စိုက်ပျိုးသုတ ဧပြီလ

03/04/2025 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

၁။ မိုးဦးယာသီးနှံများစိုက်ပျိုးရန်ကြိုတင်ပြင်ဆင်ရေး

မိုးဦးအစ သင်္ကြန်မိုးရွာလျှင်ပင် သီးနှံစိုက်ပျိုးမှုစတင်နိုင်သည့်‌ဒေသများရှိသည်။ အများစုက မေလတွင်မှ မိုးရွာသည်။ မည်သို့ဖြစ်စေ မိမိစိုက်ပျိုးမည့် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူးစသည့် မိုးဦးယာသီးနှံများစိုက်ပျိုး‌ရေးအတွက် စတင်ပြင်ဆင်သင့်ပါသည်။

ထွန်ရေးပြင်ထားသင့်ပြီ။ နွားချေးစသည့် သဘာဝမြေသြဇာကို လယ်ယာတွင်ချထားသင့်သည်။ မျိုး၊ မြေသြဇာတွေ လက်ဝယ် အဆင်သင့် ရှိထားသင့်ပြီ။ ကိုယ့်မှာ မျိုးမရှိလျှင် ရှာဖွေသင့်ပြီ။ မျိုးသန့်တော့ ဖြစ်ဖို့လိုပါသည်။ 

စိုက်ပျိုးမည့် မိုးဦးယာသီးနှံမျိုးတွင် ရှိသင့်သည့်အရည်အချင်းများကို ပြောလိုသည်။ (၁)အသက်လျင်ရမည်။ (၂) အထွက်ကောင်းရမည်။ (၃) ခြောက်သွေ့မှုဒဏ်ခံနိုင်ရမည်။ (၄) အပင် ပေါက်ရာခိုင်နှုန်း(၈၀)အထက်ရှိသောမျိုးသန့်ဖြစ်ရမည်။ (၅) အပင်ပေါက်သန်စွမ်းကောင်းမွန်သော မျိုးဖြစ်ရမည်။ (၆) ရေမြေဒေသကိုက်ညီဖြစ်ထွန်းပြီး မိုးခေါင်ဒဏ်ခံမျိုး ဖြစ်ရမည်။ (၇) စျေးကွက် ရှိရပါမည်။

မိုးရေချိန် အနည်းဆုံးလက်မဝက် မရွာဘဲနှင့် စတင်စိုက်ပျိုးခြင်းမပြုဖို့ ပြောလိုသည်။ အပင် ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ

မြန်မာနိုင်ငံအောက်ပိုင်းဒေသ

သီးပွင့်ရင့်မှည့်သည့် နွေစပါးစိုက်ခင်းများ ရိတ်သိမ်းချွေသယ်ယူလုပ်ငန်းအဆင့်ဆင့်မှာ အလေအလွင့်နည်းပါးရေးကို ဂရုစိုက်ရန်လိုသည်။ ရိတ်သိမ်းချွေလှေ့စက်များ ကို အသုံးပြုခြင်းဖြင့် လေလွင့်မှုကို လျှော့ချနိုင်သော်လည်း အခြောက်ခံ၊ သိုလှောင်၊ ‌ရောင်းချစသည့် လုပ်ငန်းအဆင့်ဆင့်တွင် ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်စေလိုပါသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသ

စိုက်ပြီးကာစ၊ အချို့မှာတစ်လသား၊ အချို့မှာ တစ်လသားကျော် အပင်ဖြစ်ထွန်းချိန်သို့ ရောက်ရှိနေသော်လည်း စပါးခင်းအားလုံးသည် အပင်ပွားစည်းသည့်ကာလတွင်ပင် ဖြစ်သည်။ 

မိုးစပါးနှင့်နှိုင်းယှဉ်လျှင် နွေစပါးကအထွက်ပိုလေ့ရှိသည်။ အကြောင်းရှိပါသည်။ နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်ကနေရောင်ခြည်ကို အတားအဆီးမရှိ၊ အပြည့်အဝရယူနိုင်သည်။ အစိမ်းရောင်ရှိသောအပင်တို့၏သဘာဝမှာ နေရောင်ခြည်ကိုရယူပြီး အစာချက်လုပ်သည်။ အစာ ကောင်းစွာ ချက်လုပ်နိုင်ရေးအတွက် နွေစပါးတွင် အာဟာရပြည့်ဝစွာရှိနေရန် လိုအပ်သည်။

အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရပြည့်ဝနေရသည်။ ထို့ကြောင့် နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးပေးရန် လိုအပ်ပါသည်။

ဤကာလတွင် စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ကင်းစင်စေဖို့ အရေးကြီးသည်။ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့် ရေတို့ကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသည့် အပင်မျိုး ဖြစ်သည်။ 

အပင်ကောင်းရေးအတွက် ယူရီးယားကဲ့သို့နိုက်ထရိုဂျင်မြေသြဇာကို ကျွေးလိုက်သော်လည်း စပါးပင်သာမက ပေါင်းမြက်ပင်များကိုပါ ကြီးထွားဖွံ့ဖြိုးစေဖို့ဖြစ်သွားနိုင်သည်ကို သတိမူရပါမည်။ စပါးပင်များမှာ ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ကြုံလှီသေးကွေး အပင်ညံ့သွားတတ် သည်။ ထို့ကြောင့် မြေသြဇာမကျွေးမီ ပေါင်းမြက်ပင်များကို ဦးစွာနှိမ်နင်းရန် လိုပါသည်။

ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းခြင်းမပြုလျှင် မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့် သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင်ကြောင်း အသိပေးလိုခြင်း ဖြစ်ပါသည်။

၃။ နှစ်ဟောင်းအားနည်းချက်ကို နှစ်သစ်မှာပြင်ရေး

ဧပြီ(၁)ရက်တွင် စိုက်ပျိုးရေးနှစ်သစ်စတင်သည်။ နှစ်ဟောင်းက စိုက်ပျိုးနည်းစနစ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်သင့်သည်။ အားနည်းချက်များကို နှစ်ဟောင်းမှာ ထားခဲ့ပြီး နှစ်သစ်မှာ မှန်ကန်သောနည်းစနစ်များဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရန်လိုသည်။ 

ပန်းတိုင်အထွက်နှုန်းနှင့် မိမိသီးနှံအထွက်နှုန်းကွာဟချက်(Yield Gap)သည် အသုံးပြုသည့် မျိုး၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ အသုံးပြုသည့်မြေသြဇာနှင့် ထည့်သွင်းချိန်၊ ထည့်သွင်းနည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းစနစ်၊ ရေသွင်းရေထုတ်နည်းစနစ် စသည့်လုပ်ငန်းအားလုံး ချို့ယွင်းချက်၊ အားနည်းချက်ဆန်းစစ်သုံးသပ်ရမှာဖြစ်သည်။ နှစ်သစ်မှာ သီးနှံအထွက်တိုးရန် သေချာဖို့ အဲသည်အားနည်းချက်များကို ပြုပြင်သည့် စိုက်ပျိုးနည်းစနစ်များနှင့် ဆောင်ရွက်ပါလို့ တိုက်တွန်းနှိုးဆော်လိုပါသည်။

၄။ သီးနှံပုံစံချမှတ်ရေး

နှစ်သစ်မှာ မည်သည့်သီးနှံ၊ မည်သည့်သီးနှံပုံစံတွေဖြင့် စီးပွားရေးအကျိုးအမြတ်ရှိအောင်မည်သို့စိုက်ပျိုးမည်ကို နှစ်စဧပြီလမှာ သတ်မှတ်ဖို့ ဖြစ်သည်။ တစ်သီးစားခေတ်မဟုတ်တော့သဖြင့် သီးနှံတစ်မျိုးပြီးတစ်မျိုးစိုက်ပျိုးရေးကို ဆောင်ရွက်ရန်ဖြစ်သည်။ မိမိမှာရှိသည်က လယ်မြေနှင့် ယာမြေဆိုလျင် လယ်မြေမှာ သီးနှံပုံစံချမှတ်ရမည်။ ယာမြေမှာလည်း သီးနှံပုံစံ ချမှတ်ရမည်။  

သီးနှံပုံစံဖြင့် နှစ်သီး၊ သုံးသီးစိုက်ပျိုးရာတွင် တစ်သီးစိုက်ပျိုးသည်လောက်မှ အကျိုးအမြတ် မရလျင် အချိန်ကုန် ငွေကုန်သာအဖတ်တင် ကျန်ရစ်လို့ မဖြစ်ပါ။ သို့ဖြစ်၍ နှစ်သီးစားဖြစ်ပါက နှစ်သီးလုံးမှ အထွက်ရရှိရေး၊ သုံးသီးစားဖြစ်ပါက သုံးသီးစလုံးမှ အထွက်ရရှိရေး၊ တစ်သီးထက် အကျိုးအမြတ်ပိုမိုရေးကို ထည့်သွင်းစဉ်းစားချမှတ်ရန် ဖြစ်ပါသည်။

အရေးကြီးဆုံးပြောလိုသည်မှာ သီးနှံမျိုးရွေးချယ်မှုမှန်ကန်ပြီး မိုးဦး၊ မိုး၊ မိုးနှောင်း၊ ဆောင်း၊ နွေစသည့် စိုက်ပျိုးမည့်ရာသီအလိုက် စိုက်ချိန်ရိတ်ချိန်တို့ကို ကြိုတင်တွက်ဆပြီး သီးနှံပုံစံတစ်ခုလုံးမှ သီးနှံအထွက်ကောင်းကာ ဝင်ငွေအကျိုးအမြတ်ပိုမိုရရှိကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်