နှမ်းလျင်အပြီးစိုက်ပျိုးရန် မိုးလယ်သီးထပ်သီးနှံ

17/07/2020 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မိုးနှမ်းလျင်သည် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ မိုးရာသီတွင်စိုက်ပျိုးသည့် ဆီထွက်သီးနှံ စုစုပေါင်းဧရိယာ လေးသိန်းကျော်တွင် မိုးနှမ်းလျင်စိုက်ဧရိယာမှာ ၂ ဒသမ ၇ သန်းကျော်ဖြစ်သည်။ ဆီထွက်သီးနှံများဖြစ်သော မိုးမြေပဲ၊ မိုးနေကြာ၊ မိုးနှမ်းလျင်တို့အနက် မိုးနှမ်းလျင်စိုက်ဧရိယာသည် အများဆုံးဖြစ်ကြောင်း သိရသည်။

    မိုးနှမ်းလျင်ကို ယာမြေတွင် စိုက်ပျိုးသလို လယ်မြေတွင် စိုက်ပျိုးတာလည်း တွေ့မြင်နိုင် သည်။ မကွေးဒေသကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ ယာမြေများ၌ မိုးဦးရာသီတွင် ပထမဦးဆုံးစိုက်ပျိုးသည့်သီးနှံမှာ မိုးနှမ်းလျင်ဖြစ်သလို မုတ်သုန်မိုးမလှိုင်မီ တနည်းအားဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် လုံလောက်သော မိုးရွာသွန်းမှု မရရှိ​သေးသည့်ကာလတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ လယ်မြေများ၌ စိုက်ပျိုးသည့် ပထမဦးဆုံးသီးနှံမှာလည်း မိုးနှမ်းလျင်သာ ဖြစ်ပါသည်။

    မိုးနှမ်းလျင်ကို မေလနှင့် ဇွန်လဆန်းတွင် တောင်သူများစိုက်သည်။ မုတ်သုန်မလာသေး သော်လည်း မိုးရွာသွန်းမှုတွေရှိခဲ့သော တောင်သူကြီးများ ယာမြေ၊ လယ်မြေများကို အပြေးအလွှားထွန်ယက်ကာ မိုးနှမ်းလျင်ကို စိုက်ပျိုးကြသည်။ 

    နှမ်းသီးနှံဆိုတာက “လောင်းကစားသီးနှံ”လို့ ရှေးလူကြီးသူမများ အသိအမှတ်ပြုခဲ့ကြသည်။ မိုးနှမ်းလျင်ကို တင်စားပြောဆိုတာဖြစ်မည်။ ရချင်ရမည်။ မရချင်လျှင် ရိတ်သိမ်းခါနီးမှ မိုးကြီးလို့၊ ရေဝင်လို့ ပျက်ရတာ ဆုံ:ရှုံးရတာတွေ ဖြစ်ပေါ်သည်။ သို့သော် မိုးသာရွာလို့ကတော့ စိုက်တော့စိုက်သည်။ “ကျီထဲပုတ်ထဲရောက်မှ ကိုယ့်ဥစ္စာ” ဖြစ်တာမို့ အရဲစွန့်ကြတာဖြစ်ပါသည်။ 

    ယခုနှစ် ကံကောင်းသည်ဟု ဆိုရမည်။ ယာမြေမှာစိုက်သော မိုးနှမ်းလျင်များ၊ လယ်မြေမှာ စိုက်သောမိုးနှမ်းလျင်များ ဇူလိုင်လကုန်ကစလို့ ရိတ်သိမ်းနိုင်တော့မည်ဟု သတင်းစကားကြားရသည်။ ကျွန်တော်က သီးထပ်သီးနှံစိုက်ပျိုးရေးစနစ်အမြင်ဖြင့် မိုးနှမ်းလျင်ရိတ်သိမ်းပြီးလျှင် မြေယာကို အလပ်မထား၊ မိုးလယ်ရာသီမှာ ဘာသီးနှံများစိုက်သင့်သလဲ။ 

    စိုက်ပျိုးသင့်သည့် သီးနှံပုံစံနှစ်ခုကို ဖေါ်ပြလိုပါသည်။ ၎င်းတို့မှာ လယ်မြေတွင် နှမ်းလျင်− စပါးသီးနှံပုံစံနှင့် ယာမြေမှာ နှမ်းလျင်−မြေပဲသီးနှံပုံစံတို့ ဖြစ်ပါသည်။

နှမ်းလျင်−စပါးသီးနှံပုံစံ

    လယ်မြေတွင် နှမ်းလျင်သီးနှံကို စိုက်ပျိုးသည်ဆိုကတည်းက နှမ်းလျင်ရိတ်သိမ်းပြီးလျှင် မိုးစပါးကို စိုက်မှာသေချာသည်။ အရေးကြီးသည်မှာ မိုးစပါးကို စိုက်ချိန်နောက်မကျဖို့ ဖြစ်သည်။ စိုက်ချိန်နောက်ကျလျှင် ရိတ်သိမ်းချိန်နောက်ကျမည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် မိုးစပါးအပြီး သီးထပ်သီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးဖို့ အချိန်မရမှာစိုးရသည်။ သို့ဖြစ်၍ နှမ်းလျင်သီးနှံမရိတ်သိမ်းမီ ဇူလိုင်လလယ်မတိုင်မီခန့်ကပင် အခြားတစ်နေရာ၌ ပျိုးခင်းပြုလုပ်ပြီး ကြိုတင်ပျိုးထောင်ထားရန် လိုပါသည်။

    စိုက်ပျိုးမည့်စပါးမျိုးသည် မနောသုခ၊ ဆင်းသုခ−စသည့် သက်လတ်စပါးမျိုး တစ်မျိုးမျိုးဖြစ်သင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးမှာဖြစ်သည့်အတွက် သက်လျင်မျိုးထက်စာလျှင် သက်လတ်မျိုးက ပိုမိုသင့်​တော်သည်။ အကယ်၍ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရက်−၉၀−စသည့် သက်လျင်စပါးမျိုး တစ်မျိုးမျိုးကို စိုက်ပျိုးလိုပါက အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ကို အသုံးပြုသင့်ပါသည်။ 

    နှမ်းလျင်သီးနှံရိတ်သိမ်းပြီးလျှင်ပြီးချင်း အစိုတမန်းပြင်ရမှာဖြစ်သည့်အတွက် နှမ်းပင်အရိုး၊ အရွက်များပုပ်စပ်အောင် စနစ်တကျ ထွန်ရေးပြင်ရန်လိုသည်။ အားသာချက်မှာ စပါးခင်းအတွင်း  မိုးဦးရာသီက မည်သည့်သီးနှံမျှ စိုက်ပျိုးခြင်းမပြုရသေးသည့် စိုက်ခင်းနှင့်နှိုင်းစာလျှင် ပေါင်းမြက်ပေါက်ရောက်မှု ပိုမိုသက်သာစေမည် ဖြစ်ပါသည်။

နှမ်းလျင်−မြေပဲသီးနှံပုံစံ

    နှမ်းလျင်သီးနှံကို ယာမြေတွင် မိုးဦးရာသီ၌ စိုက်ပျိုးခြင်းဖြစ်သဖြင့် မိုးလယ်သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးရန် အချိန်ရနိုင်ပါသည်။ မိုးလယ်ရာသီစိုက် မြေပဲက မိုးဦးရာသီစိုက်မြေပဲထက် ပိုမိုအထွက်ကောင်းကြောင်း ကြားသိရသည်။ မြေပဲသီးနှံမှာ ရေမြေဒေသ ရာသီကွဲပြားသော အခြေအနေအမျိုးမျိုးမှာ စိုက်ပျိုးဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်သည်။

    နှမ်းလျင်ရိတ်သိမ်းအပြီး စိုက်ပျိုးမည့်မြေသည် သဲဆန်သော နုံးမြေ၊ နုံးဆန်သောသဲမြေဖြစ်ပါက မြေပဲသီးနှံ ပိုမိုဖြစ်ထွန်းသည်။ ရေမဝပ်သော ယာမြေဖြစ်ရန်လိုပါသည်။ 

    ပထမသီးနှံဖြစ်သော နှမ်းပင်အရိုးအရွက်အကြွင်းအကျန်များ ယာမြေတွင် ကျန်ရှိနေခြင်းမရှိအောင် ထွန်ယက်ပြုပြင်ရန်ဖြစ်သည်။ မဆွေးမြေ့သေးသော သီးနှံပင်အကြွင်းအကျန်များကြောင့် မြေဆောင်မှိုရောဂါများ မြေပဲသီးနှံတွင် မကျရောက်စေရန် ဖြစ်ပါသည်။

    ယာမြေပြင်ပေါ်တွင် စိုက်ပျိုးခြင်းထက် ပေါင်စနစ်ဖြင့် ပေါင်ကြားရေထုတ်မြောင်းများ ပါဝင်စေကာ စနစ်တကျစိုက်ပျိုးခြင်းဖြင့် မိုးကြီးရွာသွန်း၍ ရေဝပ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

    မိမိဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသော မြေပဲမျိုးတစ်မျိုးမျိုးကို ရွေးချယ်စိုက်ပျိုးစေလိုသည်။ စိုက်ပျိုးခြင်းမပြုမိ အပင်ပေါက်စမ်းခြင်း၊ ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရန်ဖြစ်ပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်