ဇန်နဝါရီလသည် ဆောင်းတွင်းကာလ ပြာသိုလ်၊ တပိုတွဲလများဖြစ်သဖြင့် အပူချိန်နိမ့် ကာ အေးမြသည်။ ပုံမှန်အားဖြင့် ရွာသွန်းသည့်မိုးရေကို မျှော်လင့်နိုင်သည့်အခြေအနေ နည်းပါး သည်။ ဤသို့သော ရာသီဥတုအခြေအနေတွင် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ရှိနေပါမည်။ အထူးသဖြင့် နိုင်ငံအောက်ပိုင်းဒေသများ၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံအဝှန်း စိုက်ပျိုးထားသည့် ဆောင်းသီးနှံများအတွက် အပင်ကြီးထွားဖွံ့ဖြိုးရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ရှိနေမည်ဖြစ်ပါသည်။
နွေစပါးနှင့် ဆောင်းသီးနှံ(အထူးသဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ)တို့သည် အရေးပါသည့် သီးနှံများ ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီလအတွင်း ပြုစုစောင့်ရှောက်ရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်သင့်သည်များကို နှိုးဆော်အသိပေးလိုပါသည်။
နွေစပါးသီးနှံ
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးကို မုတ်သုန်မဝင်မီ ရိတ်သိမ်းချွေလှေ့ပြီး ဖြစ်ဖို့လိုသည်။ သို့ဖြစ်၍ ယခုလအတွင်း အပြီးစိုက်ပျိုးသင့်သည်။ စိုက်ချိန်နောက်မကျမှ ထိုအချိန် မတိုင်မီ ရိတ်သိမ်းနိုင်မှာ ဖြစ်သည်။ လေလွင့်ဆုံးရှုံးမှု မဖြစ်ဘဲ စပါးအထွက်နှုန်း ကောင်းစေဖို့ ဖြစ်ပါသည်။
တိုက်ရိုက်မျိုးစေ့ချကြဲပက်စိုက်ပျိုးလျှင် ပေါင်းမြက်ကို အထူးဂရုပြုရမှာ ဖြစ်သည်။ အေးမြသောရာသီဥတုအခြေအနေတွင် ပေါင်းမြက်ပင်များ၏ ကြီးထွားနှုန်း မမြန်သော်လည်း စပါးပင်နှင့် ရေ၊ အာဟာရများ ယှဉ်ပြိုင်လုယူနိုင်သောကြောင့် စပါးပင်ငယ်စဥ်ကပင် ပေါင်းမြက်ကို အစောဆုံး နှိမ်နင်းရန် လိုအပ်ပါသည်။
ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုအနေဖြင့် စိုက်ခင်းတမန်းကောင်းအောင်ပြုပြင်ရန်သာမက ပေါင်းသတ်ဆေး သုံးစွဲသင့်သည်။ ပေါင်းပင်မပေါက်မီပက်ဖျန်းရသည့်ဆေး(Pre-emergence Herbicide)(သို့မဟုတ်) ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသည့်ဆေး (Post-emergence Herbicides )တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့် သည့်အချိန် မှန်ကန်ဖို့လိုပါသည်။
စိုက်ပျိုးပြီး နွေစပါးဖြစ်ပါက အပင်ကြီးထွားမှုစတင်သည့်ကာလတွင် ဖြစ်မည်။ လယ်မြေ ခြောက်သွေ့မှု မဖြစ်စေဘဲ ရေအစိုဓာတ်မပြတ်စေရန် လိုအပ်ပါက ရေပေးသွင်းသင့်သည်။ စိုက်ပျိုးရေကိုချွေတာနိုင်၊ ကုန်ကျစရိတ်သက်သာ၊ ရေပေးသွင်းရမည့်အကြိမ်နှင့် စုစုပေါင်း သွင်းရေပမာဏကိုလည်း လျော့ချနိုင်သည့် ရေစိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းစနစ် (Alternate Wetting and Drying-AWD)ကို အသုံးပြုဆောင်ရွက်သင့်ပါသည်။
နွေစပါးအပင် နှစ်ပတ်သားကျော်လျင် စပါးစေ့ရှိအစေ့တွင်းစာကုန်သည်။ အာဟာရဓာတ် စတင် လိုအပ်ပြီ။ နိုက်ထရိုဂျင်မြေသြဇာကျွေးရန် လိုအပ်သည်။ ယူရီးယားဓာတ်မြေဩဇာကို သုံးစွဲပါက ဇန်နဝါရီလ၏ အေးမြသောအခြေအနေကြောင့် စပါးပင်၏ ဓာတ်မြေဩဇာ စုပ်ယူနိုင် စွမ်း လျော့နည်းနိုင်သဖြင့် အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ရှားသင့်သည်။ ပိုမိုထိရောက် စေရန် တစ်ကြိမ်တည်းမသုံးဘဲ အကြိမ်ခွဲ၍ ကျွေးပေးသင့်ပါသည်။
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးစပါးရိတ်သိမ်းဆဲဖြစ်ပြီး အချို့မှာ မတ်ပဲ၊ ကုလားပဲ၊ နေကြာ-စသည့် ဆောင်းသီးနှံများ စိုက်ထားဆဲ ဖြစ်သကဲ့သို့ ရာသီဥတုကလည်း အေးလွန်းသေး သည်။ သို့ဖြစ်၍ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးဘဲ ဖေဖော်ဝါရီလထိ စောင့်ဆိုင်းစေလိုပါသည်။
ပဲမျိုးစုံသီးနှံများ
ဇန်နဝါရီလတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲစသည့် ပဲမျိုးစုံများသည် အပင်ကြီးထွားခြင်း၊ ပန်းပွင့်ခြင်းနှင့် အသီးဖြစ်ထွန်းခြင်းစသည့်အဆင့်များသို့ ရောက်ရှိနေမည်ဖြစ်ပါသည်။ ဤအဆင့် များတွင် စိုက်ခင်းစောင့်ရှောက်မှု မပြည့်စုံပါက အထွက်နှုန်းကို သိသိသာသာ လျော့နည်းစေနိုင် ပါသည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးသည် စိုက်ပျိုးထားသည့် ပဲမျိုးစုံသီးနှံများအတွက် အရေးကြီးသည်။ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးရွက်ထွေးပိုး၊ ယင်ဖြူ၊ ပျပိုး၊ လှေးပိုး၊ ရွက်စုံစားခူဝါ၊ ငမြှောင်တောင်-စသည့် ပိုးအမျိုးမျိုးကျရောက်နိုင်သည်။ ပိုးမွှားရောဂါကြောင့် သီးနှံအထွက် လျော့နည်း ဆုံးရှုံးမှုမဖြစ်စေရေး မျက်ချေမပြတ်စစ်ဆေးနေဖို့ လိုပါသည်။
ကာကွယ်နှိမ်နင်းရာတွင် ပိုးသတ်ဆေးကိုချည့်အားမကိုးဘဲ ဘက်စုံသီးနှံကာကွယ်နှိမ်နင်း ရေးနည်းစနစ်(Integrated Pest Management)ဖြင့် ဆောင်ရွက်သင့်ပါသည်။
အပင်ပေါ်၌ ဥအစုလိုက် တွေ့ပါက ဖျက်ဆီးပစ်ရန် ဖြစ်သည်။ စိုက်ခင်းပတ်ဝန်းကျင်နှင့် အတွင်းတွင် ပဲမျိုးရင်ဝင်အခြားအပင်များနှင့် ပေါင်းမြက်ပင်များရှိပါက ရှင်းလင်းရန် လိုသည်။ ပဲမျိုးစုံအပင်အစိတ်အပိုင်းများတွင် ပိုးချည်နှင့် လုံးထွေးနေမှုများ ရှိပါက ခူးယူဖျက်ဆီးပစ်ရန် လိုသည်။ သီးတောင့်များတွင် အပေါက်များတွေ့ရှိပါက ဆွတ်ယူ ဖယ်ရှားပစ်ရန် လိုပါသည်။
တမာပိုးသတ်ဆေး/ ဆေးရွက်ကြီးဖျော်ရည်စသည်တို့နှင့် နှိမ်နင်းနိုင်သည်။ လိုအပ်မှသာ သင့်တော်သော ထိသေ၊ စားသေ ပိုးသတ်ဆေးများအား ဆေးညွှန်းအတိုင်း ဖျန်းပက် နှိမ်နင်းရန် ဖြစ်ပါသည်။

ဆီထွက်သီးနှံများ
ဇန်နဝါရီလတွင် နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများသည် သီးနှံအထွက်နှုန်းကို အဆုံးဖြတ်ပေးသည့် ကြီးထွားမှုအဆင့်များကို ဖြတ်သန်းလျက်ရှိနေသည့်ကာလဖြစ်သဖြင့် စိုက်ခင်းစောင့်ရှောက်မှုကို စနစ်တကျ လုပ်ဆောင်ရန် အထူးလိုအပ်ပါသည်။
နေကြာသီးနှံအစေ့အရည်အသွေးနှင့် ဆီထွက်နှုန်းကို တိုက်ရိုက်ဆုံးဖြတ်ပေးသည့် အဖူးဝင်ချိန်နှင့် ပန်းပွင့်ချိန်ဖြစ်၍ မြေအစိုဓာတ်ရှိနေရန် လိုသည်။ ထို့အပြင် ပိုးမွှား၊ ရောဂါ ကျရောက်မှုကို ပုံမှန်စစ်ဆေးပြီး သင့်လျော်သောနည်းလမ်းများဖြင့် ကာကွယ်ထိန်းချုပ်ရန် လိုအပ်ပါသည်။
မြေပဲသီးနှံပန်းပွင့်ချိန်နှင့် စွယ်ချချိန်ဖြစ်သဖြင့် အတောင့်အစေ့ဖြစ်ပေါ်မှုပြည့်စုံရန်၊ မြေအစိုဓာတ်ရှိရေးနှင့် ပိုးမွှားအဖျက်အဆီးကင်းစင်ရေး အထူးဂရုစိုက်ရန် လိုပါသည်။
နှမ်းသီးနှံတွင် အပွင့်စပွင့်ချိန်နှင့် အပွင့်တိတ်စအချိန်တွင် ရေလိုအပ်မှုရှိမရှိစစ်ဆေးပြီး လိုအပ်ပါက ရေပေးသွင်းရန် ဖြစ်သည်။ သို့သော် ရေကို လွန်ကဲစွာပေးခြင်းကို ရှောင်ရှားသင့် သည်။ ရေများလွန်ပါက အမြစ်ပုပ်ရောဂါ လွယ်ကူစွာ ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် အာဟာရ လုံလောက်စေရန် လိုအပ်သောမြေဩဇာကျွေးပေးရန် ဖြစ်သည်။ ပိုးမွှားအဖျက်အဆီးမရှိစေရန် စောင့်ကြည့်ပြီး ထိန်းချုပ်ရန် ဖြစ်ပါသည်။
ဇန်နဝါရီလသည် နွေစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားရေးအတွက် လိုအပ်သည့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကိုမြှင့်တင်နိုင်ကာ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်