စိုက်ပျိုးသုတ ဩဂုတ်လ

07/08/2025 10:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

သြဂုတ်လသည် မိုးဦးသီးနှံများအပျက်အစီးမရှိ ရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများစိုက်ပျိုးရေး၊ မိုးစပါးအောင်မြင်ရေးနှင့် ရေကြီးရေလွှမ်းမှုရှိပါက ပြန်လည်စိုက်ပျိုးရေးတို့အတွက် အရေးပါသောလ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုလအတွင်း ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

မိုးစပါးသီးနှံများအတွက်

(၁) စိုက်ချိန်နောက်မကျစေရေးကို အထူးသတိပြုပါ။ ဇူလိုင်လတွင် ပျိုးထောင်ပါက ပျိုးသက် (၃၀ ရက်)အတွင်း အမြန်ရွှေ့ပြောင်းစိုက်ပါ။

ပျိုးသက်ကြီးပါက (၆၀ ရက်ထက် မကျော်စေရ) ရွှေ့ပြောင်းစိုက်ပါ။ (အမြင့်ဆုံးအထွက် (Maximum Yield)ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက်(Accptable Yield)ကို တော့ ရနိုင်ပါသည်။)

(၂) စိုက်ခင်းပြုစု ဂရုစိုက်ရေး

ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တလျောက်လုံး တွင် အထူးဂရုစိုက်ရန်လိုသည်။ အကြောင်းမှာ ထိုကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက်(Panicles per unit area)များစေရေးအတွက် အရေးပါသောကာလ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍-

ပေါင်းမြက်ကင်းစင်အောင် ထိန်းသိမ်းပါ။

လယ်ကွက်တွင် ရေမပြတ်စေရန် ထားရှိပါ။

နိုက်ထရိုဂျင်ဓာတ်မြေသြဇာ မချို့တဲ့စေရန် ဖြည့်စွက်ပါ။

ပိုးမွှားရောဂါ စောင့်ကြည့်ကာကွယ်ပါ။

(၃) ကြိုတင်ပြင်ဆင်ရေး

ယခင်က အောက်ပိုင်းဒေသများသာ ရေလွှမ်းမိုးမှုဖြစ်ပေါ်သည်။ ယခုပြောလို့မရပါ။ အထက်ပိုင်းဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ်၊ မြောင်းငယ် များမှတစ်ဆင့် ရေကြီးရေလျှံကာ ထိခိုက်ပျက်စီးမှုများရှိနိုင်ပါသည်။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ထားသင့်ပါသည်။ သို့ဖြစ်ပါ၍-

ရေကြီးနိုင်သောဒေသများတွင် အရန်ပျိုးထောင်ထားပါ။

ရေလွှမ်းဒဏ်ခံနိုင်သော သက်တမ်းတိုအထွက်ကောင်းမျိုးတစ်မျိုးမျိုးရွေးချယ်ပါ။

မိုးလယ်ယာသီးနှံများ

သြဂုတ်လသည် မိုးလယ်ယာသီးနှံများဖြစ်သော မြေပဲ၊ ပဲတီစိမ်းနှင့် ချည်မျှင်ရှည်ဝါသီးနှံတို့ အတွက် စိုက်ချိန်မှန်ဖြစ်သည်။ သီးနှံအလိုက် အရေးကြီးသည့်လုပ်ငန်းများမှာ-

(၁) မြေပဲစိုက်ပျိုးခြင်း

ဒေသကိုက်ညီသော အပင်ပေါက် ၈၀% အထက်ရှိသည့် မိုးခေါင်ခံမျိုး (ဥပမာ-ဆင်းပဒေသာ-၆၊ ဆင်းပဒေသာ-၁၂၊ မကွေး-၁၁)တို့ကို ရွေးချယ်ပါ။

မြေတွင်းအောင်းပိုးကာကွယ်ရန် တစ်ဧကလျှင် ဖျူရာဒန်(၃ မှ ၆)ကီလိုနှုန်း စိုက်ကြောင်း အတွင်း ထည့်သွင်းစိုက်ပျိုးပါ။

မျိုးစေ့ကို မြေပဲသီးနှံဆိုင်ရာပဲမြစ်ဖုမြေသြဇာနှင့်လူးနယ်စိုက်ပျိုးပါ။

တစ်ဧကအပင်ဦးရေအနည်းဆုံးတစ်သိန်းခန့် ဝင်ဆန့်အောင်စိုက်ပျိုးပါ။

ရေဝပ်ပျက်စီးခြင်းမရှိစေရန် ဘောင်စနစ်ဖြင့် စိုက်ပျိုးပါ။

(၂) ပဲတီစိမ်းစိုက်ပျိုးခြင်း

ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အပင်ပေါက် ၈၅% အထက်ရှိသည့် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးပါ။

မျိုးစေ့ကို ပဲတီစိမ်းဆိုင်ရာပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်၍ စိုက်ပျိုးပါ။

မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးပိုးကို ကာကွယ်နှိမ်နင်းရန် ဖြူရာဒန် (၃ မှ ၆)ကီလိုနှုန်း စိုက်ကြောင်းတွင် ထည့်သွင်းစိုက်ပျိုးပါ။

စိုက်ပျိုးသည့်မြေနေရာတွင် ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်းမဖြစ်စေရန် ကြိုတင်စီမံထားပါ။

(၃) ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်း

ရေသွင်းရေထုတ်လွယ်ကူ၍ အစိုဓါတ်ကိုကောင်းစွာထိန်းနိုင်သော နုန်းမြေ၊ နုန်းစနယ်မြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးပါ။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်းပေါက်သောမြေရှောင်ပါ။ 

နွားချေး(သို့မဟုတ်)သဘာဝမြေသြဇာ(လှည်း ၁၀ စီး/ဧက) မြေခံထည့်ပါ။

စိုက်ပျိုးမည့် ချည်မျှင်ရှည်ဝါမျိုးသည် ဝါစေ့ ၁၀၀ လျှင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက် သည့် မျိုးကောင်းမျိုးသန့်ဝါမျိုးစေ့ကို အသုံးပြုပါ။

၀ါသီးနှံပင်နှင့် စိုက်ပျိုးမြေ၏ လိုအပ်ချက်နှင့်  ကိုက်ညီသည့် နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်စ်၊ ပိုတက်စီယံစသည့် အာဟာရဓာတ်သုံးမျိုး(သို့မဟုတ်) သုံးမျိုးမကပါဝင်သော ကွန်ပေါင်း ဓာတ်မြေသြဇာများကို မြေခံအဖြစ် ထည့်သွင်းပါ။ 

ဝါမျိုးစေ့ကို ပိုးမွှားရောဂါကြိုတင်ကာကွယ်လူးနယ်ဆေးများဖြင့်လူးနယ်၍ စိုက်ပျိုးပါ။ 

သြဂုတ်လတွင် မိုးစပါးစိုက်ချိန်နောက်မကျစေရေး၊ စိုက်ပြီးမိုးစပါးအပင်ပြုစုရေး၊ ရေကြီး ရေလွှမ်းမိုးမှုအတွက်ကြိုတင်ပြင်ဆင်ရေး၊ မိုးလယ်ယာသီးနှံများကို စိုက်ချိန်မှန်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုး အထွက်တိုးကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်