ဒေသတစ်နေရာနှင့်တစ်နေရာ စိုက်ချိန်မတူညီလေတော့ နွေစပါးမစိုက်ပျိုးရသေးသည့် ဒေသများနှင့် စိုက်ပြီးသည့်နွေစပါးစိုက်ခင်းများအတွက် နှိုးဆော်လိုပါသည်။ ဆည်ရေ၊ သွင်းရေကိုသာ အားကိုးစိုက်ပျိုးရသည့် မိုးကြိုယာသီးနှံများဖြစ်သော နှမ်းလျင်နှင့် ချည်မျှင်ရှည်ဝါ၊ ထို့နောက် မြေတွင်းအစိုဓာတ်ကို အဓိက အားကိုးစိုက်ပျိုးသည့် ကြံသီးနှံတို့နှင့် ပတ်သက်လို့လည်း စိုက်ပျိုးသုတပေးဝေမျှလိုပါသည်။
စိုက်မည့်နွေစပါးသီးနှံများ
မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများတွင် အသုံးပြုမည့်စပါးမျိုးသည် ဒေသ၊ ရေမြေနှင့် ကိုက်ညီသည့်မျိုးဖြစ်ရမည်။ သက်လျင်မျိုးဖြစ်သင့်သည်။ သက်လတ်မျိုးကို စိုက်ပျိုးခြင်းမပြုသင့်ပါ။
စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းသည် အကြောင်းရင်းတစ်ချက် ဖြစ်သည်။ ဖုံးတုံးလုံးတုံးအချိန်၊ အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့် ကာလနှင့် မတိုက်ဆိုင်ရန် မိမိဒေသအလိုက် စိုက်ရက်ကို ချိန်ဆဖို့ လိုသည်။ ထိုအချိန်မတိုင်မီ အနှံထွက်၊ ပန်းပွင့်ပြီး ဖြစ်သင့်ပါသည်။
မြေသြဇာကျွေးပေးခြင်းသည် သီးနှံတိုင်းအတွက် အထွက်တိုးရန် ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်သည်။ စပါးမစိုက်မီလယ်မြေတွင် နွားချေးမြေဆွေး ထည့်ပေးသင့်သည်။ ကွန်ပေါင်းဓာတ်မြေသြဇာ(သို့မဟုတ်) ထောက်ခံထားသည့် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ ပိုတက်စသည့် မြေသြဇာများကို စနစ်တကျမြေခံထည့်ခြင်း၊ အပင်ပေါက်ပြီး နှစ်ပတ်အတွင်း ထည့်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
စိုက်ပြီးနွေစပါးသီးနှံ
မတ်လမတိုင်မီက စိုက်ခဲ့ပြီး အပင်ဖြစ်ထွန်းနေသော နွေစပါးခင်းများတွင် ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်သဖြင့် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန် ဖြစ်သည်။ စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ စပါးခင်း အတွင်း ရှိမနေမှသာ မျှော်မှန်းအထွက်ကို ရနိုင်မည် ဖြစ်ပါသည်။
စပါးပင်သက် တစ်လကျော်သည့် စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးကြားပေါင်းလိုက် ကိရိယာကို သုံးသင့်ပါသည်။
မြေခံဓာတ်မြေသြဇာများ ထည့်သွင်း ပြီးရုံဖြင့်မလုံလောက်ပါ။ အပင်ပေါ်မှ ပက်ဖျန်းရမည့် နိုက်ထရိုဂျင်မြေသြဇာကို အပင်ပွားစည်းချိန်ကာလအတွင်း ကျွေးပေးဖို့လိုသည်။ သို့မှသာ အပင်ပွားအားကောင်းစေမည်။ အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက်ကောင်းနိုင် ပါမည်။
စိုက်မည့်မိုးကြိုနှမ်းလျင်သီးနှံ
ရေသွင်းစိုက်မည့်နှမ်းလျင်သီးနှံအတွက် ရေသွင်းရာတွင် စိုက်မည့်လယ်ကွက်ထဲ နေရာ အနှံ့ရောက်ဖို့အရေးကြီးသည်။ စပါးရိုးပြတ်လယ်မြေမှာ စတင်ရေသွင်းပြီး ချက်ချင်း ထယ်ရေးပြင် လို့ မရပါ။ နေလှမ်းထားရသေးသည်။
ဘယ်နှစ်ရက်ကြာမှ ထယ်ရေးပြင်ရမှာလဲ?
အဲဒါအရေးကြီးသည်။ လယ်မြေ၏မြေဆီလွှာ အမျိုးအစား၊ နေ့အပူချိန်၊ လေတိုက်နှုန်းစသည်တို့အပေါ်မူတည်ပြီး လယ်သမားအတွေ့အကြုံ အရ ထယ်ရေးစတင်ရမှာဖြစ်သည်။ ရေသွင်းနှမ်းမှာ ထယ်ရေးပြုပြင်မှုကို အထူးဂရုစိုက် ချိန်ဆ လုပ်ကိုင်ရန်လိုပါသည်။
အနေတော်အခြေအနေရောက်မှ ထယ်ရေးကောင်းအောင် ပြုပြင်ရန်လိုသည်။ ထွန်ရေး မကောင်းလို့မဖြစ်ပါ။ လိုအပ်သည့်အချိန် ရေသွင်းရလွယ်ကူစေရန် ထွန်ရေးမြေမျက်နှာပြင် မညီညာလို့ မဖြစ်ပါ။ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးပါက ရေသွင်းရေထုတ်လွယ်ကူစေနိုင် ပါသည်။
ရေသွင်းနှမ်းအတွက် နှမ်းမှုန်းတာ၊ သားခွဲတာ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် နှမ်းစေ့ သေးသေးများကို ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဗူးနဲ့ မျိုးစေ့ချတာပဲဖြစ်ဖြစ်၊ ဘယ်လိုစိုက်စိုက် မြေပေါ်ကျသည့်မျိုးစေ့တွေကတော့ စုလို့ပုံလို့ ဖြစ်နိုင်သည်။ ဒါ့ကြောင့် စုပုံ အပင်ပေါက်သည့် နေရာတွေများလာနိုင်သည်။ တစ်ပင်နှင့်တစ်ပင် ထပ်လို့၊ ညပ်လို့၊ ကုန်းလို့၊ ကွလို့ ရုံးကန်လုယက် ထနေနိုင်ပါသည်။
သို့ဖြစ်၍ သားခွဲရန် လိုအပ်သည်။ တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့်မှုန်းနိုင်သည်။ လက်နှင့် သားခွဲလျှင် သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နှုတ်ပယ်ပစ်ရမည်။ အတန်းလိုက် စိုက်လျှင်တော့ တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်တာတွေ နှုတ်ပစ်ရန်ဖြစ်သည်။ ကြဲပက်စိုက်ခင်းမှာတော့ ထွန်ဖြင့်တစ်စပ်(သို့မဟုတ်) နှစ်စပ်လို့သာ ပြောနိုင်ပါသည်။
သားခွဲရမည့်အချိန်သည်လည်း အရေးကြီးသည်။ နောက်ကျလျှင် အပင်လှီမည်။ ကြီးထွား သန်စွမ်းမှုနှေးပြီး အသီးနည်းမည်။ နှမ်းပင်အရွက်ထွက်မှုအရပြောရလျှင် မူမှန်အရွက် ၆ ရွက် ထွက်ချိန်တွင် သားခွဲရန်ဖြစ်သည်။ အပင်သက်တမ်းအရပြောရလျှင်မူ အပင်နှစ်ပတ်သားခန့်တွင် သားခွဲရန် ဖြစ်ပါသည်။
နှမ်းပင်ဘယ်လောက် ကျန်အောင်သားခွဲရမည်လဲ?
ချန်သင့်သည့်အပင်နှင့်ပတ်သက်၍ နှမ်းသုတေသနပညာရှင်များ၏ ထောက်ခံချက်ကိုပြောလိုသည်။ တစ်ဧကတွင် ရိတ်သိမ်းအပင် တစ်သိန်းရှိပြီး တစ်ပင်တွင် အောင်သီး သုံးဆယ်သီးပါက တစ်ဧကမှ အထွက်တင်းနှစ်ဆယ်ရရှိ နိုင်သည်ဟုသိရသည်။ မှုန်းပြီး ကျန်ရှိသင့်သည့် အပင်ကို မှန်းဆနိုင်ဖို့ အသိပေးရခြင်းဖြစ်ပါ သည်။
စိုက်မည့်မိုးကြိုချည်မျှင်ရှည်၀ါသီးနှံ
မိုးကြိုချည်မျှင်ရှည်ဝါသီးနှံကို လယ်မြေတွင် စပါးအပြီးစိုက်ပါက ထယ်ရေးပြုပြင်မှုကို အလေးထားရန်လိုသည်။ စပါးထယ်ရေးထက် အနည်းဆုံး တစ်လက်မ ပို၍ နက်အောင် ထယ်ထိုးသင့်သည်။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေးအောက်ခြေမာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင်အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာ ကို ခွဲပေးလိုက်သည့် သဘော ဖြစ်ပါသည်။
ထယ်ရေးပြုပြင်ပြီးသည်နှင့် အမြန်စိုက်သင့်သည်။ စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ မတ်လလယ်အတွင်းအပြီး စိုက်သင့်ပါသည်။
ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်လို့ ယေဘုယျ ပြောလိုသည်။ သို့သော် အပင်ပေါက်စမ်းရပါမည်။ မစိုက်မီ ၁၅ ရက်အလိုက ဆောင်ရွက်သင့်သည်။ ဝါစေ့ ၁၀၀ လျှင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုးဖြစ်ရပါမည်။ မျိုးညံ့ကို စိုက်ပျိုးမိပါက အပင်ပေါက်မစုံဘဲ ကျင်းလပ်များဖြစ်ပေါ်ကာ ဝါထွက်လျော့နည်းနိုင် ပါသည်။
ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်သည်။ ကြိုတင်ကာကွယ်သည့် အနေဖြင့် မျိုးစေ့ကိုသင့်တော်ရာလူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။
စိုက်ပြီးကြံသီးနှံ
နိုဝင်ဘာ၊ ဒီဇင်ဘာတွင် စိုက်ပျိုးခဲ့သည့် ကြံသီးနှံစိုက်ခင်းများတွင် ကြံပင်သက်တမ်း ရက် ၉၀၊ ရက် ၁၀၀ ရှိနေလောက်ပြီ။ နွေရာသီကာလကို ဖြတ်သန်းရတော့မည်။ မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်း စိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစားဖွဲ့စည်းပုံအရ မြေအစိုဓာတ် လိုအပ်မှုတွေ ရှိလာနိုင်သည်ကို သတိမူသင့်ပါသည်။ ကြံသီးနှံပညာရှင်များ၏ထောက်ခံချက်အရ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်းတွင် မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းသင့်သည်။ ရေပေးသွင်းစဉ် နိုက်ထရိုဂျင်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်သည်။ ကြံခင်းအတွင်း ရေဝပ်မနေစေဖို့တော့ ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများထားပေးရပါမည်။ ကြံပင် သက်တမ်းရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံးပေးနိုင်ပါသည်။
ကြံပင်သည်အပင်မြင့်သောအမျိုးအစားဖြစ်သော်လည်း ပထမပိုင်းကာလတွင်ပေါင်းမြက် ပင်များ ရှိမနေဖို့ သတိပြုရပါမည်။ လိုအပ်သလို ပေါင်းမြက်နှိမ်နင်းရပါမည်။ ပေါင်းမြက်နှိမ်နင်း ခြင်းလုပ်ငန်းအား မျိုးပိုင်းချပြီး ၄ လသားအတွင်း ကင်းစင်အောင်ဆောင်ရွက်သင့်ပါသည်။
နွေစပါး၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံအားလုံးသည် အပူချိန်ပြင်းသည့် နွေရာသီ ကာလကို ကြံ့ကြံ့ခံဖြတ်သန်းနိုင်ရန်အတွက် မြေအစိုဓာတ်ကောင်းနေစေရေး၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါအဖျက်အဆီးကင်းစေရေးတို့ကို လိုအပ်သလိုဆောင်ရွက်ခြင်းဖြင့် သီးနှံထုတ်လုပ်မှု မြင့်မားကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
