စိုက်ပျိုးသုတ ဖေဖော်ဝါရီလ

01/02/2024 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

မိုးကြိုစပါး၊ မိုးကြိုယာသီးနှံများနှင့်ပတ်သက်၍ နှိုးဆော်လိုသည်များကို ဖော်ပြလိုပါသည်။

ရာသီဥတုမှာ ဖေဖော်၀ါရီလတွင် အအေးစတင်လျော့တော့သည်။ မိုးကြိုစပါးနှင့် မိုးကြိုယာသီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးကြိုရာသီစိုက် ယာသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့် သီးနှံများ ပါဝင်ပါသည်။ 

မိုးရာသီချိန်မဟုတ်သဖြင့် မိုးကိုမျှော်ကိုးလို့မရပါ။ မိုးကြိုစပါးနှင့် မိုးကြိုယာသီးနှံများ စိုက်ပျိုးအောင်မြင်ရန် လိုအပ်သောရေအစိုဓာတ်အတွက် သွင်းရေကိုသာ အားကိုးရမည်။ သို့ဖြစ်၍ ဆည်ရေ၊ မြစ်/ချောင်းရေစသည့် သေချာသည့်နေရာတွင် သီးနှံများကို စိုက်ပျိုးရန် ဖြစ်ပါသည်။ 

နွေစပါး(ခေါ်) မိုးကြိုစပါးစိုက်ပျိုးခြင်း

ဖေဖော်ဝါရီလမှာ နွေစပါးစတင်စိုက်ပျိုးပါလို့ ပြောလိုပါသည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်း ဖြစ်သည်။ မတ်လနှင့် ဧပြီလတို့တွင်မှ စတင်စိုက်ပျိုးပါက ရိတ်သိမ်းချိန်စောင့်ဆိုင်းရသဖြင့် လာမည့်နှစ် မိုးစပါး စိုက်ချိန်ကို နောက်ကျစေနိုင်ပါသည်။ 

မိုးစပါးစိုက်ချိန်ကို နောက်ကျပြီး သြဂုတ်၊ စက်တင်ဘာမှ စိုက်ရပါက မိုးစပါးတွင် ပုံမှန်အထွက်ကို မရရှိနိုင်တော့ပါ။ မိုးစပါးအပြီး မတ်ပဲ၊ ကုလားပဲ သီးနှံတို့၏ စိုက်ချိန်တို့ကိုလည်း နောက်ကျစေသည်။ ထို့ကြောင့် အဆိုပါသီးနှံများ၏ ပုံမှန်အထွက် ရရှိနိုင်မှုကိုလည်း အဟန့်အတားဖြစ်စေသည်။ သို့ဖြစ်၍ နွေစပါးစိုက်ချိန်နောက်မကျစေရေး အသိပေးရခြင်း ဖြစ်ပါသည်။

နွေစပါးကို သွင်းရေဖြင့်စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကိုချွေတာရာရောက်သည်။

တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းစေပါသည်။ 

အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့် ခြောက်တစ်ခါ ရေသွင်းစနစ်(Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ခြင်းဖြင့်လည်း သွင်းရေကို ချွေတာနိုင်ပါသည်။ 

နွေစပါးသည် လုပ်သားလိုအပ်မှုနည်းသည်။ ထို့ပြင် အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်ပါသည်။

တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်၍ ပေါင်းမြက်ထူပြောနိုင်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစားကာ  ထွန်ရေးတမန်းကောင်းအောင်ပြုပြင်ခြင်းဖြင့် ပေါင်းမြက် ပေါက်ရောက်မှု လျော့နည်းအောင် ဆောင်ရွက်ရန် လိုပါသည်။

နှမ်းလျင်သီးနှံ

နှမ်းလျင်သီးနှံကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ နှမ်းလျင်သီးနှံသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံတစ်မျိုးဖြစ်ပါသည်။ 

မိုးကြိုနှမ်းလျင်သီးနှံ ပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်သည်။ မိုးကြိုနှမ်းလျှင် - မိုးစပါး - ဆောင်းပဲမျိုးစုံ/နေကြာ/ ပြောင်းဖူး စသည့် ဒေသအလိုက် ကြိုက်နှစ်သက်ရာသီးနှံပုံစံကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

ပဲတီစိမ်းသီးနှံ

ပဲတီစိမ်းသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်လာသည်။ သွင်းရေ အစိုဓာတ်ဖြင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ 

ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင် သည့်သီးနှံတစ်မျိုးဖြစ်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံ တစ်မျိုး မျိုးကို စိုက်ပျိုးနိုင်သည်။ မိုးကြိုပဲတီစိမ်း - မိုးစပါး -နေကြာ/ ပဲမျိုးစုံစသည့် ဒေသအလိုက် ကြိုက်နှစ်သက်ရာ သီးနှံပုံစံကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

ချည်မျှင်ရှည်ဝါသီးနှံ

မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်း ပြီးစီးနိုင်သည်မှာ ဇူလိုင်လ ဖြစ်သည်။ ဇူလိုင်လဆိုလျင်လည်း မိုးစပါးအတွက် စိုက်ချိန် မှန်ဖြစ်သည်။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ - မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အခြားယာသီးနှံများ

ဖေဖော်ဝါရီလတွင်စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ နေကြာ၊ ငရုတ်စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေ အပြည့်အဝ မပေးနိုင်သည့်ဒေသများတွင်  ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။ 

စပါးသီးနှံနှင့် နှိုင်းယှဉ်လျှင် ယာသီးနှံသည် ရေလိုအပ်မှုနည်းသည်။ မည်သည့် ယာသီးနှံကို စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန် ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးနိုင်ရန် မိုးကြိုယာသီးနှံ တစ်မျိုးမျိုးကို ချိန်ဆ စိုက်ပျိုးစေလိုပါသည်။

ဖေဖော်ဝါရီလသိမှတ်စရာများကို သွင်းရေရရှိသည့် ဒေသများအတွက် အနှစ်ချုပ်ဖော်ပြရလျှင်  

  • နွေစပါးကို စိုက်ပျိုးလိုပါက ဖေဖော်ဝါရီလတွင် စတင် စိုက်ပျိုးပါ။ သက်တမ်းတို စပါးမျိုးကို အသုံးပြုပါ။
  • စပါးစိုက်ပျိုးရန် လုံလောက်သည့်သွင်းရေ မရရှိနိုင်ပါက မိုးကြိုယာသီးနှံတစ်မျိုးမျိုးကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးပါ။ သက်တမ်းတို မိုးကြိုယာသီးနှံမျိုးကို အသုံးပြုပါ။ 
  • လာမည့်နှစ် မိုးစပါးကို စိုက်ချိန်မှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်