မုတ်သုန်မိုးလာသည်နှင့် စိုက်ပျိုးရေးနှစ်သစ်၏ ပထမသီးနှံကို စတင်စိုက်ပျိုးကြမည်။ နှစ်သစ်မှာ တောင်သူလယ်သမားများနှင့် စိုက်ပျိုးသူအားလုံး သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားပြီး ဝင်ငွေအကျိုး အမြတ်ပိုမိုရရှိစေလိုပါသည်။
သီးနှံမျိုးစုံကို မိုး၊ ဆောင်းနှင့် နွေရာသီတို့တွင် စိုက်ပျိုးသည်။ ဒေသစုံတွင် စိုက်ပျိုးသည်။ ရေမြေအခြေအနေကွဲပြားမှုအမျိုးမျိုးတွင် စိုက်ပျိုးလျက်ရှိပါသည်။
မည်သည့်ရာသီ၊ မည်သည့်ဒေသ၊ မည်သည့်ရေမြေတွင်စိုက်ပျိုးသည်ဖြစ်စေ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးလိုက်သည့်သီးနှံ ဖြစ်ထွန်းဖို့လိုသည်။ အထွက်ကောင်းဖို့ လိုပါသည်။
သို့ဖြစ်၍ စိုက်ပျိုးရေးနှစ်သစ်တွင် ပထမဦးဆုံးစိုက်ပျိုးမည့်သီးနှံမှစ၍ နှစ်အတွင်း ဆက်လက်စိုက်ပျိုးမည့် နှစ်သီး၊ သုံးသီး သီးနှံအားလုံးအောင်မြင်ဖြစ်ထွန်း၊ အထွက်ကောင်းရေး အတွက် ကြိုတင်သိရှိသင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှလိုပါသည်။
ဒေသ၊ ရာသီ
ဒေသအလိုက်၊ ရာသီအလိုက် ပိုမိုသင့်တော်သည့်သီးနှံဆိုတာရှိသည်။ ရာသီမရွေး၊ နေရာမရွေး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း ဖြစ်ထွန်းမှုကွာခြားပါသည်။
မိုးရာသီတွင် သီးနှံအများစု စိုက်ပျိုးဖြစ်ထွန်းသည်။ ပဲစင်းငုံသီးနှံကို မိုးရာသီတွင်သာ စိုက်ပျိုးသည်။ မတ်ပဲ၊ ကုလားပဲစသည့် ပဲမျိုးစုံသီးနှံအချို့သည် ဆောင်းရာသီတွင်သာ ဖြစ်ထွန်းသည်။ စပါး၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်းသီးနှံတို့သည် မိုးကြိုရာသီတွင်လည်း စိုက်ပျိုးဖြစ်ထွန်းပါသည်။
ဒေသအလိုက်၊ ရာသီအကြိုက် သီးနှံကိုစိုက်ပျိုးမှသာ ကြီးထွားဖွံ့ဖြိုးမှုကောင်းမွန်ပြီး မြင့်မားသောအထွက်နှုန်းကို ရနိုင်မည် ဖြစ်ပါသည်။
သီးနှံအထွက်တိုးရန်အတွက် လိုအပ်သည့်အချက်အလက်များသည်
စိုက်ပျိုးမြေ
စပါးသီးနှံသည် မြေစေးမြေတွင် ဖြစ်ထွန်းပြီး ယာသီးနှံအများစုသည် နုံးမြေ၊ သဲနုံးမြေ တို့တွင် ဖြစ်ထွန်းသည်။ ချည်မျှင်ရှည်ဝါသီးနှံကမူ မြေစေးဆန်သောနုံးမြေတွင် ဖြစ်ထွန်းသည်။ နေကြာသီးနှံက မြေစေးကဲ့သို့ မြေတွင်းအစိုဓာတ်ထိန်းမှုကောင်းမွန်သောမြေတွင် ဖြစ်ထွန်းပါ သည်။
အပင်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့် သြဂဲနစ်ပစ္စည်းပါဝင်မှုရှိကာ အလွယ်တကူရေထုတ်နိုင်သောမြေတွင် ယာသီးနှံများ ပိုမိုဖြစ်ထွန်းသည်။ စပါးအပါအဝင် သီးနှံအားလုံး တူညီသောအချက်မှာ မြေဆီသြဇာထက်သန်သောမြေတွင် ဖြစ်ထွန်းခြင်းပင် ဖြစ်ပါသည်။
မိုးရွာသွန်းမှု
မိုးနည်းခြင်း၊ များခြင်းသည် ရာသီဥတုသဘာဝဖြစ်သော်လည်း မိုးလေဝသအခြေအနေ ပေါ်မူတည်ပြီး ကျော်လွှားရေးကြိုးစားရန်လိုသည်။ မိုးများလျင် ရေကြီးရေလွှမ်းနိုင်သည်။ သီးနှံပျက်စီးနိုင်သည်။ မိုးခေါင်လျင် သီးနှံအထွက်နှုန်းကို လျော့နည်းစေနိုင်ပါသည်။
ယာသီးနှံများသည် စပါးသီးနှံကဲ့သို့မဟုတ်ပါ။ အပင်ခြေရေဝပ်လျှင် သီးနှံအထွက် လျော့နည်းနိုင်သည်။ ပျက်စီးနိုင်သည်။ သို့ဖြစ်၍ မိုးခေါင်ခံမျိုးကို ရွေးချယ်စိုက်ပျိုးဖို့လိုပါသည်။
မိုးခေါင်ကာလကြာမြင့်လျင် ကြားထွန်ဝင်ခြင်း၊ အပင်အတန်းကြား၌ သစ်ရွက်များ၊ အမှိုက်များဖုံးအုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည်။
မိုးများသည့်ဒေသများတွင် ယာသီးနှံစိုက်ခင်းများ၌ ရေထုတ်မြောင်းများကြိုတင်တူးထားသင့်သည်။ ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
အထွက်ကောင်းမျိုး
မည်သည့်သီးနှံကိုစိုက်စိုက် အထွက်ကောင်းမျိုးကို သုံးစွဲသင့်သည်။ ပင်ကိုယ်အထွက် ကောင်းသောမျိုးကိုစိုက်မှသာ အထွက်ကောင်းနိုင်သည်။ အထွက်ကောင်းမျိုးတွင် သက်လျင် မျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
သက်လျင်မျိုးကိုစိုက်ပျိုးခြင်းဖြင့် တစ်နှစ်အတွင်း တစ်သီးမက စိုက်ပျိုးနိုင်သဖြင့် သီးနှံစိုက်စွမ်းအားမြင့်မားစေပြီး ဝင်ငွေအကျိုးအမြတ်ပိုမို ရရှိစေမည်ဖြစ်ပါသည်။
မျိုးသန့်မျိုးစေ့
မည်သည့်သီးနှံကိုစိုက်ပျိုးသည်ဖြစ်စေ မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်လိုအပ်သည်။ အပင်ပေါက်နိုင်မှုက အနည်းဆုံး ၈၀ ရာခိုင်နှုန်းတော့ ရှိသင့်သည်။ ပိုးမွှားရောဂါ၊ အနာအဆာ ကင်းသင့်သည်။ အောင်မြင်ပြည့်ဖြိုးသောမျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
မျိုးစေ့ထုတ်စိုက်ပျိုးခြင်းဖြစ်ပါက မျိုးသန့်မျိုးပွားမျိုးစေ့(Registered Seed)ကို အသုံးပြု ရန် ဖြစ်သည်။ စားသုံးရန်(သို့မဟုတ်) ရောင်းချရန်စိုက်ပျိုးလျင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ကို အသုံးပြုရန် ဖြစ်ပါသည်။
မြေတွင်းအစိုဓာတ်
အထူးသဖြင့် ယာသီးနှံများစိုက်ပျိုးရာတွင် မြေတွင်းအစိုဓာတ်သည် အရေးကြီးသည်။ မျိုးစေ့မြေကျချိန်တွင် မြေတွင်းအစိုဓာတ် (၇၀) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းခန့် ရှိရန် လိုအပ်သည်။ မိုးရာသီတွင် ယာသီးနှံများစိုက်သည့်အခါ မြေတွင်းအစိုဓာတ် (၇၀) ရာခိုင်နှုန်း ထက်နည်းပါက မိုးရွာသွန်းမှုကို စောင့်ဆိုင်းသင့်ပါသည်။
မိုးရာသီတွင်ဖြစ်စေ ဆောင်းရာသီတွင်ဖြစ်စေ မြေတွင်း အစိုဓာတ် (၅၀) ရာခိုင်နှုန်းခန့်တွင် စိုက်ပါက မျိုးစေ့မည်မျှပင်ကောင်းပါစေ အပင်ပေါက် ညံ့ဖျင်းတတ်ပါသည်။
အပင်ဦးရေ
သီးနှံတိုင်းအတွက် အထွက်နှုန်းကောင်းဖို့ဆိုလျင် အပင်ဦးရေပြည့်မီဖို့ လိုသည်။ ပြောင်းဖူး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစသည့် ယာသီးနှံအများစုသည် မျိုးစေ့ပမာဏ လုံလုံ လောက်လောက်ဖြင့် စိုက်ပျိုးသော်လည်း အပင်ပေါက်ရာခိုင်နှုန်း(၈၀)ထက်နည်းသောမျိုးကို စိုက်ပျိုးမိခြင်း၊ စိုက်ပျိုးချိန်မြေအစိုဓာတ်နည်းပါးခြင်း၊ မျိုးစေ့ချသည့်အတိမ်အနက်မမှန်ခြင်း- စသည့် အကြောင်းကြောင်းကြောင့် အပင်ဦးရေပြည့်မီမှုမရှိသည်ကို တွေ့မြင်နိုင်သည်။ အပင်ဦးရေ ပြည့်မီမှသာ မျှော်မှန်းသည့်အထွက်ကို ရရှိနိုင်မည် ဖြစ်ပါသည်။
စပါးသီးနှံတွင်လည်း ကောက်ကွက်အပင်ဦးရေပြည့်မီအောင် စိုက်ပျိုးရန်လိုသည်။ အပင်ပွားထွက်ရာတွင် ကောက်ကွက်ကျဲက အပင်ပို ပွားနိုင်၍ စပါးအထွက်ကိုထိခိုက်နိုင်ခြင်း မရှိဟု ယူဆ၍မရနိုင်ပါ။ ရေနေရေထိုင်ကြောင့် ကောက်ပင်အသေအပျောက်ရှိပါက လိုအပ် သည်ထက်အပင်ဦးရေလျော့နည်းမသွားအောင် ကောက်ပင်ဖာဖို့တော့ လိုပါသည်။
တိုက်ရိုက်မျိုးစေ့ချစပါးခင်းများတွင်လည်း အပင်ပေါက်ကြဲသည့်ကွက်လပ်များတွင် အပင် ပေါက်ထူသည့်နေရာမှ စပါးပင်ရယူပြီး အပင်ဖာသည့်လုပ်ငန်းဆောင်ရွက်ရန် လိုပါသည်။
စိုက်ခင်းမြေပြုပြင်မှု
သီးနှံစိုက်ပျိုးရန်မြေပြုပြင်မှုသည် အဓိကအားဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထောက်အကူပြုစေရန် ဖြစ်သည်။ သို့သော် ယာသီးနှံများတွင် မျိုးစေ့များ အပင်ပေါက် ကောင်းပြီး ကြီးထွားသန်မာဖြစ်ထွန်းရေးနှင့် မြေတွင်းအစိုဓာတ်ကို သီးနှံပင်သက်တမ်း တလျောက် ထိန်းထားနိုင်ရေးလည်း ဖြစ်သည်။ ထွန်ရေးကောင်းပြီး သီးနှံအလိုက် ထွန်ရေး အတိမ်အနက် သင့်တင့်ကာ မှုန့်ညက်ရန်လည်း လိုပါသည်။
စပါးသီးနှံစိုက်ပျိုးရာတွင် တမန်းညက်ဖို့အရေးကြီးသည်။ ထိုမျှမက “လယ်မှာ အပုပ်” ဆိုစကားနှင့်အညီ ပုပ်စပ်အောင် တမန်းပြုပြင်ရန် ဖြစ်သည်။ တမန်းပုပ်တယ်ဆိုတာ စိုက်ခင်း အတွင်းရှိပေါင်းပင်မြက်ပင်ရှိရှိသမျှအပင်အားလုံးသည် ပုပ်ဆွေးကာ တမန်းနှင့် ရောသမသွား ခြင်းမျိုးကို ဆိုလိုသည်။ သို့မှသာ စပါးပင်အတွက် အာဟာရဓာတ်များရရှိစေရေးကို အထောက် အကူပြုစေမည် ဖြစ်ပါသည်။
မြေသြဇာ
စိုက်ပျိုးသည့်သီးနှံပင်အတွက် အာဟာရလိုအပ်မှုသည် လယ်ယာမြေတွင်ရှိရင်းစွဲဖြင့် လုံလောက်မှုမရှိပါ။ မြေသြဇာကျွေးပေးရန်လိုသည်။ မြေသြဇာဆိုရာတွင် သဘာဝမြေသြဇာ ရော၊ ဓာတ်မြေသြဇာပါ နှစ်မျိုးစလုံးကို မလွဲမသွေထည့်ပေးရန်လိုသည်။ သီးနှံအမျိုးအစား အလိုက် နိုက်ထရိုဂျင်၊ ဖော့စ်ဖါးရပ်စ်နှင့် ပိုတက်စိယမ်တို့ကို လုံလောက်အောင် ထည့်ပေးရန် လိုအပ်ပါသည်။
သီးနှံမစိုက်ပျိုးမီ စိုက်ပျိုးမြေတွင် ရှိပြီးဖြစ်သည့် အာဟာရကို မြေဆီစစ်ဆေးကာ လိုအပ်သည့်အာဟာရပါဝင်သောမြေသြဇာကို ကျွေးပေးသင့်သည်။ ကျွေးပေးသင့်သည့် ပမာဏ မှန်ရန်လိုသည်။ ကျွေးသင့်သည့်အချိန်လည်း မှန်ရန် လိုပါသည်။
ပိုးမွှားရောဂါနှင့်ပေါင်းမြက်
ကြိုတင်ကာကွယ်ရန်လိုသည်။ ယာသီးနှံများတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန် မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးရတာတွေရှိသည်။ ပေါင်းမြက်ဆိုလျင်လည်း ပေါင်းမြက်ပင်များ မပေါက်မီ ကြိုတင်ပက်ဖျန်းရတာရှိသည်။ ရာသီအလိုက် ဒေသအလိုက် သီးနှံအလိုက် ကျရောက် ဖျက်ဆီးနိုင်မှုကို ကြိုတင်သိရှိဆောင်ရွက်ရန် ဖြစ်ပါသည်။
ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုစိုက်ပျိုးတာကတော့ အကောင်းဆုံး ဖြစ်သည်။ ကျရောက်ပါက နှိမ်နင်းခြင်းဆိုသည့် တိုက်ရိုက်ဆောင်ရွက်သည့်နည်းလမ်းထက် ကျရောက်မှုနည်းပါးအောင်ဆောင်ရွက်သည့် သွယ်ဝိုက်၍ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ သတိမူဆောင်ရွက်ရန်များသည် ရာသီအလိုက်၊ သီးနှံအလိုက်၊ ဒေသအလိုက်၊ အချက်အလက်များစွာရှိနိုင်သည်ဖြစ်ရာ မိမိရှိရင်းစွဲ အတွေ့အကြုံ နှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကောင်းပြီး အကျိုးအမြတ်ဝင်ငွေ တိုးတက်ရရှိကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
