမရှိတဲ့ နိုင်ငံက မွေးမြူရေးတိရစ္ဆာန်တွေကို ကုန်သွယ်ရင်း ချမ်းသာကြီးပွားမှုကို ရှာဖွေနေချိန်မှာ မွေးမြူရေးလုပ်ဖို့ ရေခံမြေခံလည်းကောင်း၊ လုပ်မှလည်း ရမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံကတော့ ဒုံရင်းက မတက်နိုင်သေးတာဟာ တစ်ခုခုမှားနေလို့ ဖြစ်ပါလိမ့်မယ်။ ဘာမှားနေတာလဲ ဆိုတာကိုတော့ စာဖတ်သူများကပဲ အဖြေရှာကြည့်နိုင်ပါလိမ့်မယ်။ 

မိုးခေါင်ရေရှားမှုကြောင့် သေဆုံးကြရတဲ့ အာဖရိကဦးချိုဒေသ မွေးမြူရေးတိရစ္ဆာန်များ

အာဖရိကဦးချိုဒေသ (Horn of Africa) မှာရှိတဲ့ နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုကြောင့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၉.၅ သန်း သေဆုံးခဲ့ကြရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာအစီအစဉ် (UN WFP) က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။  အီသီယိုးပီးယားမှာ တိရစ္ဆာန် ၄ သန်း၊ ဆိုမာလီယာမှာ ၃ သန်းနဲ့ ကင်ညာမှာ ၂ သန်းခွဲကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို မိုးခေါင်ရေရှားမှုနဲ့ တိရစ္ဆာန်တွေသေဆုံးမှုကြောင့် အဲဒီနိုင်ငံ ၃ နိုင်ငံက ကလေး သူငယ် ၅.၁ သန်းလောက်ဟာ အာဟာရမပြည့်ဝတဲ့ ဒဏ်ကို ခံစားနေရပြီလို့ WFP က ခန့်မှန်းထားပါတယ်။ 

မိုးခေါင်ရေရှားဒဏ်ကြောင့် မွေးမြူရေးလုပ်ငန်းတွေ မရှင်သန်နိုင်တော့တဲ့အခါ အခြားဝင်ငွေရနိုင်မဲ့နည်းလမ်းတွေ ရှာဖွေကြရပါတော့တယ်။ အဲဒီမှာ ပြဿနာက ဝင်ငွေရဖို့ အလုပ်အကိုင်ပုံစံတွေ ပြောင်းလာပြီး ကလေးတွေကို ကျောင်းထုတ်ရတဲ့ ပြဿနာပါ။ အဲဒီနိုင်ငံ ၃ နိုင်ငံက ကျောင်းနေအရွယ် ကလေးငယ် ၃.၆ သန်းဟာ ကျောင်းထွက်ရမဲ့အခြေအနေဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ ကျောင်းထွက်ရဖို့ အခြေအနေဆိုးကို ပိုမိုကြုံတွေ့ခံစားနေရတာ ဖြစ်ပါတယ်။ 

ဒါကတော့ ကပ်ကြီး ၃ ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မွေးမြူရေးကဏ္ဍကို ထိခိုက်လာပြီး အကျိုးဆက်အနေနဲ့ လူတွေရဲ့ စားဝတ်နေရေးအပြင် ပညာရေးကိုပါ ထိခိုက်လာတဲ့ အခြေအနေကို မီးမောင်းထိုး‌ဖော်ပြနေတာပါ။ ‌

မြန်မာနိုင်ငံမှာလည်း COVID-19 ဆိုတဲ့ ရောဂါကပ်ဘေးအလွန်မှာ သဘာဝဘေးအန္တရာယ်တွေ သိပ်ပြီး ကြုံတွေ့ရခြင်းမရှိသေးပေမဲ့ လူလုပ်တဲ့ကပ်ဘေးတွေကတော့ နေရာအနှံ့အပြားမှာ ကြုံတွေ့လို့နေရပါတယ်။ အဲဒီကပ်ဘေးတွေကြောင့် မွေးမြူရေးကဏ္ဍအပါအဝင် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေအပေါ် အပြင်းစားရိုက်ချက်တွေ ရိုက်နှက်ခြင်းခံနေရမှာ အသေအချာပါပဲ။ 

တချိန်ချိန်မှာတော့ စစ်ဘေးရှောင်နေရတဲ့ အညာနဲ့ အကြေ၊ တောင်ပေါ် နဲ့ မြေပြန့်က နွားကျောင်းသား၊ ဆိတ်ကျောင်းသား၊ ဘဲကျောင်းသားလေးတွေလည်း တက္ကဆက်ပြည်နယ်က ဆယ်ကျော်သက်မလေး Madison နဲ့ သူ့ ဝက်ကလေး Big T လို အေးအေးချမ်းချမ်းနဲ့ ကမ္ဘာကျော်လာကြနိုင်ပါစေလို့ ယုံကြည်မျှော်လင့်ရင်း ဆုတောင်းမိပါတယ်။  

သက်ခိုင်စုစည်းတင်ပြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်