စိုက်ပျိုးသုတ ဧပြီလ

08/04/2026 15:55 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဧပြီလသည် နွေရာသီ၏ အပူဆုံးကာလဖြစ်သော်လည်း ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် စိုက်ပျိုးရေးနှစ်သစ်ကို စတင်သည်ဟု ဆိုနိုင်ပါသည်။ လက်ရှိတွင် နိုင်ငံ အထက်ပိုင်းဒေသများ၌ နွေစပါးပင်များ စိမ်းစိုရွှန်းလဲ့ကာ အပင်ပွားစည်း ကြီးထွားဖွံ့ဖြိုးဆဲ ကာလဖြစ်သည်။ မေလလယ်တွင် မုတ်သုံမိုးများ စတင်ရွာသွန်းနိုင်သဖြင့် မိုးဦးကျရန် စောင့်ဆိုင်းနေရသည့် အကူးအပြောင်းကာလလည်းဖြစ်သည်။ ဤလတွင် ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာပြုလုပ်ထားပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ရန် အခြေခံ ကောင်းများကို ရရှိမည်ဖြစ်ပါသည်။

ဧပြီလတွင် စိုက်ပျိုးထားရှိသည့် နွေစပါးသီးနှံအောင်မြင်ရေး၊ မိုးဦးကျလျှင် စတင်စိုက်ပျိုး မည့် ယာသီးနှံများအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တစ်နှစ်အတွင်း တစ်သီးပြီးတစ်သီး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးဆိုင်ရာများကို လျာထားစီမံနိုင်ရန် လယ်ယာသုတကို မျှဝေလိုပါသည်။

နွေစပါးသီးနှံအောင်မြင်ရေး

အဓိကအလေးထားရမည်မှာ လယ်မြေစိုက်ခင်းအတွင်း ရေအစိုဓာတ်မပြတ်စေရေး ဖြစ်သည်။ ဆည်နှင့် ရေရရှိနိုင်သည့်နေရာများတွင် ရေသွင်းစနစ်များ ကောင်းမွန်ရန်နှင့် ရေအလေအလွင့်မရှိစေရန် တူးမြောင်း၊ လယ်ကြားမြောင်းများကို အမြဲကောင်းမွန်အောင် ဆောင်ရွက်ထားရပါမည်။

စပါးခင်းတွင် ရေပြတ်လျှင် ပေါင်းမြက်များ ပေါက်ရောက်လာနိုင်သည်။ ပေါင်းမြက်ပင်များသည် နေရောင်ခြည်၊ အာဟာရနှင့် ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက် စားသုံးသည့်အပင်မျိုးဖြစ်သည်။ စပါးပင်သည် ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသဖြင့် ကြုံလှီသေးကွေး၍ အပင်ညံ့သွားတတ်ပါသည်။

စပါးပင်ကြီးထွားဖွံ့ဖြိုးရန် နိုက်ထရိုဂျင်မြေသြဇာကျွေးပါက ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်သည် စပါးသီးနှံအတွက်သာ ရည်ရွယ်သော်လည်း ပေါင်းမြက်ပင်များကိုပါ ကြီးထွားဖွံ့ဖြိုးစေနိုင်သည်။ ပေါင်းမြက်ကို ကောင်းစွာ မနှိမ်နင်းပါက မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့်သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင် ကြောင်း အသိပေးလိုပါသည်။

ယာသီးနှံများအတွက် ကြိုတင်ပြင်ဆင်ရေး

မိုးဦးကျချိန်တွင် စိုက်ပျိုးရန် ရည်ရွယ်ထားသည့် နှမ်း၊ မြေပဲ၊ ပြောင်းဖူး၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့်သီးနှံများအတွက် ပြင်ဆင်မှုများကိုလည်း ဧပြီလအတွင်း ဆောင်ရွက်ထားရမည်။ ထွန်စက်၊ ရေစုတ်စက်၊ လယ်ယာသုံးကိရိယာ၊ စက်ကိရိယာများကို အချိန်မီ လုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြုပြင်ထိန်းသိမ်းထားခြင်း သို့မဟုတ် ငှားရမ်းရရှိနိုင်သည့် နေရာများကို လေ့လာထားသင့်ပါသည်။

ပထမဆုံးမိုးကျချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရန် ထယ်ထိုး၊ ထွန်ယက်၊ မြေညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားသင့်သည်။ မြေဆီလွှာ အာဟာရဓာတ်ပြည့်ဝစေရန် သဘာဝ မြေသြဇာ (ဥပမာ- နွားချေး) ထည့်သွင်းထားသင့်ပါသည်။

ဒေသနှင့် ကိုက်ညီသော သီးနှံမျိုးများကိုလည်း လက်ဝယ်ရှိရန် ဆောင်ရွက်ထားရမည်။ ထိုမျိုးသည် မိုးခေါင်ခံမျိုး၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မျိုး၊ အထွက်နှုန်းကောင်းသောမျိုး၊ စျေးကွက်ရှိသောမျိုး ဖြစ်သင့်ပါသည်။

သီးနှံအလိုက် လိုအပ်သည့် ဓာတ်မြေသြဇာ (ဥပမာ- မြေပြင်ချိန် ထည့်သွင်းသင့်သည့် ဓာတ်မြေသြဇာ) ကိုလည်း ကြိုတင်ရှိထားသင့်ပါသည်။

ပိုးမွှားရောဂါဆေးများ၊ အာဟာရဆေးများကိုလည်း လိုအပ်ချိန်တွင် ဝယ်ယူရရှိနိုင်သည့် နေရာကို ကြိုတင်လေ့လာထားသင့်ပါသည်။

ဧပြီလအတွင်း မိုးရွာသွန်းလာမှုရှိပါက အခြေအနေကို သုံးသပ်ရန်လိုသည်။ အနည်းဆုံး မိုးရေချိန် လက်မဝက်ခန့် မရွာဘဲ စတင်မစိုက်ပျိုးရန် အကြံပြုလိုပါသည်။ အပင်မပေါက်လာခြင်း၊ အပင်ပေါက်ပြီး နေပူမိသဖြင့် သေသွားမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်ပါသည်။

တစ်သီးပြီးတစ်သီး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး

နှစ်သစ်တွင် မှန်ကန်သောနည်းစနစ်များဖြင့်သာ ဆောင်ရွက်ရန် နှစ်ဟောင်းက စိုက်ပျိုးနည်းစနစ်ဆိုင်ရာ အားနည်းချက်များကို ပြန်လည်ဆန်းစစ် သုံးသပ်ပြုပြင်ရမည်။ ယခင်နှစ်က မျှော်မှန်းအထွက်နှင့် အမှန်အထွက် ခြားနားချက်၏ အကြောင်းရင်းကို ရှာဖွေ သင့်ပါသည်။

နှစ်ဟောင်းတွင် လုပ်ဆောင်ခဲ့သမျှ ဖြစ်သည့် အသုံးပြုသည့်မျိုး၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ အသုံးပြုသည့်မြေသြဇာနှင့် ထည့်သွင်းချိန်၊ ထည့်သွင်းနည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းစနစ်၊ ရေသွင်းရေထုတ်နည်းစနစ် စသည့် လုပ်ငန်းအားလုံးကို ဆန်းစစ်သုံးသပ် ရမည်ဖြစ်ပါသည်။

နှစ်သစ်တွင် စိုက်ပျိုးမည့်သီးနှံများ အထွက်တိုးရန်အတွက် နှစ်ဟောင်းအားနည်းချက်များကို ပြုပြင်သည့် စိုက်ပျိုးနည်းစနစ်များကို ကြိုတင်လျာထားရမည်။ တစ်နည်းအားဖြင့် မိမိကိုယ်ပိုင် စီမံကိန်း ရေးဆွဲခြင်း ဖြစ်ပါသည်။

တစ်သီးစားစိုက်ပျိုးရေးနှင့် သီးနှံပုံစံဖြင့် နှစ်သီး၊ သုံးသီး စိုက်ပျိုးရေးတို့တွင် စဉ်းစား တွေးခေါ်ပုံသည် တစ်ခုနှင့်တစ်ခု မတူညီနိုင်သည်ကို သိထားသင့်ပါသည်။ တစ်သီးစား စိုက်ပျိုးရေးတွင် မျိုး၏သက်တမ်းအရှည်ကို ရွေးထားမိလျှင်သော်လည်း အထွက်ကောင်းရန်မှာ အဓိကဖြစ်သည်။ စိုက်ချိန်တွင်လည်း စိုက်ပျိုးမည့်သီးနှံအတွက် အကောင်းဆုံးအချိန်ကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။ သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးသဖြင့် ထိုတစ်သီးမှ အထွက်အမြင့်ဆုံးရရှိရေးကိုသာ စဉ်းစားဆောင်ရွက်ခြင်းဖြစ်ပါသည်။

နှစ်သီး၊ သုံးသီး စိုက်ပျိုးရေးတွင် တစ်သီးတည်းသာ အမြင့်ဆုံးအထွက်ရရှိပြီး ကျန်တစ်သီးက အထွက်အနည်းဆုံး ဖြစ်မနေသင့်ပါ။ ကုန်ကျစရိတ်မှာ နှစ်သီး၊ သုံးသီးစာ ကုန်ကျခံထားရသဖြင့် တစ်သီးစိုက်ပျိုးသည်လောက်မျှပင် အကျိုးအမြတ်မရလျှင် အချိန်ကုန်၊ ငွေကုန်ရုံသာ အဖတ်တင်ကျန်ရစ်မည်ဖြစ်သည်။ သို့ဖြစ်၍ နှစ်သီးစားဖြစ်ပါက နှစ်သီးလုံးမှ အထွက်ရရှိရေး၊ သုံးသီးစားဖြစ်ပါက သုံးသီးလုံးမှ အထွက်ရရှိရေး၊ တစ်သီးထက် အကျိုးအမြတ်ပိုမိုရရှိရေးတို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။

အရေးကြီးဆုံးအချက်မှာ သီးနှံမျိုးရွေးချယ်မှု မှန်ကန်ရေးဖြစ်သည်။ အဓိကအားဖြင့် အသက်လျင်မျိုးများဖြစ်ရန် လိုအပ်သည်။ အထွက်ကောင်းရမည်၊ စျေးကွက်ရှိရမည်။ နောက်တစ်ချက်မှာ စိုက်ချိန်များ မှန်ကန်ရေးဖြစ်သည်။ ယာမြေတွင် မိုးဦးသီးနှံကို မိုးဦးစိုက်ချိန် နောက်ကျလျှင်မဖြစ်ပါ။ မိုးနှောင်းသီးနှံကိုလည်း မိုးနှောင်းစိုက်ချိန် နောက်ကျလျှင်မဖြစ်ပါ။ အစိုဓာတ်မဆုတ်ယုတ်မီ အမြန်ဆုံးစိုက်ပျိုးရန် လိုအပ်ပါသည်။

လယ်မြေတွင်လည်း ထို့အတူပင်။ မိုးစပါးမတိုင်မီ ယာသီးနှံတစ်မျိုးမျိုးကို မိုးဦးတွင် စိုက်ပျိုးရာ၌ မိုးဦးစိုက်ချိန် နောက်မကျစေရန် လိုသည်။ မိုးစပါးကိုလည်း စိုက်ချိန်နောက်ကျလျှင် မဖြစ်ပါ။ မိုးစပါးအပြီး ယာသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးအောင်မြင်ရန်လည်း လိုအပ်ပါသည်။

ဆိုလိုသည်မှာ နှစ်အတွင်း သီးနှံပုံစံချမှတ် စိုက်ပျိုးမည့်သီးနှံအားလုံး၏ စိုက်ချိန်၊ ရိတ်သိမ်းချိန်တို့ကို ကြိုတင်တွက်ဆပြီး သီးနှံပုံစံတစ်ခုလုံးမှ သီးနှံအထွက်ကောင်း ရရှိကာ အကျိုးအမြတ်၊ ဝင်ငွေ ပိုမိုရရှိရန် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးသီးနှံ အထွက်နှုန်းကောင်းမွန်ခြင်း၊ မိုးဦးကျလျှင် ကျခြင်း စိုက်ပျိုးမည့်ယာသီးနှံများ ဖြစ်ထွန်းခြင်းနှင့်အတူ တစ်နှစ်တာအတွက် ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နှစ်အတွင်းစိုက်ပျိုးမည့် သီးထပ်သီးနှံပုံစံချမှတ် စိုက်ပျိုးရေးလုပ်ငန်းအားလုံး အောင်မြင်ကာ လယ်ယာစိုက်ပျိုးဝင်ငွေများ တိုးပွားကြပါစေ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်