ဩဂုတ်လသည် မိုးလယ်ယာသီးနှံများ စိုက်ပျိုးရန်နှင့် မိုးစပါးသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရန်အတွက် အလွန်အရေးပါသော ကာလဖြစ်ပါသည်။ သီးနှံအလိုက် လိုအပ် သော ပြုစုဂရုစိုက်မှုများ၊ မြေသြဇာ အာဟာရ ကျွေးမွေးခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း နှင့် ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းခြင်းများကို အချိန်မီ စနစ်တကျဆောင်ရွက်ကြရန် စိုက်ပျိုးသုတ ပေးဝေမျှလိုပါသည်။
၁။ မိုးလယ်ယာသီးနှံများ စိုက်ပျိုးခြင်း
(က) ပဲတီစိမ်းသီးနှံ
မိုးရာသီအတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် စိုက်ပျိုးခြင်းမပြုရသေးသော ယာမြေများ သို့မဟုတ် ပထမသီးနှံ (ဥပမာ - နှမ်းလျင်) ရိတ်သိမ်းပြီးသော မြေများတွင် ဩဂုတ်လအတွင်း မိုးရေနှင့် မြေအစိုဓာတ် လုံလောက်စွာ ရရှိချိန်၌ ပဲတီစိမ်းကို စိုက်ပျိုး သင့်ပါသည်။
ပဲတီစိမ်းသည် ရေစီးရေလာကောင်းမွန်သော မြေအမျိုးအစားအများစုတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သို့သော် ရေဝပ်ခြင်းကို မခံနိုင်ပါ။ သဲနှုန်းမြေမှအစ မြေနက်စေးနှင့် မြေနီစေးအထိ မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး သီးသန့်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း သို့မဟုတ် သီးထပ်စိုက်ပျိုးခြင်းတို့ဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။
စိုက်ပျိုးရာတွင် အဝါရောင်မိုစိတ်ရောဂါကို ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ကောင်းသော မျိုးသန့်မျိုးစေ့များကို ရွေးချယ်အသုံးပြုသင့်ပါသည်။
အပင် အတန်းအကွာအဝေးကို တန်းကြား (၁) ပေ၊ ပင်ကြား (၄) လက်မ ထားရှိ စိုက်ပျိုးရန် ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးချိန်တွင် မျိုးစေ့များကို သက်ဆိုင်ရာ ပဲမြစ်ဖု မြေဩဇာနှင့် လူးနယ်၍ စိုက်ပျိုးပေးပါက အပင်ကြီးထွားဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်စေပြီး အထွက်နှုန်းလည်း တိုးတက်စေပါသည်။
(ခ) မိုးနှောင်း ချည်မျှင်ရှည်ဝါသီးနှံ
မိုးနှောင်း ချည်မျှင်ရှည်ဝါကို ဩဂုတ်လအတွင်း စိုက်ပျိုးခြင်းသည် စိုက်ချိန်မှန် ဖြစ်ပြီး၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဝါကို ကောက်သိမ်းနိုင်ပါသည်။
စိုက်ပျိုးရန်အတွက် နုန်းမြေ၊ နုန်းစနယ်မြေ၊ သဲနုန်းမြေများကို ရွေးချယ်သင့်သည်။ အပေါ်ယံမြေနှင့် အောက်ခံမြေအမျိုးအစား တူညီသင့်ပြီး၊ အောက်ခံရေပြင်သည် မြေမျက်နှာပြင်မှ အနည်းဆုံး (၃) ပေအောက် နက်ရှိုင်းသော မြေဖြစ်သင့်ပါသည်။
စိုက်ပျိုးမြေသည် မြေဆီဩဇာကြွယ်ဝ၍ အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းနိုင် ရမည်ဖြစ်သကဲ့သို့ ရေသွင်း၊ ရေထုတ်လုပ်ငန်းများကိုလည်း အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်သောမြေ ဖြစ်သင့်ပါသည်။
စိုက်ပျိုးရာတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တွဲဖက်အသုံးပြုခြင်း ဖြင့် အပင်ကြီးထွားဖွံ့ဖြိုးမှုကောင်းမွန်စေပြီး အထွက်နှုန်းကိုလည်း မြှင့်တင်နိုင်ပါသည်။
သတ်မှတ်အပင်ဦးရေ ပြည့်မီစေရန် စိုက်တန်းနှင့် စိုက်ကျင်းအကွာအဝေးကို မြေအခြေအနေပေါ်မူတည်၍ သတ်မှတ်စိုက်ပျိုးသင့်ပါသည်။ မြေကောင်းပါက (၃ × ၃) ပေ အကွာအဝေးဖြင့် တစ်ကျင်းလျှင် (၂) ပင်ချန်၍ စိုက်ပျိုးရန်၊ မြေသင့်တင့်ပါက (၂.၅ × ၂.၅) ပေ သို့မဟုတ် (၃ × ၂) ပေ အကွာအဝေးဖြင့် တစ်ကျင်းလျှင် (၂) ပင်ချန်၍ စိုက်ပျိုးရန် ဖြစ်ပါသည်။
ထို့ပြင် ရွက်စစ် (၃–၄) ရွက်ထွက်ချိန်၊ စိုက်ပျိုးပြီး (၁၈–၂၀) ရက်အတွင်း သားခွဲပေးရန် လိုအပ်ပါသည်။
(ဂ) မြေပဲသီးနှံ (စကမြေပဲ)
မိုးနည်း၍ မစိုက်ရသေးသော မြေများ သို့မဟုတ် ပထမသီးနှံ ရိတ်သိမ်းပြီး မြေများ တွင် ဩဂုတ်လ (၁၅) ရက်နေ့အတွင်း အပြီး စိုက်ပျိုးသင့်ပါသည်။
ဒေသနှင့် ကိုက်ညီပြီး အပင်ပေါက်ရာခိုင်နှုန်း (၈၀%) နှင့်အထက်ရှိသော မျိုးကောင်းမျိုးသန့်များကို အသုံးပြုပြီး တစ်ဧကလျှင် ရိတ်သိမ်းပင် အရေအတွက် (၁) သိန်း ပြည့်မီအောင် အစိုဓာတ်မိမိ စိုက်ပျိုးရန် ဖြစ်ပါသည်။
နုန်းမြေနှင့် သဲနုန်းမြေများသည် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပြီး၊ ရေစိမ့်စီး ဆင်းမှု ကောင်းမွန်သော မြေဖြစ်ရပါမည်။ ထွန်ယက်စဉ် သဘာဝမြေသြဇာနှင့် လိုအပ်သော မြေခံဓာတ်မြေသြဇာများကို ထည့်သွင်းပေးရန် ဖြစ်သည်။
အမြစ်ဖုများ ပိုမိုဖြစ်ပေါ်စေရန် မျိုးစေ့ကို "ပဲဖြစ်ဖုဇီဝမြေသြဇာ" နှင့် လူးနယ်၍ စိုက်ပျိုးသင့်ပါသည်။
စိုက်ချိန်တွင် အစိုဓာတ် များလွန်းပါက အမြစ်ပုပ်၊ ခါးရိနှင့် အစေ့ပုပ်ရောဂါများ ကျရောက်တတ်သဖြင့် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
(ဃ)နေကြာသီးနှံ
နေကြာကို မိုးသီးနှံများ ရိတ်သိမ်းပြီးနောက် သီးသန့်စိုက်ပျိုးခြင်း သို့မဟုတ် သီးညှပ်စိုက်ပျိုးခြင်းအဖြစ် ဩဂုတ်လအတွင်း စိုက်ပျိုးနိုင်ပါသည်။ မြေသားနက်ရှိုင်း၍ ရေစီးရေလာကောင်းမွန်သော နုန်းဆန်သဲမြေ (သို့မဟုတ်) သဲနုန်းမြေများတွင် အထူး ကောင်းမွန်စွာ ဖြစ်ထွန်းပါသည်။
စိုက်ပျိုးရာတွင် အပင်ပေါက်နှုန်း (၈၀–၉၀) ရာခိုင်နှုန်းရှိသော အရည်အသွေး ကောင်း မျိုးသန့်မျိုးစေ့ကို အသုံးပြုသင့်ပါသည်။ တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မ အကွာအဝေးဖြင့် စိုက်ပျိုးပြီး တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့မှ ၃ စေ့အထိ ထည့်စိုက်သင့် ပါသည်။
အပင်ကြီးထွားမှုကောင်းမွန်စေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို ထည့်သွင်းပေးရန် လိုအပ်ပါသည်။
အပင်သက်တမ်း (၁၅) ရက်အတွင်း အပြီးသားခွဲဆောင်ရွက်ပြီး တစ်ကျင်းလျှင် အပင်တစ်ပင်သာ ချန်ထားသင့်ပါသည်။

၂။ မိုးစပါးသီးနှံ ဂရုစိုက်ပြုစုခြင်း
(က)မျိုးပွားပိုင်းကာလ (ဇွန်လစိုက် မိုးစပါးများအတွက်)
ဇွန်လတွင် စိုက်ပျိုးခဲ့သော စပါးများသည် ဩဂုတ်လတွင် မှို့ကပ်ချိန်၊ ဖုံးလုံးချိန် စသည့် မျိုးပွားချိန်သို့ ရောက်ရှိမည် ဖြစ်ပါသည်။
ဤအချိန်တွင် စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို နှိမ်နင်းရန်နှင့် နိုက်ထရိုဂျင် အာဟာရ ရရှိရေးအတွက် ယူရီးယားဓာတ်မြေသြဇာ ကျွေးရန် ဖြစ်ပါသည်။
ဓာတ်မြေသြဇာ ကြဲပက်ချိန်တွင် စိုက်ခင်းအတွင်း ရေအနက် (၂) လက်မခန့်သာ ရှိရမည်ဖြစ်ပြီး ရေမပြတ်စေရန် ဂရုစိုက်ရမည်။ မိုးသည်းထန်စွာ ရွာသွန်းပါက လျှံရေနှင့် အတူ မြေသြဇာများ မျောပါမသွားစေရန် ဂရုပြုထိန်းသိမ်းရန် လိုပါသည်။
(ခ) ပင်ပိုင်းကြီးထွားကာလ (ဇူလိုင်လစိုက် မိုးစပါးများအတွက်)
အပင်ပွားနှုန်း ကောင်းမွန်စေရန် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာကို ကျွေးပေးရန် ဖြစ်သည်။ ယူရီးယားကို မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင် ရောစပ်၍ တစ်ညသိပ်နှပ်ထားပြီးမှ နောက်နေ့တွင် စပါးခင်းအတွင်း ညီညာစွာ ကြဲပက်ပေးသင့်ပါသည်။
ထို့အပြင် စိုက်ခင်းအတွင်း ဖျက်ပိုးနှင့် ရောဂါများ ကျရောက်မှု ရှိ/မရှိ အစဉ်တစိုက် ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ် နှိမ်နင်းရန် လိုပါသည်။
(ဂ)ပျိုးအပိုထောင်ထားရေး
ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိင်သည့်လယ်မြေများအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ လုပ်ထားသင့်သည်။ လိုအပ်ပါကပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ရန် စပါးမျိုး အရန်ထားရှိခြင်း၊ ကုန်းမြင့်မြေလွတ် ရေလွှမ်းမှုမဖြစ်ပေါ်နိုင်သည့်နေရာတွင် ပျိုးအပိုထောင်ထားခြင်းတို့ ဖြစ်ပါသည်။
အရံထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့် ပါ။ အထွက်ကောင်းမျိုးဆိုလျင်လည်း သက်တမ်းတို အထွက်ကောင်းသောမျိုး ဖြစ်သင့်ပါသည်။
ယခင်က အောက်ပိုင်းဒေသများသာ ရေလွှမ်းမိုးမှုဖြစ်ပေါ်သည်။ ယခုပြောလို့မရပါ။ အထက်ပိုင်းဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ်၊ မြောင်းငယ် များမှတစ်ဆင့် ရေကြီးရေလျှံကာ ထိခိုက်ပျက်စီးမှုများရှိနိုင်သည်ကို သတိမူ သင့်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။