စိုက်ပျိုးသုတ အောက်တိုဘာလ

09/10/2025 11:19 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

အောက်တိုဘာလသည် လယ်မြေ၊ ယာမြေနှင့် ကိုင်းကျွန်းမြေတို့၌  ပဲမျိုးစုံသီးနှံများ နှင့် ဆီထွက်သီးနှံများကို စတင်စိုက်ပျိုးနိုင်သည့်လ ဖြစ်သည်။ လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး၊ ယာမြေမှာ မိုးသီးနှံများ ရိတ်သိမ်းအပြီး စိုက်ပျိုးခြင်းတို့ဖြင့် သီးနှံစိုက်စွမ်းအားမြင့်မားရေးကို ဆောင်ရွက်ရန် အရေးကြီးသည့်လ ဖြစ်ပါသည်။ 

၁။ မိုးစပါးသီးနှံ

သာမန်စိုက်ခင်းများ

စပါးခင်းနှစ်မျိုးရှိပါမည်။ (၁)မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase)ကို ရောက်ရှိသည့်စပါးခင်းနှင့် (၂)ရင့်မှည့်သည့်ကာလ(Ripening Phase)သို့ ရောက်ရှိသည့် စပါးခင်းတို့ ဖြစ်ပါသည်။

မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် စပါးတစ်နှံတွင်ပါဝင်သော အစေ့အရေ အတွက် (Grains per panicle)အတွက် အရေးကြီးသည်။ 

ရင့်မှည့်သည့်ကာလဖြစ်နေမည့် စိုက်ခင်းများသည် အောင်မြင်ရင့်မှည့်သည့်စပါးစေ့ရာခိုင်နှန်း (filled grains percent)နှင့် အစေ့(၁၀၀၀)အလေးချိန်(1000 grains weight) တို့အတွက် အရေးကြီးသည်။ တစ်ဧကစပါးအထွက်မြင့်မားရေးအတွက် အထူးဂရုစိုက်ရမည့် အချိန်ကာလများ ဖြစ်ပါသည်။

မျိုးပွားပိုင်းကြီးထွားသည့်ကာလစပါးခင်းများတွင် ရေအစိုဓာတ်မပြတ်စေရေးနှင့် နိုက်ထရိုဂျင်အာဟာရလိုအပ်မှုမရှိစေရေးတို့ကို အထူးဂရုစိုက်ရန် ဖြစ်ပါသည်။

ရင့်မှည့်သည့်ကာလတွင်ရှိသည့် ရိတ်သိမ်းချိန်ရောက်သည့်စပါးခင်းများကို အလေအလွင့်နည်းပါးစေရေးအတွက် စပါးအနှံများရှိစပါးစေ့များ၏ ၈ဝ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင် ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းပြီးလျှင်ပြီးချင်း အမြန်ချွေလှေ့ရန် ဖြစ်ပါသည်။

မျိုးစေ့ထုတ်စပါးစိုက်ခင်းများ

စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ်စိုက်ခင်း၊ ကိုယ့်အား ကိုယ်ကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ထုတ် စိုက်ခင်း (Seed Production Field)များတွင် မျိုးကွဲများ တစ်နှံမျှမကျန်ရှိအောင် နှုတ်ပယ်ရန် အရေးကြီးသည်။  

ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်ဖြစ်ပါက မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြားခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံများတို့ကို ကုန်စင် အောင် အကြိမ်ကြိမ်နှုတ်ပယ်ရန် ဖြစ်ပါသည်။

၂။ ယာသီးနှံများ

နေကြာသီးနှံ

မိုးစပါးရိတ်သိမ်းအပြီး မြေအစိုဓာတ်လုံလောက်စွာရှိသည့် လယ်မြေများတွင် ဆောင်းနေကြာကို စတင်စိုက်ပျိုးရန် ဖြစ်သည်။ ထယ်ရေးနက်နက် ထွန်ရေးညက်ညက် မြေပြုပြင်ပြီး တစ်ဧကတွင် အပင်ဦးရေ (၂၉,၀၀၀) ရရှိအောင် တန်းကြား(၂) ပေ ၊ ပင်ကြား(၉ လက်မ)ထားကာ၊ တစ်ကျင်းလျှင် မျိုးစေ့(၂ စေ့)နှုန်း၊ မျိုးစေ့ကို(၁.၅ လက်မ) မှ (၂ လက်မ)အနက်မှာ စိုက်ပျိုးရန် ဖြစ်ပါသည်။

အသုံးပြုသင့်သည့်မျိုးမှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသည့် ရေဆင်းစပ်မျိုးနေကြာ−၁ (သို့မဟုတ်) ဆင်းရွှေကြာ-၂ မျိုး ဖြစ်ပါသည်။

အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျင် တစ်ပင်ချန်၍ အပြီး သားခွဲရန် ဖြစ်ပါသည်။ 

ပဲတီစိမ်းသီးနှံ

မိုးနှောင်းပဲတီစိမ်းကို စတင်စိုက်ပျိုးရန် ဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်သည့် မျိုးများကို  အသုံးပြုရန် ဖြစ်သည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသော ပဲတီစိမ်းရေဆင်း-၁၁၊ ပဲတီစိမ်းရေဆင်း-၁၄၊ ပဲတီစိမ်းရေဆင်း-၁၅၊ ပဲတီစိမ်းရေဆင်း-၁၆ တို့ကို ရွေးချယ်နိုင်ပါသည်။

စိုက်ပျိုးသည့်အခါ တစ်တန်းနဲ့တစ်တန်း ၁ ပေခွဲ ထားပြီး အတန်းအတွင်းမှာ တစ်ပင်နဲ့တစ်ပင် ၄ လက်မမှ ၆ လက်မ ထားရှိ စိုက်ပျိုးသင့်ပါသည်။

အပင်ပေါက်ပြီး ၇ ရက်သားခန့်မှာ အပင်သားခွဲရန် လိုပါသည်။

မြေပဲသီးနှံ

မိုးနှောင်းမြေပဲကို စတင်စိုက်ပျိုးရန် ဖြစ်သည်။  နုံးမြေနှင့်သဲနုံးမြေတို့သည် မြေပဲစိုက်ပျိုးရန် အသင့်တော်ဆုံးမြေအမျိုးအစားများ ဖြစ်သည်။ 

တန်းကြား၊  ပင်ကြား (၁၅" x ၄") နှင့် တစ်ဧကအပင်ဦးရေ တစ်သိန်းခန့်ဝင်ဆန့်အောင် စိုက်ပျိုးရန် ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသော ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၆၊ ဆင်းပဒေသာ-၁၂၊ မကွေး-၁၁) မြေပဲမျိုးများကို ရွေးချယ် စိုက်ပျိုးနိုင်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

မိုးလယ်ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများတွင် ဝါပင်သက်တမ်း(၂)လအတွင်း ကြားထွန်ဝင်ခြင်းကို (၁၅)ရက်တစ်ကြိမ်လုပ်ရန် လိုသည်။ ထို့ပြင် ရေသွင်းပြီးချိန်နှင့် မိုးကြီးရွာသွန်းပြီးချိန် တို့တွင်လည်း ကြားထွန်ဝင်ရန် ဖြစ်ပါသည်။ 

အထူးဂရုပြုစေလိုသည်မှာ နေကြာ၊ ပဲတီစိမ်း၊ မြေပဲ၊ ချည်မျှင်ရှည်ဝါစသည့် ယာသီးနှံစိုက်ခင်းများ ရေဝပ်မပျက်စီးစေရေး ဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သော တိုင်ဖွန်းမုန်တိုင်းများမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် မိုးအဆက်မပြတ်ရွာခြင်း၊ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဖြစ်ရာ စိုက်ခင်းများတွင် ရေထုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်